၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၇) ဌာနချုပ် တည်ရှိရာ လော်ခီးလာဒေသတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားတွင် အနှစ် ၅၀ ကျော် လုပ်သက်ရှိသည့် ကရင်တော်လှန်ရေး ခေါင်းဆောင်များကို ဂုဏ်ပြုသည့် အစီအစဉ်လည်း ပါဝင်သည်ဟု KNU ဘားအံဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကရင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ KNU ဘားအံ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “အခြားအဖွဲ့အစည်း တွေကိုလည်း ဖိတ်ပါတယ်။ တပ်မဟာ (၇) ဌာနချုပ်မှာလုပ်မယ်။ လုပ်မှာကတော့ ကျွန်တော်တို့ တစ်ခုလုံး အတိုင်းအတာပေါ့။ ဒီနှစ်ကတော့ အနှစ်ငါးဆယ် ကျော်သွားတဲ့ လုပ်သက်ရှိတဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားလည်း ရှိတာကိုး” ဟု ဇန်နဝါရီ ၂၉ ရက်က ပြောကြားသည်။
ကရင်တော်လှန်ရေး ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အသက် ၇၀ အရွယ်ရှိ ပဒိုစောသမိန်ထွန်းက “ကရင့်တော်လှန်ရေးက တကယ်ဆိုလို့ရှိရင် အစီအစဉ်နဲ့ ဖြစ်လာတာ မဟုတ်ဘူး။ အဲဒါနိုင်ငံရေး ဆွတာနဲ့ ကရင်-ဗမာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်တာနဲ့ ပေါ်လာတော့ စည်းမကျ ဝါးမကျ အစီအစဉ် မရှိဆိုတာနဲ့ မြို့ပေါ်ကနေ တောထဲပြန်ဝင်တာ။ အဲဒါနဲ့ ကရင့်တော်လှန်ရေး ပေါ်ပေါက်လာတာ။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အင်းစိန်တိုက်ပွဲကနေ ပေါ်ပေါက်လာရတာ။ ခက်တာက ဗမာက ကရင်ကို အပြစ်တင်တယ်။ အပြစ်တင်စရာလည်းရှိတယ်။ ကရင်ကလည်း ဗမာကို အပြစ်တင်တယ်။ အပြစ်တင်စရာရှိတယ်။ ဒါတွေကို ဒီနေ့အမှားတွေကို သင်ခန်းစာယူရမယ်။ သမိုင်းမှတ်တမ်းမှာတော့ ထားရမယ်” ဟု ပြောကြားထားသည်။
ပြည်တွင်းစစ် ဖြစ်ပွားခဲ့သောကြောင့် တိုင်းပြည်တိုးတက်မှု နှေးကွေးနေခဲ့ရသည်မှာ မှန်သော်လည်း တိုင်းပြည် အဘက်ဘက်က ဆုတ်ယုတ်ကျဆင်း နေရခြင်းမှာ ကျင့်သုံးနေသည့် စနစ်ကြောင့်ဟု ၎င်းက ပြောကြားခဲ့သည်။
KNU အနေဖြင့် လွတ်လပ်ရေးရပြီးစ ကာလမှစတင်၍ အစိုးရတပ်မတော်နှင့် နှစ်ပေါင်းရှည်ကြာစွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမဆုံးအကြိမ် အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် KNU အဖွဲ့အစည်းကို အစိုးရမှ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်။















