အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်အား ဦးလှဆွေက အသရေဖျက်မှု၊ မဲမသမာမှုများဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုကို ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံစစ်ဆေးမည်

အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်အား ဦးလှဆွေက အသရေဖျက်မှု၊ မဲမသမာမှုများဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုကို ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံစစ်ဆေးမည်
Published 12 January 2016
ငြိမ်းကို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) တွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် ဦးပြူးလွင်အား ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှဆွေက အသရေဖျက်မှု၊ မဲမသမာမှုများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းမှုကို ဇန်နဝါရီ ၁၅  ရက်တွင် ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးလှဆွေ၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၁ ရက်တွင် ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလှဆွေ၏ ကန့်ကွက်လွှာ တင်သွင်းမှုနှင့်ပတ်သက်၍ အနိုင်ရ  NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်က တောင်သူများ၏ လယ်မြေပြဿနာကို အကြောင်းပြကာ အသရေဖျက်မှု၊ မဲရုံခြောက်ရုံတွင် ပယ်မဲများခြင်းကို မဲမသမာမှုဖြင့် ကန့်ကွက်ခံထားရကြောင်း ပြောကြားသည်။
"လွန်ခဲ့တဲ့ သုံးနှစ်ခွဲ လေးနှစ်က တောင်သူငါးဦးကနေပြီးတော့မှ ဦးလှဆွေက သူတို့ ရေမြုပ်လို့ ပြောင်းရွှေ့ခဲ့ရတဲ့ လယ်ယာမြေတွေကို နိုင်ငံတော်မှာ သွားပြီးလျှောက် တောင်းခံတော့ သူတို့ မြေယာမဲ့ ဖြစ်ရတယ်ဆိုပြီး လက်မှတ်ထိုးပြီး တိုင်တာပါ။ ကျွန်တော်က လယ်ယာမြေ စိစစ်ရေးက ဖြစ်တဲ့အတွက်ကြောင့် အဲဒီတောင်သူတွေဟာ အဲဒီလယ်ယာမြေတွေမှာ ဓားမဦးချ လုပ်ကိုင်သူတွေ ဖြစ်တယ်ဆိုတာ ထောက်ခံကြောင်း လက်မှတ်ထိုးပေးလိုက်တယ်။ အဲဒီလို အသရေဖျက်တဲ့ အတွက်ကြောင့် သူမဲမရဘူးဆိုပြီး တိုင်တာပါ။ နောက်တစ်ခုက မဲရုံခြောက်ရုံကိစ္စ ကန်းတို့ ကန်တားတို့ နှမ်းခါးတို့ စွယ်တော်စတဲ့ မဲရုံတွေမှာ ပယ်မဲတွေများလို့ မဲတွေမရဘူးပေါ့ဗျာ။ ဒါ ကြောင့် သူသာလျှင် ခိုင်လုံမဲရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သင့်တယ်ဆို ပြီး ကန့်ကွက်လွှာ တင်တာပါ"ဟု ဦးပြူးလွင်က ပြောကြားသည်။
ဆက်လက်ပြီး ဦးပြူးလွင်က အဆိုပါ လယ်ယာမြေကိစ္စနှင့် ပတ်သက်၍လည်း ဦးလှဆွေက ၎င်းကို ဂန့်ဂေါတရားရုံးတွင် ပုဒ်မ ၅၀၀ အသရေဖျက်မှုဖြင့် တိုင်ကြားထားကြောင်း ပြောကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂)တွင် ဦးပြူးလွင်က ခိုင်လုံမဲ ၁၀၈၉၀၅ ရရှိပြီး ဦးလှဆွေက ၃၇၁၁၃ မဲသာရရှိကာ မဲခုနစ်သောင်းကျော် အသာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသည့် နောက်ဆုံးရက်အထိ ကန့်ကွက်လွှာ ၄၅ စောင် တင်သွင်းခဲ့ပြီး NLD ပါတီက အများဆုံး ကန့်ကွက်ခံရကြောင်း သိရသည်။
ကန့်ကွက်လွှာအမှု တင်သွင်းခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော မည်သည့်ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် သို့မဟုတ် စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်က အမှုကုန်ကျစရိတ် ငွေကျပ်ငါးသိန်း ပေးသွင်း၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စည်း စစ်ဆေးရာတွင် တရားမဲ့ပြုကျင့်မှုများ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၎င်းအား  လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရမှု ငါးမှုသာ ရှိခဲ့သည်။ အလားတူ ၂၀၁၂  ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု လေးမှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှမရှိခဲ့ပေ။     

Most Read

Most Recent