မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ပြီးခဲ့သည့်နှစ်ထက်စော၍ ရေနည်းမှတ်ဖြစ်သော စင်တီမီတာ ၃၆၀ ဝန်းကျင်အထိ ကျဆင်းလျက်ရှိပြီး ဇန်နဝါရီလအတွင်း ရေနည်းမှတ်အောက် ကျဆင်းနိုင်

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ပြီးခဲ့သည့်နှစ်ထက်စော၍ ရေနည်းမှတ်ဖြစ်သော စင်တီမီတာ ၃၆၀ ဝန်းကျင်အထိ ကျဆင်းလျက်ရှိပြီး ဇန်နဝါရီလအတွင်း ရေနည်းမှတ်အောက် ကျဆင်းနိုင်
Published 18 January 2016
လဲ့လဲ့အောင်

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ဇန်နဝါရီ ဒုတိယအပတ်အတွင်းမှ စတင်ကာ ပြီးခဲ့သည့်နှစ်ထက်စော၍ ရေနည်းမှတ်သို့ ရောက်သည်အထိ ကျဆင်းလျက်ရှိပြီး ဇန်နဝါရီလအတွင်း ရေနည်းမှတ်အောက်ရောက်သည်အထိ ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ ခန့်မှန်းထုတ်ပြန်ချက်များအရ သိရသည်။မန္တလေးမြို့၏ ရေနည်းမှတ်မှာ ၃၆၀ စင်တီမီတာဖြစ်ပြီး ဇန်နဝါရီ ဒုတိယအပတ်အတွင်း ဧရာဝတီမြစ်၏ မန္တလေးမြို့ရေအမှတ်များမှာ ဇန်နဝါရီ ၁၁ ရက်တွင် ၃၇၈ စင်တီမီတာ၊ ဇန်နဝါရီ ၁၂ တွင် ၃၇၅ စင်တီမီတာ၊ ဇန်နဝါရီ ၁၃ တွင် ၃၇၃ စင်တီမီတာ၊ ဇန်နဝါရီ  ၁၄ တွင် ၃၇၁ စင်တီမီတာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၃၆၉ စင်တီမီတာအထိ ကျဆင်းလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။“မြစ်ရေအမှတ်က အခုတိုင်းထွာရရှိချက်တွေအရ  ၃၇၀ စင်တီမီတာကျော်နဲ့ ၃၆၀ စင်တီမီတာကျော်လောက် အထိကျနေတယ်။ ရေနည်းမှတ် ၃၆၀ စင်တီမီတာအထိတော့ မကျသေးဘူး။ မနှစ်က ဇန်နဝါရီ လကုန်ပိုင်းလောက်မှ ရေနည်းမှတ်နားရောက်တဲ့အထိ ကျတာဆိုတော့ ဒီနှစ်ရေကျတာမနှစ်ကထက် နှစ်ပတ်လောက်စောတယ်။ ကြားထဲ မြစ်အထက်ပိုင်း ရေအခြေအနေအရ မြစ်ရေအတိုးအလျော့ ရှိနိုင်ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတိုင်းထွာချက် အရ  ၃၇၆ စင်တီမီတာရှိပြီး မန္တလေးမြို့ ဧရာဝတီမြစ်ရေအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇန်နဝါရီ ၁၃ ရက်က မန္တလေးမြို့ရေအမှတ်မှာ နောက် ၁၀ ရက်အတွင်း မန္တလေးမြို့၏ ရေနည်းမှတ်အောက် ရောက်သည်အထိကျ ဆင်းနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၌ ဧရာဝတီမြစ် မန္တလေးမြို့၏ ရေအမှတ်မှာ ဇန်နဝါရီ ၂၉ ရက်တွင် ၃၆၂ စင်တီမီတာအထိ ကျဆင်းခဲ့ဖူးကြောင်း သိရသည်။လက်ရှိတွင် မြစ်ရေစော၍ ကျဆင်းမှုနှင့် မန္တလေးမြို့ အနီးဝန်းကျင်တွင် မြစ်ကြောင်းပြောင်းလဲကာ မြစ်အတွင်း သဲသောင်ထွန်းမှုများ ပိုမိုဖြစ်ပွားလာခြင်းကြောင့် မြစ်အတွင်း သွားရေယာဉ်များအနေဖြင့် ကွေ့ပတ်မောင်းနှင် ရခြင်းများ ပြုလုပ်ရလျက်ရှိပြီး မန္တလေးမြို့ အထက်ပိုင်း ရေလမ်းကြောင်းဖြစ်သော ဗန်းမော်၊ ကသာရေလမ်းများတွင်လည်း မြစ်ရေကျဆင်းမှုကြောင့် ရေယာဉ်များ သောင်တင်ခြင်းနှင့် ရေလမ်းကြောင်းကျပ်တည်းမှုများ မကြာခဏ ကြုံတွေ့ရလျက်ရှိကြောင်း ရေယာဉ်မောင်းများထံမှသိရသည်။      လဲ့လဲ့အောင်

Most Read

Most Recent