မြန်မာနိုင်ငံ အနောက်မြောက်ဖျားမှာ နာဂတောင်တန်းကြီးတွေ ရှိတယ်။ ချင်းတောင်တန်းကြီးတွေ ရှိပါတယ် ။ မြန်မာနိုင်ငံရဲ့ မြောက်ဖျားပိုင်းက ကချင်တောင်တန်းတွေနဲ့လည်း ဆက်စပ်လျက် ရှိပါတယ်။ ချင်းတွင်းမြစ်ဖျားပိုင်းကနေ မော့ကြည့်လိုက်မယ်ဆိုရင် မှိုင်းညို့ညို့၊ စိမ်းစိုစို၊ အေးစက်စက်ရှိလှတဲ့ နာဂတောင်တန်းကြီး၊ ချင်းတွင်းမြစ်ကို ဆန်တက်ရင်းနဲ့ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ အနီးဝန်းကျင်ရောက်ရင် တစ်ခါတစ်ခါ ရာသီဥတုကောင်းရင် မြင်တွေ့ရတတ်တဲ့ ရေတွေခဲနေတဲ့ စာရာမေရိတောင်တန်းကြီးကို မြင်တွေ့နေရဆဲပေ့ါ။ စာရာမေရိတောင်ရဲ့ အောက်ခြေမှာတော့ လေရှီးမြို့နယ်ပါ။မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ သူတွေသိကြတာကတော့ လေရှီးလဟယ်ဆိုပြီး နာဂမြို့ နှစ်မြို့ကို တွဲလျက်ခေါ်တတ်ကြပါတယ်။ ဒါပေမဲ့ လေရှီးမြို့နယ်နဲ့ လဟယ်မြို့နယ်ဆိုတာ မိုင်ပေါင်း ၂၀၀ ဝန်းကျင်လောက် ကွာဝေးပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြောလေ့ရှိတဲ့စကားလုံးက “သွားရော့ လဟယ်” တဲ့။ ဝန်ထမ်းတစ်ယောက်ဟာ ပြစ်ဒဏ်တစ်ခုခုလုပ်ရင်ပဲဖြစ်ဖြစ်၊ ရာထူးတိုးချင်ရင်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အစွန်အဖျားတွေကို ပို့တတ်စမြဲမို့ မြန်မာပြည်တွင်းနဲ့ အဝေးကွာဆုံး၊ အစွန်အဖျားအကျဆုံး၊ ဝေလံခေါင်သီ ရှားပါးဒေသ လဟယ်မြို့ကိုပြောင်းကြရင်တော့ “သွားရော့ လဟယ်” ပေါ့လေ ။ ရှေးဘုရင်တွေလက်ထက်က “မဲဇာတော” ပို့သလိုမျိုးနေမှာပ။ ခုလည်း ကျွန်တော်လဟယ်မြို့ကို သွားခဲ့ရပြန်ပါပြီ။လဟယ်မြို့မှာ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမှာ ဖြစ်တာကြောင့် ပွဲတော်ကို သတင်းယူရင်း၊ ဒေသခံတွေရဲ့ ဘဝတွေကို လေ့လာရင်း ၊ သူတို့တစ်တွေရဲ့ လူနေမှုဘဝတွေကို အတူခံစားကြည့်ပြီး သတင်းယူရင်း စာရေးချင်လို့ ရောက်ခဲ့တာပါ။ နာဂတောင်တန်းဆိုကတည်းက ဖျပ်ခနဲ သိလိုက်တဲ့အသိတွေက သွားလာရေးခက်ခဲတယ်ပေါ့ ။ အဲဒါကလည်း ဟုတ်တာပါပဲ။ နာဂတောင်တန်းကို သွားမယ်ဆိုရင် ဘယ်ကိုသွားသွား အဆင့် အဆင့်သွားလာရတာပါပဲ။ လေရှီးမြို့နယ်ကို သွားမယ်ဆိုရင် ဟုမ္မလင်းမြို့ကို လေကြောင်း၊ ရေကြောင်းတွေနဲ့ ရောက်အောင်လာပြီးတော့ ဟုမ္မလင်းမြို့မှတစ်ဆင့် ထမံသီကျေးရွာကို နေ့တစ်ဝက်ရှော်တယ် (ရှပ်ပြေး) စီး၊ ထမံသီ ကတစ်ဆင့် ၄၁ မိုင်ဝေးတဲ့ လေရှီးမြို့ကို ကား (သို့မဟုတ်) ဆိုင်ကယ်နဲ့သွားပေါ့။ လဟယ်မြို့ဆိုရင် ခန္တီးမြို့ကို လေယာဉ် (သို့မဟုတ်) ရေလမ်းခရီးနဲ့ ရောက်အောင်လာရပါတယ်။ လေကြောင်းက တိုက်ရိုက်ရောက်တယ်ဆိုပေမယ့် ရေကြောင်းနဲ့ဆိုရင်တော့ မုံရွာ-ဟုမ္မလင်း၊ ဟုမ္မလင်း - ခန္တီးခရီးကို နှစ်ညအိပ် သုံးရက်စီးပြီးမှ ခန္တီးမြို့ကို ရောက်ပါတယ်။ ခန္တီးမြို့ကနေ အောက်ဘက်သုံးမိုင်လောက်ဝေးတဲ့ ဆင်သေကျေးရွာဘက်ကို ကူးပြီး ဆင်သေကျေးရွာကတစ်ဆင့် လဟယ်မြို့ကို မိုင်ငါးဆယ်ကျော်ကို ဆိုင်ကယ် (သို့မဟုတ်) ကားနဲ့ သွားမှရောက်ပါ့မယ်။ နန်ယွန်းမြို့နယ်ကို ဆက်မယ်ဆိုရင် တော့လဟယ်မြို့ကနေ တစ်နေ့ခရီး ဆိုင်ကယ်စီးရပါ့မယ်။ နန်းယွန်းမြို့နယ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှတစ်ဆင့် တနိုင်း၊ ရှင်ဗွေယန်တို့မှတစ်ဆင့် ကားလမ်းအတိုင်း သွားလာနိုင်ပါတယ်။ ပြောချင်တာက နာဂတောင်တန်းဒေသဆိုတာ မြန်မာနိုင်ငံအနောက်မြောက်ဒေသရဲ့ အစွန်အဖျား နယ်စပ်ဒေသတွေဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာပါပဲ။ ရဟတ်ယာဉ်နဲ့ လာနိုင်တဲ့ သူတွေဆိုရင်တော့ မပြောလိုဘူးပေါ့လေ။
ကျွန်တော်က ကလေးဝမြို့ကတစ်ဆင့် ခန္တီးမြို့ကိုရောက်အောင် ရေလမ်းခရီးကို စက်လှေပေါ်မှာတစ်ည၊ ဟုမ္မလင်းမြို့မှ တစ်ညနဲ့ နှစ်ညအိပ်သုံးရက်ခရီးနှင်ရင်း ခန္တီးမြို့ကို ရောက်ခဲ့ရပါတယ်။ ခန္တီးမြို့မှာ ညအိပ်ပြီး နောက်တစ်ရက် ဆင်သေကျေးရွာကို စက်လှေကူးတို့နဲ့ ကူးရပါတယ်။ ခန္တီး-ဆင်သေကူးတို့က ခန္တီးမြို့ကနေ “မ” ဂဏန်းအချိန်တွေ ထွက်ပြီးတော့ ဆင်သေဘက်ကမ်းကနေတော့ စုံဂဏန်းအချိန်တွေ ထွက်တယ်လို့ သိရပြန်ပါ တယ်။ ဒါပေမဲ့ အချိန်မရွေး ကူးလို့ရတဲ့ ကူးတို့တွေလည်း ရှိပါတယ်။ ခန္တီးမြို့ပေါ်က ဆိုင်ကယ်ကယ်ရီသမားတွေကို လိုက်ပို့ခိုင်းရင် ရပါတယ်။ ဆင်သေရွာဘက်ကမ်းမှာတော့ အသင့်စောင့်နေတဲ့ ဆိုင်ကယ်ကယ်ရီသမားက လာကြိုပါတယ်။ ဆင်သေ-လဟယ်လမ်းကို သွားဖို့ ကျွန်တော့်အနေနဲ့ ကားနဲ့အစား ဆိုင်ကယ်ကယ်ရီကိုပဲ ရွေးချယ်လိုက်ပါတယ်။ ကားထွက်ချိန်မမှန်တဲ့အပြင် အခုလို နာဂပွဲတော်မှာ ဘယ်ကားကမှ အလကားပြေးဆွဲ ပေးတာမရှိသလို ကြုံရာကားနဲ့ လာကြရတော့ လဟယ်မြို့ကို ညဉ့်နက်မှ ရောက်လာတဲ့ဧည့်သည်တွေ ရှိပါတယ်။ဆင်သေကိုရောက်တော့ ကျွန်တော့်ကို ဆိုင်ကယ်နဲ့လိုက်ပို့မယ့် ကိုမောင်မောင်က ကျွန်တော့်အိတ်တွေကို ဆိုင်ကယ်မှာ ကြိုးနဲ့တုတ်၊ ဓာတ်ဆီဖြည့် ၊ လက်ပ်တော့၊ ကင်မရာပါတဲ့ ကျောပိုးအိတ်ကို ရှေ့မှာထားလွယ်ပြီးတော့ ထွက်ခဲ့ပါတယ် ။ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ ဆင်သေရွာကို တစ်ချက်ဝေ့ကြည့်လိုက်တော့ နည်းနည်းမှတ်မိပါသေးတယ်။ ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းနှင်ရင်း ဆိုင်ကယ်ကယ်ရီသမားကို နောက်မှာတင်ရင်း ထွက်ခဲ့ပါတယ်။ ဆင်သေရွာက စထွက်ထွက်ခြင်းမှာ တောင်ကို စတင်ရပါတယ်။ အရင်နှစ်တွေ လာတုန်းကထက်စာရင် လမ်းတွေပိုကောင်းလာပါတယ်။ အကွေ့အကောက်များတဲ့ နာဂတောင်တန်းကို ဖြတ်ပြီး တိုက်ခတ်လာတဲ့လေကို ၀၀ရှူရင်း လေကောင်းလေသန့်ဆိုတာ ဒီလိုပါလားလို့ တွေးမိပါတယ်။ အတက်အဆင်းတွေများသလို အကွေ့အကောက်ရှိလှတဲ့ လမ်းဖြစ်လို့ သတိထားမောင်းရပါတယ်။ နာဂပွဲတော်ရှိတဲ့အတွက် ထင်ပါရဲ့။ လမ်းမှာ ဆိုင်ကယ်တွေ ၊ ကားတွေ ပေါပေါများများ တွေ့ရပါတယ်။ တောင်ကမ်းပါးယံအကွယ်ရောက်ရင် အေးခနဲ၊ စိမ့်ခနဲဖြစ်သွားတဲ့ အရသာကတော့ မြေပြန့်သားတွေအတွက် အထူးအဆန်းသဖွယ် ဖြစ်မှာပေါ့လေ။ ကတ္တရာလမ်းအချို့ရှိသလို ကွန်ကရစ်လမ်းတွေလည်း တွေ့ရတယ်။ မြေလမ်းနဲ့ ကျောက်ကြမ်းလမ်းကတော့ ခပ်များများ တွေ့ရတာပေါ့ ။ လမ်းမှာတော့ ကွန်ပျူတာစာစီစက္ကူရွက်ကို ပလတ်စတစ်လောင်းထားတဲ့ ဘယ်ကုမ္ပဏီမှ ဆောက်လုပ်နေသည်ဆိုတဲ့ စာရွက်လေးတွေကို မကြာမကြာတွေ့ရပေမယ့် ဆိုင်ကယ်ရပ် မကြည့်တော့ ဘယ်ကုမ္ပဏီဆိုတာ မသိခဲ့ရ။ ဆောက်လက်စ တံတားတွေ ခင်းလက်စလမ်းတွေကို တွေ့ရပါတယ် ။
ထန်ပါခွေလမ်းခွဲ ကျောက်ညီနောင် စခန်းရောက်တော့ ခဏနားကြတယ်။ အဲဒီမှာနေတဲ့ အိမ်ဆိုင်လေးတစ်ဆိုင်ရှိပြီးတော့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတယ်။ နောက် ဖုန်းလည်းပြောလို့ရတယ်။ ကော်ဖီလည်း သောက်လို့ရပါတယ်။ နာဂတောင်တန်းခရီးမှာတော့ နားလို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ ဆိုင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျောက်တုံးကြီးနှစ်ခုကို အစွဲပြုပြီးခေါ်တယ်ထင်ပါတယ်။ ဖုန်းလိုင်းမိတယ်ဆိုပြီး ဖုန်းထုတ်ကြည့်လိုက်တော့ လိုင်းကမရှိ။ အတူပါလာတဲ့သူက ခေါ်ပြပါတယ်။ စားပွဲပေါ်မှာ ခွက်လေးနှစ်ခွက်ထဲမှာ ဖုန်းလေးတွေ ထည့်ထားပါတယ်။ အဲဒီနေရာလေးမှာပဲ မိပါသတဲ့။ အဲဒီနေရာလေး ရွှေ့ပြီး ခွက်ထဲက ထုတ်လိုက်ရင် လိုင်းမရှိတော့ပါတဲ့။ ဒါနဲ့ သေချာအောင် သူတို့ဖုန်းကို ဖယ်ပြီးတော့ ကိုယ့်ဖုန်းကို ခွက်လေးထဲ တင်ထားလိုက်တော့ လားလား...ဖုန်းလိုင်းက တက်လာပါတယ်။ အဲဒီနေရာကနေပြီး မရွှေ့ဘဲ စပီကာဖွင့်ခေါ်ပြီး ဖုန်းပြောတော့ ရပါတယ်။နောက်တစ်နေရာက ဆိုင်လေးရဲ့အပြင်ဘက်မှာ ဆိုင်ကယ်အင်ဂျင်ဝိုင်ဘူးကို ခွက်ပုံစံလုပ်ပြီး ကမ်းပါးယံမှာ တိုင်နဲ့တင်ထားပါတယ်။ အဲဒီမှာလည်း လိုင်းမိသတဲ့။ စမ်းကြည့်တော့ ဟုတ်သဗျ။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့ဒေသက လူတွေလည်း သူတို့ဘာသာသူတို့ အဆင်ပြေအောင် ကြံဖန်နေထိုင်ကြတာ ပါပဲဆိုတာ တွေးလာမိပါတယ်။ အဲဒီကနေ ဆက်ထွက်တော့ ပင်လုံဆိုတဲ့ရွာပါ။ “အရင်ကတော့ ပေါ်တာဆွဲတာတို့ ရှိတော့ ရွာမှာက လူသိပ်မရှိဘူး။ လမ်းမကြီးတွေနဲ့ ဝေးလံတဲ့နေရာ တောင်အောက်တွေမှာ နေကြတယ်။ အခုတော့ ဒေသခံတွေက လမ်းမကြီးနံဘေး ရွှေ့လာကြပြီ” လို့ အတူပါလာတဲ့ ကိုမောင်မောင်က ပြောပါတယ်။ ဆင်သေကျေးရွာမှ လဟယ်မြို့သို့သွားသောလမ်းမှာတော့ လောင်ဆောက်ကြီး၊ သက်ကယ်တောင်၊ ကျောက်ညီနောင်၊ ပင်လုံ၊ နန်းစလိန်ချောင်း၊ လောင်ငေါက်၊ ထိန်ညိုတောင်ထိပ်၊ မွန်ထွေ၊ ဆော်လော်နောင်အင်း၊ ဂဟုန်းလမ်းခွဲ၊ စံပြ ဆိုတဲ့ရွာတွေ ရှိပါတယ်။နန်းစလိန်ချောင်းနဲ့ ဝေထိုက်ချောင်း တို့ကိုလည်း ဖြတ်ရပါတယ်။ ချောင်းတွေက ရေတွေက ကြည်ပြီး စိမ်းလဲ့နေတာပေါ့။ နန်းစလိန်ချောင်းတံတားက လဟယ်မြို့နယ်နဲ့ ခန္တီးမြို့နယ်ကို ခြားထားပါတယ်။ ချောင်းနှစ်ချောင်းစလုံးက အတက်အဆင်းကြီးမားတာကြောင့် ယာဉ်တွေအနေနဲ့ ဂရုထားပြီး မောင်းနှင်သင့်ပါတယ်။ နန်းစလိန်ချောင်းကနေ တောက်လျှောက်တက်လာပြီးတော့ လောင်ငေါက်ဆိုတဲ့ရွာမှာ ထမင်းစားရပါတယ်။ လောင်ငေါက်က ဆက်တက်ပြီးရင်တော့ ပေပေါင်း ၄၉၉၇ မြင့်တဲ့ ထိန်ညို တောင်ထိပ်ပါ။ အဲဒီနေရာမှာ ဖုန်းလိုင်းမိပါတယ်။ ရာသီဥတုကောင်းပြီး မြူတွေရှင်းတဲ့အချိန်ဆို ခန္တီးမြို့ကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။
လမ်းတောက်လျှောက်မှာတော့ အတက်ဆိုရင် ဆိုင်ကယ်အင်ဂျင်ရေလောင်းလိုက်၊ အဆင်းဆိုရင်တော့ ဆိုင်ကယ်ဘရိတ်ကို ရေလောင်းလိုက်နဲ့ပေါ့။ ရွာတွေအားလုံးကတော့ တောင်ပေါ်ကျေးရွာတွေရဲ့ထုံးစံ အိမ်ခြေဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ “အခုတော့ ရွာတွေတော်တော်များများက တဖြည်းဖြည်းနဲ့ ကားလမ်းနံဘေးကို ပြောင်းရွှေ့လာကြပါပြီ”လို့ ဒေသခံတွေက ပြောပါတယ်။ကားလမ်းနံဘေးမှာ အုတ်ဖုတ်နေတဲ့ သူတချို့ တွေ့ပါတယ်။ သူတို့က လဟယ်မြို့က မှာလို့ အုတ်ဖုတ်ကြတာဖြစ်တယ်လို့ သိရပြီး ဒီလုပ်ငန်းလုပ်ကိုင်ကြတာ သုံးနှစ်လောက်ရှိပြီလို့ သိရပါတယ်။ လမ်းခရီးအနေနဲ့က သိပ်ဆိုးတယ်လို့ မပြောလိုပေမယ့် ကောင်းတယ်လို့လည်း မဆိုသာပါဘူး။ မိုးရာသီဆိုရင်တော့ အသွားအလာ ခက်ကြဦးမယ့်နေရာတွေ တွေ့ခဲ့ရပါသေးတယ်။လမ်းချဲ့၊ လမ်းပြင်နေတာတွေကလည်း တွေ့ရပါတယ်။ အတက်အဆင်း ကြီးမားလွန်းတဲ့နေရာတွေ ကျန်နေပါသေးတယ်။ ဆိုင်ကယ်နဲ့ဆိုရင် ငါးနာရီလောက် မောင်းကြရပေမယ့် ကားနဲ့ဆိုရင်တော့ ခုနစ်နာရီလောက် ကြာမယ်ထင်ပါတယ်။ ကျွန်တော်တို့ကတော့ လမ်းမှာ ဓာတ်ပုံရိုက်ရင်း ဆိုင်ကယ် အနားပေးရင်းပေါ့။နာဂတောင်တန်းကြီးရဲ့ တောင်စောင်းလေးတစ်ခုမှာတည်ရှိတဲ့ လဟယ်မြို့ကို ရောက်တော့ မမှောင်သေး။ အရင်တစ်ခေါက်ကထက်စာရင် အဆောက်အအုံအသစ်တွေ တိုးလာတာကို တွေ့နေရပါတယ်။ ဆောင်းဝတ်လွှာခြုံထား လဟယ်မြို့ကိုရောက်တော့ အိပ်စက်ရာ တစ်နေရာရဖို့အတွက် အပြေးအလွှားရှာရဦးမယ်လေ။ တကယ်တော့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဆိုတာ ဘယ်သောအခါမှ အေးစက်စက်ဆက်ဆံရေး မရှိခဲ့ဘူးဆိုတာ စောင်ခြုံနွေးနွေထွေးထွေးထဲမှာ အိပ်စက်ရင်း နာဂတောင်တန်းပေါ်ကညကို ဖြတ်သန်းလိုက်တော့ ကျွန်တော်သိ လိုက်ရတာပေါ့။










