ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ် အများသုံး အိမ်သာအား ဓာတ်ဆီလောင်း မီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ မရှိ ဆေးစစ်မှု ပြုလုပ်ထားပြီး မျက်မြင်သက်သေများအား ဆက်လက်စစ်ဆေးနေ

ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ် အများသုံး အိမ်သာအား ဓာတ်ဆီလောင်း မီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ မရှိ ဆေးစစ်မှု ပြုလုပ်ထားပြီး မျက်မြင်သက်သေများအား ဆက်လက်စစ်ဆေးနေ
Published 6 January 2016

ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ် အများသုံး အိမ်သာအား ဓာတ်ဆီလောင်း မီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ဆေးစစ်မှု ပြုလုပ်ထားပြီး မျက်မြင်သက်သေများ ဆက်လက်စစ်ဆေးနေကြောင်း အမှုစစ်အရာရှိထံမှ သိရသည်။ဖြစ်စဉ်မှာ ယခု ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီ ၃၇ မိနစ် အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက်၊ လွတ်လပ်ရေးလမ်းရှိ ကမ္ဘောဇဘဏ်၌ ဘဏ်သို့ လာရောက်သည့် အမျိုးသားတစ်ဦးက ဘဏ်အောက်ဆုံးထပ်ရှိ အများသုံး ကျားအိမ်သာ အတွင်းပိုင်းအား ဓာတ်ဆီလောင်း မီးရှို့ကာ ဘဏ်ငွေများ လုယက်ရန် ကြိုးစားခဲ့သည့်အတွက် ၎င်းအား ဘဏ်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။အများသုံးအိမ်သာ အတွင်းပိုင်းအား မီးရှို့၍ ဘဏ်ငွေများအား လုယက်ရန် ကြိုးစားသူမှာ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေမှ အကြီးတန်းစာရေး ကိုမျိုးဆက် (၂၈) ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိထားသော ကိုမျိုးဆက် ဆိုသူအား ပခုက္ကူမြို့မ ရဲစခန်းက (ပ) ၇။/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ (မီးရှို့မှု) ဖြင့် ကနေဦး အမှုဖွင့် အရေးယူထားပြီး ဘဏ်ငွေများ လုယက်ခြင်းနှင့် ပတ်သက်၍ အမှုအား ခိုင်မာစွာ တည်ဆောက်နိုင်ရန် စီစီတီဗွီ မှတ်တမ်းများ စုဆောင်းစစ်ဆေးခြင်းနှင့် မျက်မြင်သက်သေများအား စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ပခုက္ကူ  ကမ္ဘောဇဘဏ် စီစီတီဗွီ မှတ်တမ်းများနှင့် ဝင်ရောက်ဖမ်းဆီခဲ့သည့် ဘဏ်ဝန်ထမ်းများ ပြောကြားချက်အရ ကိုမျိုးဆက် ဆိုသူသည် ဘဏ်အတွင်းသို့ ကြွပ်ကြွပ်အိတ် အမည်းရောင်အား ကိုင်ဆောင်၍ အများသုံး အမျိုးသားအိမ်သာအတွင်း ဝင်ရောက်သွားခဲ့ကြောင်း၊ သုံးမိနစ်ခန့်အကြာ အိမ်သာမှ ပြန်ထွက်လာပြီး မီးလောင်နေသည်ဟု အော်ဟစ်ခါ လွှဲငွေများ သိမ်းဆည်းထား သည့်နေရာ (၎င်းနေရာသည် တာဝန်ကျ ဘဏ်ဝန်ထမ်းများမှလွဲ၍ အခြားဌာနခွဲမှ ဝန်ထမ်းများ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူများ ဝင်ရောက်ခြင်း မပြုရန် အကာအရံဖြင့် တားဆီးထားသည့်နေရာ) အတွင်းသို့ ဝင်ရောက်၍ ကျပ်တစ်သောင်းတန် ငွေစက္ကူအစည်းအား ဆွဲယူလိုက်သည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပခုက္ကူမြို့မ ရဲစခန်း တာဝန်ရှိသူများကလည်း မီးလောင်မှု စတင်ဖြစ်ပွားသည့် အိမ်သာအတွင်း ဝင်ရောက်စစ်ဆေးရာတွင် ဓာတ်ဆီနံ့၊ ဓာတ်ဆီထည့်ရာတွင် အသုံးပြုသည့် ရေသန့်ဘူးတို့ စစ်ဆေးတွေ့ရှိရကြောင်း၊ စီစီတီဗီ မှတ်တမ်းအား ကြည့်ရှု့စစ်ဆေးရာတွင်လည်း လက်ရှိ ဖမ်းဆီးထားသည့် ကိုမျိုးဆက်ဆိုသူ ဝင်ရောက်သွားပြီးမှ မီးလန့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက မီးလောင်နေသည်ဟု အော်ဟစ်ချိန်တွင် အိမ်သာအတွင်းမှ မီးခိုးများ မထွက်သေးကြောင်းနှင့် ငွေပုံအား လက်ဖြင့် လှမ်းလိုက်သည်တို့ကို စစ်ဆေးတွေ့ရှိရကြောင်း ဖြေကြားခဲ့သည်။ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်တွင် ယခုကဲ့သို့ ဘဏ်အဆောက်အအုံ အစိတ်အပိုင်းအား မီးရှို့၍ ငွေလုယက်ရန် ကြံစည်မှု ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အခင်းဖြစ်သည့်နေ့က ဘဏ်အတွင်းငွေသွင်း၊ ငွေထုတ် ပြုလုပ်သူများများ ပြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent