မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံကျော်ရှိပြီး စွမ်းအင်ကဏ္ဍပြီးလျှင် အများဆုံး ဝင်ရောက်ခြင်းဖြစ်

မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံကျော်ရှိပြီး စွမ်းအင်ကဏ္ဍပြီးလျှင် အများဆုံး ဝင်ရောက်ခြင်းဖြစ်
Published 23 January 2016
နီလာ

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် အတွက် လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ           နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော် (၆၂၄၅ ဒသမ ၁၈၂ သန်း) ရှိနေပြီး စွမ်းအင်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပြီးလျှင် အများဆုံး ဝင်ရောက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါးရှိပြီး လျှပ်စစ်စွမ်းအားကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံ ထားသည်။ အဆိုပါကဏ္ဍများပြီးလျှင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၂၄၇ ဒသမ ၇ သန်း၊ ၂၀၁၂-၂၀၁၃ တွင် အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ၂ သန်း၊ ၂၀၁၃-၂၀၁၄ တွင်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်းတွင် ဝင်ရောက်မှု မရှိခဲ့ပေ။ ထို့ပြင်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်ဒေါ်လာသန်း ၃၂၂၀ ခန့် အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။
“ဒီပမာဏကို ကြည့်ခြင်းအားဖြင့်တော့ ပမာဏတ ိုးလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်ကနေစပြီး ၂၀၁၁-၂၀၁၂ ပေါ့ ။ လက်ရှိအစိုးရ တာဝန်မယူခင် အချိန်ကာလ အထိဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဟာ ကဏ္ဍပေါင်း ၁၂ ခုမှာ ရင်းနှီးမြှုပ်နှံမှုဟာ ၃၃ ရာခိုင်နှုန်းလောက်နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ ပထမအဆင့် နေရာယူထားသော်လည်း ၃၃ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဘယ်နေရာမှာ တိုးလာလဲဆိုတော့ Manufacturing ပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့်က ပြောကြားခဲ့သည်။
လက်ရှိအစိုးရ လက်ထက်တွင် မူဝါဒပိုင်း အပြောင်းအလဲ လုပ်ထားသဖြင့် ယခင်က သဘာဝအရင်းအမြစ်ကို အခြေခံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အဓိကဝင်ရောက် လာသော်လည်း နောက်ပိုင်းတွင် နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကို အဓိကထားကာ ခွင့်ပြုပေးနေကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလျံရရှိရန် လျာထားရာ ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့မှ အဓိက ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
“ဒီနှစ်က ခြောက်ဘီလျံရရှိဖို့ လျာထားပါတယ်။ အဓိက Promote လုပ်တာကတော့ Manufacturing ကဏ္ဍပါ။ ဒုတိယက Telecom ကဏ္ဍပါ။ တတိယကဏ္ဍကတော့ Hotel and Tourism ကဏ္ဍဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
 

Most Read

Most Recent