နိုင်/ကျဉ်းဟောင်းများ အဖွဲ့က အလုပ်သမား၊ လယ်သမားနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအတွက် ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းရန် ပညာရှင်များ ဖိတ်ခေါ်မည်

နိုင်/ကျဉ်းဟောင်းများ အဖွဲ့က အလုပ်သမား၊ လယ်သမားနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအတွက် ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းရန် ပညာရှင်များ ဖိတ်ခေါ်မည်
Published 24 January 2016

အလုပ်သမား၊ လယ်သမားနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကူညီရန်အတွက် ကော်မတီတွင် ပါဝင်ရန် ဥပဒေဆိုင်ရာ တတ်သိပညာရှင်များ၊ ရှေ့နေများကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း FPPS ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။ဦးထွန်းကြည်က “အခု ဥပဒေ အထောက်အကူပြု ကော်မတီမှာလည်း နိုင်ငံရေး အကျဉ်းသား မဟုတ်တဲ့ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေကို ဖိတ်ခေါ်မယ်။ အခု အဖွဲ့အတွင်းမှာလည်း ဒီအတွက် လုပ်ငန်းစလုပ်နေပြီ။ အဓိက,ကတော့ နိုင်ငံရေး ပုဒ်မများနဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေကို ဥပဒေ အကာအကွယ် အတွက်ကို ကျွန်တော်တို့က ရည်ရွယ်တယ်။ ကူညီဆောင်ရွက်ပေးသွားဖို့ ရှိတယ်” ဟု ပြောကြားသည်။အထူးသဖြင့် နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခံရသူများအား ဥပဒေကြောင်းအရ ကူညီဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။“အထောက်အကူပြု ကော်မတီတွေကလည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီတဲ့ သဘောပါပဲ။ ကျွန်တော်တို့ အနေနဲ့ လူမှုအထောက်အကူပြု ကော်မတီ ဆိုတာလည်း ဖွဲ့စည်းထားပြီး ကူညီနေတာတွေလည်း ရှိပါတယ်” ဟု ဦးထွန်းကြည်က ဆက်လက်ပြောကြားသည်။လက်ရှိတွင် FPPS အနေဖြင့် လူမှုအထောက်အကူပြု ကော်မတီကိုလည်း ၂၀၁၅ ဒီဇင်ဘာတွင် နိုင်ငံရေး အကျဉ်းသား မဟုတ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကာ နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းသားဟောင်းများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) ကို နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီထောက်ပံ့ရေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝများ ပြန်လည်ထူထောင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး စသည့် ရည်ရွယ်ချက်များနှင့် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ မေတွင် တတိယအကြိမ် ညီလာခံကို ပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံရေး အကျဉ်းသားရေးရာ ကိစ္စများ သာမက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ကို နိုင်ငံရေး အဖွဲ့အစည်း တစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းရန်လည်း အဖွဲ့ဝင်သစ်များ လက်ခံလျက်ရှိသည်။လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ သာမက အလုပ်သမားအရေး၊ လယ်သမားအရေး ဆောင်ရွက်သူများလည်း ပါဝင်လာခဲ့သည်။ ၂၀၁၅ နှစ်ကုန်တွင် တက်ကြွလှုပ်ရှား သူ ၄၀၀ ကျော် တရားရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၉၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

Most Read

Most Recent