ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အလျင်အမြန် မြင့်တက်လာနေသော လူသားချင်းစာနာမှု အကူအညီလိုအပ်သူများကို ကူညီရန် နှစ်စဉ် ခန့်မှန်းခြေ ဒေါ်လာဘီလျံ ၄၀ အထိ လိုအပ်ကြောင်း၊ ကွာဟနေသော ရန်ပုံငွေလိုအပ်မှု ဒေါ်လာ ၁၅ ဘီလျံကို ဖြည့်ဆည်းနိုင်ရန် ဖြစ်နိုင်ခြေတစ်ခုမှာ ဘောလုံးပွဲနှင့် အခြားအားကစားပွဲများ၏ လက်မှတ်များ၊ ဖျော်ဖြေပွဲများနှင့် အခမ်းအနားများ၏ လက်မှတ်များ၊ လေကြောင်းလက်မှတ်များ၊ ဓာတ်ဆီများကို မိမိဆန္ဒအလျောက် အခွန်အနည်းငယ်ဆောင်ခြင်း (Voluntary Tax) ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်အပ်ခဲ့သည့် အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ယင်းအဖွဲ့၏ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ထောက်ပံ့မှုဆိုင်ရာ အစီရင်ခံစာတွင် စစ်ပွဲနှင့် သဘာဝဘေးများကြောင့် ခံစားခဲ့ရသော လူပေါင်း ၁၂၅ သန်းကို အသက်ကယ် အကူအညီပေးရန်အတွက် ပြီးခဲ့သောနှစ်တွင် ဒေါ်လာ ၂၅ ဘီလျံဝန်းကျင် သုံးစွဲခဲ့ကြောင်း၊ ယင်းပမာဏသည် ၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သော ဒေါ်လာ နှစ်ဘီလျံထက် ၁၂ ဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ခံစားနေရမှုများကို လျှော့ချရန်နှင့် အသက်များကို ကယ်တင်နိုင်ရန်အတွက် နှစ်စဉ် ထပ်တိုးဒေါ်လာ ၁၅ ဘီလျံ လိုအပ်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ကိုးဦးပါ ယင်းအဖွဲ့က တွက်ချက်ပြခဲ့သည်။ လက်ရှိနှုန်းအတိုင်း ဆက်သွားပါက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်အတွက် လိုအပ်မှုသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ဒေါ်လာဘီလျံ ၅၀ အထိ မြင့်တက်လာမည်ဖြစ်ကြောင်း ယင်းအဖွဲ့က သတိပေးခဲ့သည်။ ကုလသမဂ္ဂ၏ အရေးပေါ် လူသားချင်းစာနာမှု ထောက်ပံ့မှုများနှင့် နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းစဉ်များအတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်အဖြစ် အသုံးပြုနေသော ဒူဘိုင်းရှိ သဲကန္တာရတစ်ခုတွင် ယင်းအစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အသက်ကယ်အကူအညီများ လိုအပ်နေသူများကို ထောက်ပံ့ရန် ပြီးခဲ့သောနှစ်တွင် ဒေါ်လာ ၂၅ ဘီလျံ အသုံးပြုခဲ့သော်လည်း ဆီးရီးယားဒုက္ခသည် ၁ ဒသမ ၆ သန်းသည် စားနပ်ရိက္ခာဝေစုရရှိမှု လျှော့ချဖြတ်တောက်ခံခဲ့ရသလို ဆီးရီးယားဒုက္ခသည် ၇၅၀၀၀၀ ခန့်သည် ကျောင်းတက်နိုင်ခြင်း မရှိခဲ့ကြောင်း စာမျက်နှာ ၃၁ မျက်နှာပါသော ယင်းအစီရင်ခံစာက ဆိုသည်။ လူသားချင်းစာနာမှု အကူအညီပေးခြင်းဆိုသော မြင့်မြတ်သည့်လုပ်ရပ်များအတွက် စံချိန်တင်ပမာဏ အသုံးပြုနေသော်လည်း ပြည့်စုံလုံလောက်ခဲ့သည်ဟု မရှိခဲ့ကြောင်း ဘန်က ဆိုသည်။ယင်းအစီရင်ခံစာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းသုံးခုကို အလေးထား ဖော်ပြခဲ့သည်။ အလှူရှင်များက နှောင်ကြိုးချည်နှောင်မှု နည်းပါးပြီး ရေရှည်အတွက် မျှော်မှန်း၍ တိုးမြှင့်လှူ ဒါန်းကြရန်နှင့် အကူအညီပေးရေးအဖွဲ့အစည်းများကလည်း ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ကြရန် ယင်းအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
စစ်ပွဲနှင့် သဘာဝဘေးများကြောင့် ခံစားခဲ့ရသူများကို ကူညီပေးရန် ဒေါ်လာဘီလျံ ၄၀ လိုအပ်ဟု ကုလသမဂ္ဂ ပြောကြား















