ဂုတ်ထိပ်တံတားသို့ ခရီးသွား ဝင်ရောက်မှုမှ ဒေါ်လာနှစ်သိန်းနီးပါး ရရှိထားသော်လည်း ဒီဇင်ဘာ နောက်ဆုံးပတ်မှစ၍ ခရီးသွား ဝင်ရောက်မှု လျော့နည်း

ဂုတ်ထိပ်တံတားသို့ ခရီးသွား ဝင်ရောက်မှုမှ ဒေါ်လာနှစ်သိန်းနီးပါး ရရှိထားသော်လည်း ဒီဇင်ဘာ နောက်ဆုံးပတ်မှစ၍ ခရီးသွား ဝင်ရောက်မှု လျော့နည်း
Published 4 January 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ဂုတ်ထိပ်တံတားသို့ ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှုမှ အမေရိကန်ဒေါ်လာ နှစ်သိန်းနီးပါး ရရှိထားသော်လည်း ဒီဇင်ဘာ နောက်ဆုံးပတ်မှစ၍ ခရီးသွား ဝင်ရောက်မှု လျော့နည်းသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောကြားသည်။ရှမ်းပြည်(မြောက်ပိုင်း)သို့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုမှ ဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၈၈၆၅၃ ဒေါ်လာနှင့် ပြည်တွင်း ကျပ်သိန်းပေါင်း ၃၅၂၁ သိန်း ရရှိထားကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် လာရောက် လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွား စုစုပေါင်း ၄၉၉၉၅ ဦးရှိပြီး ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၇၃၆၇၈ ဒေါ်လာနှင့် ပြည်တွင်း ကျပ်သိန်းပေါင်း ၃၀၄၉ သိန်းရရှိထားကြောင်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြည်တွင်းပြည်ပ ခရီးသွား စုစုပေါင်း ၅၃၉၁၃ ဦးရှိကြောင်း သိရသည်။ထို့ပြင် လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကိုးကန့်ဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားဦးရေ ၈၄၁၈၂ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပြည်ပခရီးသွား ဝင်ရောက်မှုမှာ တစ်သိန်းခွဲကျော် ဝင်ရောက်ပြီး လက်ရှိ ၂၀၁၅ ခုနှစ်တွင် ယခင်နှစ်ထက် ဧည့်သည်ဝင်ရောက်မှု လျော့နည်းမည်ဖြစ်ကြောင်း သိရသည်။“ဂုတ်ထိပ်တံတားကို နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုက နှစ်တိုင်း တိုးတက်နေတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ခရီးသွား ဝင်ရောက်မှုက နည်းသွားတယ်။ မိုးရာသီမှာ သူတို့အတွက် သွားလာရ လွယ်ကူအောင် မီးရထား စင်းလုံးငှားတဲ့ အစီအစဉ်တွေလည်း လုပ်ထားပါတယ်။ ပြီးတော့ သီပေါ-ကျောက်မဲမှာ တည်းတဲ့ ခရီးသွားဧည့်သည် သုံးပုံတစ်ပုံလောက်က ဂုတ်ထိပ်ကိုဖြတ်ပြီးမှ သွားကြတာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ရှမ်းပြည်နယ်-မြောက်ပိုင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အဆိုပါ ဒေသသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု အဆင်ပြေစေရန် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ ၂၅ ခုရှိပြီး ၂၀၁၅ နိုဝင်ဘာလကုန်အထိ ဟိုတယ် ၄၄ လုံးနှင့် အခန်းပေါင်း ၁၃၈၉ ခန်းရှိပြီး ဆောက်လုပ်ဆဲဟိုတယ် ငါးလုံးနှင့် အခန်းပေါင်း ၄၀၀ ထပ်တိုးလာမည်ဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ လာရောက်လည်ပတ်ရာတွင် ပထမ ဦးစားပေး အနေဖြင့် ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်ပြီး ကျောက်မဲနှင့် သီပေါဒေသသို့လည်း အများဆုံး သွားရောက်လည်ပတ်ကြကြောင်းလည်း သိရသည်။အဆိုပါ ရှမ်းမြောက်ဒေသသည် နောင်လာမည့် အနာဂတ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်း များစွာရှိသည့် နေရာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent