စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၀၅၀ ရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော် ဘတ်ဂျက် တစ်ခုတည်းဖြင့် ဆက်လက် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သဖြင့် ပြင်သစ် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်မည်

စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၀၅၀ ရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော် ဘတ်ဂျက် တစ်ခုတည်းဖြင့် ဆက်လက် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သဖြင့် ပြင်သစ် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်မည်
Published 1 January 2016
နီလာ

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာရှိ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော် ဘတ်ဂျက် တစ်ခုတည်းဖြင့် ဆက်လက် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သဖြင့် ပြင်သစ် ကုမ္ပဏီ Electricite De France S.A (EDF; Electricity of  France) နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ရွှေလီ ရေအားလျှပ်စစ် စီမံကိန်းကို နိုင်ငံတော် အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် စီမံကိန်း၏ ၉ ဒသမ ၉၂ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း သိရသည်။“၂၀၁၀-၂၀၁၁ ကနေ လက်ရှိအချိန်အထိ ငါးနှစ်တာ ကာလအတွင်း နိုင်ငံတော် ဘတ်ဂျက်နဲ့ ဆောင်ရွက်ခဲ့ရာမှာ ၁၀ ရာခိုင်နှုန်းနီးပါးသာ ပြီးစီးနေသေးတဲ့အတွက် တွက်ကြည့်ရင် တစ်နှစ်ပျမ်းမျှ နှစ်ရာခိုင်နှုန်းသာ ပြီးစီးပါသေးတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပြင်သစ်နိုင်ငံက EDF နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။“ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းက စက်တပ်ဆင်အင်အား ၁၀၅၀ မဂ္ဂါဝပ် ရှိပါတယ်။ သူ့ကို ပထမဆုံး နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒီနေရာမှာ စီမံကိန်း ပမာဏ အရမ်းကြီးမားတဲ့အတွက် နည်းပညာနဲ့ ကုန်ကျစရိတ် ကြီးမားတဲ့အတွက် စီမံကိန်းအတွက် လိုအပ်တဲ့ နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ဖို့အတွက် PPP စနစ် အခြေခံပြီး ဆက်လက် အကောင်အထည် ဖော်သွားဖို့အတွက် ပြင်သစ်နိုင်ငံက Electricite De France FA ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ရေးထိုးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။EDF အနေဖြင့် လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ မည်မျှထည့်ဝင်မည်ကို တိတိကျကျ မသိရသေးကြောင်း၊ သို့သော်လည်း လေးလအတွင်း စီမံကိန်းအတွက် မည်မျှရရှိမည်ကို ပြန်လည် တင်ပြမည်ဖြစ်ကြောင်း၊  လတ်တလောတွင် မြန်မာနိုင်ငံဘက်က ၅၁ ရာခိုင်နှုန်း ထည့်ဝင်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား အားလုံးကိုမူ ပြည်တွင်း၌ သုံးစွဲရန် အတွက်သာ ဖြန့်ဖြူးမည် ဖြစ်ကြောင်း၊ စီမံကိန်း တစ်ခုလုံးကိုမူ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြီးစီးရန် လျာထားကြောင်း သိရသည်။