ဒေါ့မွန်အသင်းမှ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်သည့် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။အူဘာမီယန်းသည် မန်စီးတီးအသင်းမှ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ယာယာတိုရေး၊ ဆွမ်ဆီးအသင်းမှ ဂါနာတိုက်စစ်မှူး အန်ဒရေအယူးတို့နှင့် ပြိုင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယာယာတိုရေးကို (၇) မဲအသာဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ယခုဆုကို အာဖရိက လက်ရွေးစင် အသင်းများမှ နည်းပြ သို့မဟုတ် နည်းစနစ်ဒါရိုက်တာများ၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ရွေးချယ်ခြင်းလည်း ဖြစ်သည်။၂၀၁၅ ခုနှစ်အတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ၌ (၂၉) ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူ အူဘာမီယန်းသည် ဆန္ဒမဲ (၁၄၃)မဲ ရရှိခဲ့ပြီး ယာယာတိုရေးက (၁၃၆)မဲ၊ အန်ဒရေအယူးက (၁၁၂)မဲသာ ရရှိခဲ့ကြောင်း သိရှိရသည်။အူဘာမီယန်းသည် ယာယာတိုရေး၏ (၅)နှစ်ဆက် အောင်ပွဲခံမည့် မျှော်လင့်ချက်ကို ချိုးဖျက်ပစ်နိုင် ခဲ့ခြင်းဖြစ်ပြီး ဂါဘွန်ကစားသမား များထဲတွင် ပထမဆုံး ဆုရယူနိုင်သူလည်း ဖြစ်လာခဲ့သည်။ထို့ပြင် ဥရောပတွင် မွေးဖွားကြီးပြင်းခဲ့သူများထဲမှ ယခုဆုကို ရယူနိုင်ခဲ့သည့် ဒုတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ဆုချီးမြှင့်ပွဲတွင် အူဘာမီယန်းက "ဂါဘွန်နိုင်ငံသားတွေကို ကျေးဇူးတင်ပါတယ်။ ဒီဆုက သူတို့အတွက်ပါ။ လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းက အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဂိုးတွေအများကြီး သွင်းနိုင်အောင် သူတို့ ကူညီပေးခဲ့တာကြောင့်ပါ။ ဂါဘွန်က လူငယ်မိဘတွေကိုတော့ ကိုယ့်ရဲ့ သားသမီးတွေကို သူတို့အိပ်မက်ထားတဲ့အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ အခွင့်အရေးတစ်ကြိမ် ပေးလိုက်ကြပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်း ရရှိ
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago