တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ လက်ရှိတွင် ထုတ်လုပ်မှု ကျဆင်းလာသဖြင့် အရောင်းအဝယ်စာချုပ် ပြန်လည်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကို မလေးရှားနိုင်ငံ Petronas ကုမ္ပဏီက သဘာဝဓာတ်ငွေ့ တူးဖော်နေခြင်းဖြစ်ပြီး ထိုင်း PTT ကုမ္ပဏီက ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် ရဲတံခွန်ကနေ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုက စပြီးကျနေပြီ။ အဲဒီအတွက် Petronas နဲ့ PTT ကုမ္ပဏီတို့ဟာ စာချုပ်ပြန်ပြီးချုပ်ဖို့ ပြင်ဆင်နေကြပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ပမာဏမှာ ယခင်က ကုဗပေ သုံးထရီယံခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထုတ်လုပ်မှု စတင်ကျဆင်း လာချိန်တွင် ကုဗပေ ၂ ဒသမ ၂ ထရီ လီယံခန့်သာ ရှိနိုင်တော့ကြောင်း သိရသည်။
“ရဲတံခွန်က မရတော့ဘူး။ မူလက တစ်နေ့ကို ကုဗပေ သန်း ၄၀၀ ထုတ်တယ်။ အခု ကုဗပေ သန်း ၂၅၀၊ ၂၆၀ လောက်ပဲ ထုတ်နိုင်တော့တယ်။ ထုတ်တာကလည်း ၁၄ နှစ်လောက် ရှိသွားပြီဆိုတော့ အရောင်းအဝယ် စာချုပ်စာတမ်းတွေလည်း ပြန်ပြီးတော့ ချုပ်ရပါတယ်။ အဲဒီတော့ Result ကိုလည်း ပြန်ပြီးတော့ ကြည့်ရတာပေါ့။ အဲဒါကလည်း ကျွန်တော်တို့ မူလမှန်းထားတဲ့ဟာထက် လျော့သွားတယ်ပေါ့။ မူလက သုံးထရီလီယံလောက် ရှိတယ်လို့ မှန်းထားတာ။ အခု ၂ ဒသမ ၂ လောက်ပဲ ရှိတော့တယ်။ အဲဒါကြောင့် သန်း ၂၅၀ နဲ့ပဲ ကျွန်တာ်တို့ဆက်ပြီး ထုတ်သွားပါမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၁၉၉၂ ခုနှစ်တွင် စတင်ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံသို့ စတင်တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အရောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ လက်ရှိထုတ်လုပ်နေသည့် တွင်းဟောင်းများမှ ထုတ်လုပ်မှု ကျဆင်းလာပြီး အသစ်တွေ့ရှိထားသည့် လုပ်ကွက်များမှ စတင်ထုတ်လုပ်ရန် အသင့်မဖြစ် နိုင်သေးသည့် အခြေအနေကြောင့် စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်လာနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အကြံပေး ဦးသန်းထွန်းက ပြောကြားသည်။
ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထုတ်လုပ်မှု ကျဆင်းလာချိန်၌ ၂၀၁၃ ခုနှစ်တွင် ရွှေသဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ် နိုင်ခဲ့ခြင်းကြောင့် သိသာသည့် ပြောင်းလဲမှု မရှိခဲ့ကြောင်း၊၂၀၁၄ ခုနှစ်တွင် ဇောတိက ထပ်မံထုတ်လုပ် ခဲ့သည့်အတွက် ယခင်ထုတ်လုပ်မှု ပမာဏထက် အနည်းငယ်ပိုမို လာခြင်းဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့မှာ တစ်နေ့လျှင် ကုဗပေ သန်း ၅၀၀ ဖြင့် ထုတ်လုပ်နေကြောင်း၊ ၁၁ နှစ် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း၊ ဇောတိကစီမံကိန်းမှာ တစ်ရက် သန်း ၃၅၀ ဖြင့် ထုတ်လုပ်နေကြောင်း အလွန်ဆုံး ၁၀ နှစ်အထိသာ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောကြားသည်။
ထိုင်းသို့ အဓိက တင်ပို့နေသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ လက်ရှိတွင် ထုတ်လုပ်မှု ကျဆင်းနေသဖြင့် အရောင်းအဝယ်စာချုပ် ပြန်လည်ချုပ်ဆိုရန် ပြင်ဆင်










