လူထု အမှန်တကယ် လိုအပ်သည့် ပြည်သူ့ရေးရာ မူဝါဒများကို အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ အရပ်ဘက် အဖွဲ့အစည်းများ အကြံပြု တင်ပြမည်

လူထု အမှန်တကယ် လိုအပ်သည့် ပြည်သူ့ရေးရာ မူဝါဒများကို အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ အရပ်ဘက် အဖွဲ့အစည်းများ အကြံပြု တင်ပြမည်
Published 31 January 2016
ဇာလီမြင့်ဦး

လူထုအတွက် အမှန်တကယ် လိုအပ်သည့် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ မူဘောင်များကို အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ အကြံပြု တင်ပြရန် အရပ်ဘက် အဖွဲ့အစည်းများက မူဘောင်များရေးဆွဲ ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။၂၀၁၅ ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် မြန်မာပြည်သူ့ဖိုရမ် ၂၀၁၅ ၌ အရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်မှ တက်ရောက်လာသော အရပ်ဘက်ဆိုင်ရာ ပညာရှင်များ ကျွမ်းကျင်သူများနှင့် လက်တွေ့နယ်ပယ်တွင် လုပ်ကိုင်နေသော အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို အခြေခံ၍ နိုင်ငံတကာ အတွေ့အကြုံရှိ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြည်သူ့ရေးရာ မူဝါဒ ကျွမ်းကျင်သူများက ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ မူဘောင်များအဖြစ် ရေးဆွဲကာ မတ် ၃၁ ရက်တွင် အာဏာလွှဲပြောင်းရယူမည့် ဒီမိုကရေစီစနစ်ဖြင့် ပြည်သူများက ရွေးကောက်ထားသည့် အစိုးရသစ်အဖွဲ့နှင့် လွှတ်တော်သစ်များထံ တင်ပြသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့မှ ဒါရိုက်တာ ဦးကျော်လင်းဦးက “ဒီဇင်ဘာ ၁၅၊ ၁၆ မှာ လုပ်ခဲ့တဲ့ မြန်မာပြည်သူ့ဖိုရမ် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေ ရှိတယ်။ အဲဒီ အကြောင်းအရာတွေကို ကျွန်တော်တို့က စုစည်းထားပြီး ပြည်သူ့ရေးရာ ကျွမ်းကျင်တဲ့သူတွေနဲ့ အခုလာမယ့် အပတ်တွေထဲမှာ အစည်းအဝေးတွေ လုပ်ဖို့ရှိပါတယ်။ ဆိုတော့ ပြည်သူ့ရေးရာ ကျွမ်းကျင်သူများနဲ့ အဲဒီ ဆွေးနွေးချက်တွေပေါ်မှာ အခြေတည်ပြီးတော့မှ မူဝါဒ၊ မူဘောင်တစ်ရပ်ကို ကျွန်တော်တို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ခေါင်းစဉ်အလိုက် ရေးဆွဲမယ်။ ပြီးတော့ အဲဒီ မူဝါဒမူကြမ်းတွေကို လာမယ့် မတ် ၃၁ ရက် နောက်ပိုင်းမှာ အစိုးရသစ် တက်လာတဲ့အခါ အဓိကကတော့ ကျွန်တော်တို့က အစိုးရသစ်ကိုပေးမှာ ဖြစ်တဲ့အတွက် အစိုးရသစ် တက်လာတဲ့အချိန်၊ အာဏာလွှဲပြောင်းပြီးတဲ့ အချိန်ကျမှ အစိုးရနဲ့ လွှတ်တော်နှစ်ရပ်စလုံးကို ကျွန်တော်တို့ မူကြမ်းတွေ တစ်ပြိုင်နက်တည်း ပေးပို့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ထို့ပြင် အဆိုပါ ပြည်သူ့ရေးရာ မူဝါဒများတွင် ငြိမ်းချမ်းရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတ ခွဲဝေရေး၊ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများနှင့် လူငယ်ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းအကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေကို စည်းဝေးတိုင်ပင်ဖို့၊ အဲဒါကို မူတစ်ရပ် အနေနဲ့ အစိုးရသစ်က ချမှတ်ထားဖို့၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆိုရင် လယ်သမားတွေရဲ့ မြေယာကိစ္စတွေကို ဖြေရှင်းပေးဖို့၊ ဘယ်လိုမျိုး မူဝါဒတွေ ချမှတ်ပေးဖို့ စသည်အားဖြင့် ဒီလို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အကြောင်းအရာမျိုးတွေပါမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရသစ်ရဲ့ မူဝါဒရေးရာ လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့ အခါမှာ ပြည်သူ့ရဲ့ လိုလားချက် အသံတွေ၊ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားနိုင်စေဖို့ ဖြစ်ပါတယ်” ဟု ဦးကျော်လင်းဦးက ဆက်လက်ပြောကြားသည်။ 

Most Read

Most Recent