မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမြေမှာ မြန်မာအစိုးရပိုင်မြေဖြစ်ပြီး ယင်းစီမံကိန်းမှ ရရှိသည့် ဝင်ငွေများအား ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် MEITI တွင် ထည့်သွင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ မှ ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရှမ်းပြည်နယ် နမ့်ခမ်းမြို့အထိ ဖောက်လုပ်ထားသည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနပိုင် မြေဖြစ်ပြီး တရုတ်အမျိုးသားရေနံ ကုမ္ပဏီမှ အော်ပရေတာအဖြစ် တာဝန်ခံလုပ်ကိုင် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဝေဦးက "ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သွားတယ်။ အဲဒီမြေကို အော်ပရေတာ လုပ်ဖို့အတွက် တရုတ်ပြည်ကြီးက ပိုင်သွားတယ်။ မြန်မာနိုင်ငံကြီး နှစ်ခြမ်းကွဲသွားတယ ဆိုတဲ့အမြင်ကို ရှင်းပြချင်ပါတယ်။ စီမံကိန်းကို လုပ်ဆောင်တယ် ဆိုတာဟာ မြန်မာနိုင်ငံဘက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တရုတ်နိုင်ငံဘက်က တရုတ်အမျိုးသား ရေနံကုမ္ပဏီပေါ့။ တရုတ်အမျိုးသား ရေနံကုမ္ပဏီကို တာဝန်ခံ လုပ်ဆောင်ဖို့အတွက် အော်ပရေတာ ပေးထားပါတယ်။ တကယ်ပိုင်တာကတော့ မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းပါ။ ပိုက်လိုင်းဖြတ်သန်းသွားတဲ့ လမ်းကြောင်း တစ်လျှောက်ကို မြေယာရရှိရေး ဆောင်ရွက်တဲ့အချိန်မှာ နိုင်ငံခြားသား မြေယာလွှဲပြောင်းပေးတာ မဟုတ်ပါဘူး။ အဲဒီမှာရှိတဲ့ မြေယာပိုင်ဆိုင်မှု အကုန်လုံးက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ "ပိုင်ဆိုင်မှု ထုတ်ပြန်ပေးတဲ့ အချိန်မှာလည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းပိုင်မြေ အဖြစ်ပဲ ထုတ်ပြန်ပေးတာပါ။ ဘယ်နိုင်ငံခြားသား၊ ဘယ်နိုင်ငံခြား ပြည်ပနိုင်ငံ တစ်ခုကိုမှ လွှဲပြောင်းပေးတာ မဟုတ်ပါဘူး။ စီမံကိန်း စာချုပ်သက်တမ်း ပြည့်ပြီးတဲ့အချိန်မှာ သူတို့ကို ပိုက်လိုင်းလုပ်ခွင့် ပေးထားတယ်။ မြေက ကျွန်တော်တို့ ပိုင်ပါတယ်" ဟု ဦးဝေဦးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ ဆုံးဖြတ်ထားသည့်အတိုင်း နိုင်ငံတကာ စာရင်းစစ်အဖွဲ့မှ လိုအပ်သော ကိန်းဂဏန်းများအား စွမ်းအင်ဝန်ကြီးဌာနမှ အပြည့်အ၀ ပံ့ပိုးပေးခဲ့ကြောင်း၊ ထိုကိန်းဂဏန်း အချက်အလက်များသည် မှန်ကန်မှု ရှိကြောင်းကိုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ထပ်ဆင့်စိစစ် အတည်ပြု လုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးကဏ္ဍမှ ညွှန်ကြားရေးမှူး ဦးသန်းဌေးအောင်က "မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ ရရှိတဲ့ ဝင်ငွေကတော့ ပါဝင်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၁၃-၂၀၁၄ မှာ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျွန်တော်တို့ စာရင်းထဲမှာ ပါဝင်ခြင်း မရှိလို့ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ မှာတော့ မြန်မာ-တရုတ် ပိုက်လိုင်း ဝင်ငွေကလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောင်ရွက်ရာတွင် ပိုက်လိုင်းဖြတ်သန်းသွားသည့် တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ်နှစ်ခုအား သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေး စုစုပေါင်း ကျပ် ၃၁ ဒသမ ၇ ဘီလျံပေးခဲ့ပြီး ယာယီသီးနှံလျော်ကြေး အနေဖြင့် ကျပ် ၂ ဒသမ ၇၅ ဘီလျံ ပေးချေခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမြေမှာ မြန်မာအစိုးရပိုင်မြေဖြစ်ပြီး ယင်းစီမံကိန်းမှရရှိသည့် ဝင်ငွေများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ MEITI တွင် ထည့်သွင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်










