အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်ထားသည်ဆိုသော လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒုဥက္ကဋ္ဌ နှစ်ဦးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အတည်မပြု၊ ရာထူးများအတွက် ရွေးချယ်ပြီးဖြစ်ကာ ကြေညာရန်သာ ရှိတော့ဟု ဦးဝင်းထိန် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်ထားသည်ဆိုသော လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒုဥက္ကဋ္ဌ နှစ်ဦးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အတည်မပြု၊ ရာထူးများအတွက် ရွေးချယ်ပြီးဖြစ်ကာ ကြေညာရန်သာ ရှိတော့ဟု ဦးဝင်းထိန် ပြောကြား
Published 21 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လာမည့်လွှတ်တော် သက်တမ်းတွင် ပါတီမှရွေးချယ် ထားသည်ဟုဆိုသော လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ဒုဥက္ကဋ္ဌနှစ်ဦးတို့နှင့် ပတ်သက်၍ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်း၏ ပြောကြားမှုအပေါ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့ခြင်း မရှိဘဲ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးများကို ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ကြေညာရန်သာ ရှိတော့ကြောင်း ပြောကြားသည်။
ဇန်နဝါရီ ၂၁ ရက်က ပြည်ထောင်စု လွှတ်တော်တွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ၎င်းတို့က ထိုသို့ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဖြေစရာလည်း မရှိပါဘူး။ ပြောတဲ့သူကိုသာ ပြန်မေးပါ။ အဲဒီကိစ္စအတွက် ဘာမှလည်း ဖြေစရာ မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်း၏ AFP သတင်းဌာနသို့ ပြောကြားချက်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထို့အတူ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးရွေးချယ်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်မှုကိုလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။
“ရာထူးမှန်သမျှဟာ ဒီလိုသတင်းဌာန တစ်ခုကို ပြောလိုက်တယ် ဆိုတာနဲ့တင် ကျွန်တော်တို့ အဲဒီလို ပေါ့ပေါ့တန်တန် ဘယ်တော့မှ ကျွန်တော်တို့ မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘယ်တော့မှ မလုပ်ဘူး။ ဒီလိုရာထူးတွေကို ကျွန်တော်တို့က စီအီးစီဆုံးဖြတ်ချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌ တွေကိုလည်း အသိပေးပြီးတော့မှ ကြေညာမှာ။ ဦးဉာဏ်ဝင်းပြောတဲ့ သဘောထားကတော့ စီအီးစီ ဆုံးဖြတ်ချက် မပါတဲ့ အတွက်ကြောင့် ဘယ်လိုကြောင့် အဲဒီလို ဖြစ်တယ်ဆိုတာ ပြန်မေးထားသေးတယ်။ လူရွေးတာကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး သေသေချာချာ သတိထားပြီး စိစစ်ရွေးချယ်တယ်။ ရွေးပုံရွေးနည်းကလည်း အမျိုးသား ရင်ကြားစေ့ရေးရယ်၊ တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့် အခြားပါတီကဖြစ်ဖြစ်၊ အပြင်က ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ပါမယ်ဆိုပြီး အဲဒီမူကို ထားပြီးရွေးတာ။ နောက်တစ်ခုက ကြေညာဖို့ဆိုတာ တိုင်ပင်ရတယ်။ တိုင်ပင်တယ်ဆိုတာ မရှိဘဲနဲ့ လုပ်တဲ့အတွက်ကြောင့် ကာယကံရှင်တွေလည်း ကျွန်တော်တောင်းပန်ပြီးပြီ၊ အချိန်တန်ရင်တော့ ကြေညာမှာပေါ့” ဟု ဦးဝင်းထိန်က ပြောကြားသည်။
ထို့နောက် သတင်းထောက်များ၏ ‘ရွေးချယ်ပြီးပြီလား’၊ ‘ကြေညာရုံပဲ ရှိတော့တာပေါ့’ ဟူသော မေးခွန်းကို ဦးဝင်းထိန်က ခေါင်းညိတ်ကာ ‘ဟုတ်ပါတယ်’ ဟု ပြန်လည် ဖြေကြားသည်။
ထို့ပြင် ဦးဉာဏ်ဝင်း၏ AFP သတင်းဌာနသို့ ပြောကြားချက်အရ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှစ်ဦး နေရာအား ကချင်တိုင်းရင်းသား တစ်ဦးနှင့် ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသား တစ်ဦးတို့အား လျာထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လျာထားခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် လက်ရှိတွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ် ခံထားရသူ တစ်ဦးဖြစ်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လျာထားခံရသူ ဦးမန်းဝင်းခိုင်သန်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးတော်စပ်သူဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ ရွေးချယ်ခံထား ရသူဖြစ်ပြီး လက်ရှိတွင် ၎င်းအားအမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် လျာထားမှုအား မသိရှိကြောင်း The Daily Eleven သတင်းစာသို့ ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ပြောကြားထားသည်။
 

Most Read

Most Recent