တစ်နေ့ ညီမဝမ်းကွဲဖြစ်သူက မူလတန်းကျောင်းမှ ဆရာမလေးနှစ်ယောက်ကို အိမ်သို့ခေါ်လာသည်။ ကျွန်တော်က စာလေးကဗျာလေး မတောက်တခေါက် ရေးတတ်သူမို့ အကူအညီတစ်ခု တောင်းရန် ရောက်လာကြခြင်း ဖြစ်သည်။ ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲဝင်ရန်အတွက် ကဗျာနှစ်ပုဒ်လောက် ရေးစပ်ပေးရမည် ဖြစ်သည်။ အကြောင်းအရာက 'ကျောင်းစာကြည့်တိုက်'။ ကျောင်းစာကြည့်တိုက်ကို ကျောင်းသူကျောင်းသားလေးများ စိတ်ဝင်စားရန်၊ အားလပ်ချိန်မှာ ကျောင်းစာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် အသိအလိမ္မာ ဗဟုသုတများ တိုးပွားစေရန် ရည်သန်၍ ယခုကဲ့သို့ ကဗျာပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း သိရပါသည်။ဆရာမလေးနှစ်ယောက် ပြန်သွားသောအခါ စာကြည့်စားပွဲမှာ ထိုင်ရင်း ကဗျာစပ်ဖို့ စဉ်းစားနေမိသည်။ ပြောရလျှင် ကျွန်တော်သည် ကဗျာဆရာ တစ်ယောက်တော့ မဟုတ်ပါ။ သာမန် ဆောင်းပါးလေးတွေ၊ ဝတ္ထုအက်ဆေးလေးတွေ ရေးသူသာ ဖြစ်သည်။ ငယ်စဉ် စာစရေးစဉ်ကတော့ ကလေးကဗျာလေးတွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးစပ်ဖူးသော်လည်း ဘယ်မဂ္ဂဇင်းတိုက်ကိုမှ မပို့ဖူးခဲ့ပါ။ သို့သော် ခုချိန်ထိ ကဗျာကို ချစ်မြတ်နိုးစိတ်နှင့် စွဲစွဲမြဲမြဲဖတ်သူ တစ်ယောက်တော့ ဖြစ်ခဲ့ပါသည်။ ခုလည်း ကိုယ့်ကိုအားကိုးပြီး အကူအညီ တောင်းနေမှတော့ ဘာပဲဖြစ်ဖြစ် တတ်သလောက် မှတ်သလောက် ရေးစမ်းကြည့်ရပေဦးတော့မည်။ကျွန်တော်သည် စာအုပ်စင်မှ ရှိသမျှ ကလေးစာအုပ်တွေ၊ ကဗျာစာအုပ်တွေ အကုန်ဆွဲချ။ ကလေးကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ထိုင်ဖတ်။ စိတ်ထဲက ဖတ်ရုံတင်မက ပါးစပ်ကပါ အသံထွက်ဖတ်သည်။ အသံလည်းသာ အဓိပ္ပာယ်လည်းမိသည့် ကဗျာကို အထပ်ထပ် အခါခါ ရွတ်ဖတ်ကြည့်သည်။ ကလေးကဗျာဆိုတာ ရွတ်ဆိုရတာ ပြေပြစ်ချောမွေ့မှ ဖြစ်မည်။ စကားလုံးလေးတွေကလည်း ကလေးတွေ အလွယ်တကူ နားလည်နိုင်သည့် ကလေးကဗျာ ဖြစ်မည်။ အထူးသဖြင့် ကျွန်တော်သည် ဆရာမင်းသုဝဏ်၏ ကလေးကဗျာများကို အထပ်ထပ် ရွတ်ကြည့်သည်။ ဆရာ့ကဗျာလေးတွေက အသံသာသည်။ အတွေးကလည်း တကယ့် ကလေးအတွေး။ ဆရာ၏ 'ဥပုသ်စောင့်' ကဗျာလေးကို ရွတ်ကြည့်လျှင် ကလေးတစ်ယောက်က သူ့အမေကို ပြောပြနေသလို ခံစားရသည်။ဟုတ်ပြီ။ ကျွန်တော် ကဗျာရေးလို့ရပြီ။ ဆရာ့ကဗျာကို အတုခိုးပြီး ဆရာကာရန်ယူသည့်အတိုင်း လိုက်ယူသည်။ အသံ 'အတက်' 'အကျ' ကိုလည်း ဆရာ့အတိုင်းယူသည်။ ဤသို့ဖြင့် ကျောင်းစာကြည့်တိုက်နှင့် ပတ်သက်သော ကလေးကဗျာ တစ်ပုဒ်ကို ကျွန်တော် ရေးထုတ်လိုက်ပါပြီ။ သိပ်အကောင်းကြီး မဟုတ်သော်လည်း ကလေးတွေ ရွတ်ရတာ အတန်အသင့် အဆင်ပြေကောင်းပါရဲ့ဟု မဝံ့မရဲ ယုံကြည်မျှော်လင့်မိပါသည်။ ပထမကဗျာနည်းတူ ဒုတိယ ကဗျာကို ရေးပြီးချိန်မှာတော့ ည ၁၂ နာရီ ကျော်သွားပါပြီ။ တော်တော်လည်း ညဉ့်နက်နေပြီ။ ကျွန်တော်လည်း ချွေးပြန်လုလု ပင်ပန်းနေပါပြီ။ သို့သော် ကျွန်တော့်စိတ်ထဲမှာ ပျော်နေမိသည်။ ကလေးတွေအတွက် ငါတစ်စုံတစ်ခု လုပ်ခဲ့ပြီးပြီဟု ကျေနပ်ကြည်နူးနေမိသည်။ ကလေးတွေ သီဆိုဖို့ ကဗျာတစ်ပုဒ် ရေးထုတ်ရတာ ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်ပါသလဲ။ ပင်ပန်းပေမယ့် ကျွန်တော်ပျော်ပါသည်။နောက်တစ်နေ့ ချိန်းထားသည့် အချိန်မှာ ဆရာမနှစ်ယောက်က ကျွန်တော်ရေးထားသည့် ကဗျာနှစ်ပုဒ် လာယူသည်။ အပျော်အပြုံးများနှင့် ကျွန်တော့်အား ကျေးဇူးတင်စကား ပြောကာ ဆရာမတွေ ပြန်သွားပြီးနောက် တစ်ယောက်တည်း ထိုင်တွေးနေမိသည်။ကျွန်တော်တွေးမိတာက ကျောင်းစာကြည့်တိုက်နှင့် ဆက်စပ်နေသည့် 'ကလေးစာကြည့်တိုက်'။ လူကြီးစာကြည့်တိုက်တောင် မနည်းနှိုးဆော် တိုက်တွန်းနေရတာ ကလေးစာကြည့်တိုက်က ဝေလာဝေးပေါ့ဟု ပြောလျှင်လည်း ခံရရုံသာ ရှိပေတော့မည်။ သေချာတာကတော့ ကလေးတို့၏ အနာဂတ်သည် ကလေးစာကြည့်တိုက်အပေါ် မူတည်နေသည့် အချက်ပင်။ ကျွန်တော်တို့ဆီက စာကြည့်တိုက် အများစုသည် လူကြီးများဖတ်သည့် စာကြည့်တိုက်ထဲမှာပင် ကလေးများ ဖတ်သည့် စာအုပ်တွေ ရောနှောထားသည်က များပါသည်။ ကျွန်တော် အဓိကထားပြောလိုသည်က ကလေးများအတွက် အထူးသီးသန့် စာကြည့်တိုက်ဖြစ်သည်။ ကလေးများနှင့်သာ သင့်လျော်သည့် စာအုပ်တွေကို တစ်နေရာတည်းမှာ စုစည်းပြီး ကလေးများဖတ်ဖို့ စီစဉ်ပေးထားသည့် စာကြည့်တိုက်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။'အခု ကလေးတွေ စာမဖတ်တော့ဘူး' ဟု လူကြီးများက ညည်းညူကြသည်။ ထိုအခါ ကလေးတွေ စာဖတ်ချင်အောင် ဘယ်လိုများ စီစဉ် ဆောင်ရွက်ပေးထားပါသလဲဟု ပြန်မေးရမလို ဖြစ်နေပါသည်။ အမှန်ပြောရလျှင် အခုခေတ်ကလေးတွေက စက္ကူပေါ်က အရုပ်ထက် စခရင်ပေါ်က အရုပ်တွေကို ပိုစိတ်ဝင်စားကြပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ကျောင်းပိတ်ရက်များတွင် စာအုပ်အငှားဆိုင်သို့သွားကာ ကာတွန်းစာအုပ်များ ငှားလာပြီး ဖတ်ကြသည်။ အခု ကလေးတွေက ကျောင်းပိတ်လျှင် ဂိမ်းဆိုင်သို့သာ ပြေးကြတော့သည်။ တစ်လောက ကျွန်တော့်တူတော်မောင် ဒုတိယတန်း ကျောင်းသား ဂိမ်းဆော့သည့် စက်ကလေး မဝယ်ပေးလို့ သူ့အမေကို စိတ်ကောက်သည်။ နောက်ဆုံး အမေဖြစ်သူက မနေနိုင်တော့ ၁၇၀၀ ပေးရသည့် ဂိမ်းစက်ကလေး ဝယ်ပေးလိုက်မှ ကျေနပ်သွားတော့သည်။ အားလျှင်ဂိမ်းဆော့သည်။ ဂိမ်းမဆော့လျှင် Skynet ကလာသည့် ကာတွန်းကားတွေ တစ်နေကုန် ထိုင်ကြည့်သည်။ အိမ်မှာ ကာတွန်းစာအုပ်တွေ ရှိသော်လည်း သူစိတ်မဝင်စား။ ထို့အတူ ညီမဝမ်းကွဲက မွေးသည့် တူလေးတစ်ယောက် ရှိသေးသည်။ လူက မူကြိုတက်တုန်း အရွယ်။ ကျောင်းက ပြန်လာလျှင် တက်ပလက်ကြီး ရှေ့ချကာ ဟိုနှိပ်ဒီနှိပ်နှင့် ဂိမ်းဆော့တော့သည်။ တချို့ဂိမ်းတွေ ကျွန်တော်နားမလည်လို့ သူ့ပြန်မေးရသည်။ အခု ခေတ်ကလေးတွေက သင်လွယ်တတ်လွယ်ကြသည်။ ခေတ်မီ နည်းပညာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်ကြပုံက ကျွန်တော်တို့ လူကြီးများထက်သာသည်။ လူကြီးတွေက ကလေးတွေဆီကနေ ပြန်သင်နေရသည့် ခေတ်။သို့သော် သူတို့သည် စာအုပ်ထက် စခရင်ကို ပိုစိတ်ဝင်စားနေကြသည်။ ဟောပြောပွဲ တစ်ခုမှာ ဆရာအော်ပီကျယ် ပြောဖူးတာကို သတိရမိသည်။ 'ipad တွေ၊ Tablet တွေ၊ Handphone တွေကြည့်တဲ့ အချိန်ကို Monitior hour လို့ သတ်မှတ်တယ်။ စာအုပ်ဖတ်နေတဲ့အချိန်ကို Page hour (သို့) Printing hour လို့ သတ်မှတ်တယ်။ စာအုပ်နဲ့ မျက်နှာအပ်ထားတဲ့ အချိန် ပိုများတဲ့ နိုင်ငံတွေ တိုးတက်တာပါပဲ' တဲ့။ ကျွန်တော်တို့ ကလေးတွေမှာ ဘယ်အချိန်က ပိုများနေမလဲ။ကျောင်းချိန်ပြင်ပ အားလပ်ချိန်တွင် ကျောင်းသူကျောင်းသားများ အပန်းဖြေရာ နေရာသည် ကစားကွင်း (သို့) ကျောင်းစာကြည့်တိုက် ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လိုပြုစု ပျိုးထောင်ကြမည်နည်း။ ထို့အတူ ကျောင်းမနေနိုင်သည့် ကလေးများ အားလပ်ချိန်တွင် ပညာဗဟုသုတ ရှာဖွေရန် သီးသန့် ကလေးစာကြည့်တိုက်မျိုးလည်း ထူထောင် ပေးထားသင့်ပါသည်။ ထိုစာကြည့်တိုက်မျိုးမှာ ကလေးများနှင့် သင့်လျော်သည့် ကာတွန်း၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ဝတ္ထုစာအုပ်များလည်း စုံစုံလင်လင် ထားပေးသင့်ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းလောက်က ကျင်းပပြီးစီးသွားသည့် နိုဘယ်-မြန်မာ စာပေပွဲတော် (၂၀၁၆) သို့ ကျွန်တော်ရောက်သွားသေးသည်။ ယခုနှစ် စာပေပွဲတော်က 'ကလေးစာပေ' ကို အဓိက ဦးတည်ထားသည်မို့ ကလေးများနှင့်ဆိုင်သည့် ကာတွန်း၊ ကဗျာ၊ ပုံပြင်၊ ဝတ္ထုစာအုပ် တော်တော်များများ စုံစုံလင်လင် တွေ့ရပါသည်။ ထိုပွဲမှာ ကျွန်တော်ဘာသွား စဉ်းစားမိသလဲဆိုတော့ 'ကလေးများအတွက် မြန်မာဂန္ထဝင်စာအုပ် အစီအစဉ်' ဖြစ်သည်။ကျွန်တော်တို့ အင်္ဂလိပ်စာ လေ့လာစဉ်က တကယ့်ဂန္ထဝင် (classic) စာအုပ်ကြီးများကို အင်္ဂလိပ်စာ စလေ့လာသူများ အလွယ်တကူ ဖတ်နိုင်အောင် စကားလုံးရိုးရိုး ဝါကျရှင်းရှင်းလေးများဖြင့် ပြန်ရေးထားသည့် 'Ladder Edition' များကို ဖတ်ခဲ့ရသည်။ မူရင်း စာအုပ်ကြီးများကို မဖတ်နိုင်သူများအဖို့ သက်သာလွယ်ကူစွာ ဂန္ထဝင်စာပေ၏ အရသာကို မြည်းစမ်းခွင့်ရခဲ့ကြပါသည်။ ထို့အတူ မြန်မာဂန္ထဝင် စာအုပ်များကိုလည်း ကျွန်တော်တို့ ကလေးများ လွယ်ကူသက်သာစွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးနိုင်လျှင် မကောင်းဘူးလားဟု စဉ်းစားလိုက်မိပါသည်။ (ဥပမာ- သိန်းဖေမြင့်၏ 'အရှေ့က နေဝန်းထွက်သည့် ပမာ' စာအုပ်ကို ကလေးများ နားလည်နိုင်အောင် ဝါကျရိုးရိုး စကားလုံး ရိုးရိုးလေးများဖြင့် အကျဉ်းချုပ် ပြန်ရေးတာမျိုးပေါ့) ထိုကဲ့သို့သာ စီစဉ်ပေးနိုင်မည်ဆိုလျှင် ကျွန်တော်တို့ကလေးများ ငယ်စဉ်ကတည်းက မြန်မာဂန္ထဝင်စာပေ၏ အရသာကို မြည်းစမ်းခွင့်ရသည့်အပြင် မိမိစာပေနှင့် ယဉ်ကျေးမှုကိုလည်း ချစ်မြတ်နိုးစိတ် ပေါ်ပေါက်လာမည်ဟု ထင်ပါသည်။လူကြီးမှန်လျှင် ကလေးဘဝမှ ဆင်းသက်လာသူချည်း ဖြစ်သည်။ 'ကလေးကောင်းမှ လူကြီးကောင်းမည်။ လူကြီးကောင်းမှ နိုင်ငံကောင်းမည်' ဟုလည်း ကျွန်တော်တို့ ပြောတတ်ကြပါသည်။ သို့ဆိုလျှင် ကလေးများကို စနစ်တကျ ပြုစုပျိုးထောင်နိုင်မှ 'နိုင်ငံကောင်း' ကို မျှော်လင့်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ကလေးများကို စနစ်တကျ ပြုစုပျိုးထောင်သည့် နေရာမှာ 'ကလေးစာကြည့်တိုက်' သည် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို ကျွန်တော်တို့ မမေ့အပ်ပေ။ ထို့ကြောင့် နိုင်ငံအနှံ့အပြားမှာ 'ကလေးစာကြည့်တိုက်များ' တိုးပွားအောင် စွမ်းဆောင်ကြပါစို့လို့ ရေးသား တိုက်တွန်းလိုက်ပါသည်။










