ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အတိုင်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဆင့်မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီက ဇန်နဝါရီ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်ထိ ဘားအံခရိုင် လေးဝါးတွင် ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေး အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အစည်းအဝေးသို့ ဗဟိုအမြဲတမ်း ကော်မတီဝင် ၅၂ ဦး ရှိသည့်အနက် ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် တစ်နှစ်တာအတွင်း KNU ၏ ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု အခြေအနေနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမှု အခြေအနေများကို သုံးသပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက “အဓိကçကတော့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အကြမ်းဖျင်း ပြန်သုံးသပ်တယ်။ ပြီးတော့ ရှေ့ဆက်လာမယ့် အစိုးရသစ်မှာ ဘယ်လိုဆက်သွားနိုင်မလဲ။ နောက် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ရော ဘယ်လိုပူးပေါင်း ဆောင်ရွက်မှု လုပ်မလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ အပစ်ရပ်စဲရေး အားလုံးပါဝင်ဖို့ကတော့ ကျွန်တော်တို့အားလုံး လက်ခံထားပြီးသားမူပေါ့။ အပစ်အခတ် ရပ်စဲရေးမှာ အားလုံးပါဝင်ပြီး လက်မှတ်ထိုးပြီးတဲ့နောက်မှာ ရှေ့ဆက်နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေး သဘောတူညီချက်တွေ ဘယ်လိုရအောင် ယူသွားနိုင်မလဲ။ ပြီးတော့ ကျွန်တော်တို့ ဒီနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုသွားမလဲဆိုတဲ့ ဦးတည်ချက်တွေပေါ့ဗျာ။ နောင်အစိုးရသစ်မှာ ဘယ်လို ဆက်လက် ဆောင်ရွက်မယ် ဆိုတာကတော့ အဲဒါကိုပဲ ဆွေးနွေးကြတာ” ဟု ဇန်နဝါရီ ၃၀ ရက်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးက NCA တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှုမှာ ပါဝင်ရမယ်။ ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲကို ကျွန်တော်တို့ အတူတကွ ဆောင်ရွက်ရမယ် ဆိုတာကတော့ ဆုံးဖြတ်ထားပြီးသားလည်း ဖြစ်ပါတယ်။ ဒါကိုပဲဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်မှာပါ” ဟု ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြပြီး KNU ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကရင့်အမျိုးသား ပညာရှင်များ၊ ကရင့်လူမှု အဖွဲ့အစည်း ခေါင်းဆောင်များ၊ လွတ်လပ်သော ကရင့်လူမှု အဖွဲ့အစည်းများ၊ ကရင်တစ်မျိုးသားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်သည်ဟုလည်း KNU ဗဟိုအမြဲတမ်း ကော်မတီက ထုတ်ပြန်ခဲ့သည်။
KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နောင်တက်လာမည့် အစိုးရသစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများအပြင် လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း KNU ဗဟိုအမြဲတမ်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့၌ ကရင်အမျိုးသားတိုင်း၏ နေအိမ်ရှေ့တွင် ကရင်အမျိုးသား အလံတော်ကို လွှင့်ထူကြပြီး ကရင်အမျိုးသားတိုင်း ကရင့်အမျိုးသားဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့ကို မြတ်နိုးတန်ဖိုးထားခြင်းနှင့် ကရင်အမျိုးသားများ၏ ဂုဏ်အင်္ဂါလက္ခဏာ ရပ်များကို ထုတ်ဖော်ပြသရန် KNU ဗဟို အမြဲတမ်းကော်မတီက တိုက်တွန်းခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရေး အကောင်အထည် ဖော်မည်ဟု KNU ဗဟို အမြဲတမ်းကော်မတီ ထုတ်ပြန်















