မြို့နယ်သုံးခုအတွင်းမှ ဆိုင်ကယ်များ လိုက်လံ ခိုးယူနေသည့် အဖွဲ့အား ဖမ်းဆီးရမိ

မြို့နယ်သုံးခုအတွင်းမှ ဆိုင်ကယ်များ လိုက်လံ ခိုးယူနေသည့် အဖွဲ့အား ဖမ်းဆီးရမိ
Published 31 December 2015

မြို့နယ်သုံးမြို့နယ်မှ ဆိုင်ကယ်များ လိုက်လံ ခိုးယူနေသည့် အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်တွင် ဒဂုံတောင် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် ဒဂုံတောင်မြို့နယ်၊ (၁၈) ရပ်ကွက်၊ အောင်ဇေယျလမ်းနှင့် ပုလဲရတနာ လမ်းထောင့်တွင် ဆိုင်ကယ်တစ်စီးနှင့် လူငယ်သုံးဦးအား  မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းတို့သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း မပြနိုင်သည့်အပြင် ယင်းဆိုင်ကယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ် ရပ်ကွက်အတွင်းရှိ  ဆောက်လုပ်ဆဲ တိုက်အောက်၌ ရပ်နားထားစဉ် ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့သို့တွေ့ရှိသဖြင့် တောင်ဒဂုံမြို့မ ရဲစခန်းမှ ၎င်းတို့သုံးဦးအား ပြစ်မှုပုဒ်မ-၃၈၀/ ၅၄ ဖြင့် အမှုဖွင့်ထားပြီး အခြားခိုးယူမှုများ ထပ်မံ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဘဝမြင့် မှတ်တိုင်အနီး လမ်းသွယ်အတွင်းရှိ တိုက်အောက်တွင် ရပ်ထားသည့် Honda စာတမ်းပါ ဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးချက်များအရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လအတွင်းက ၎င်းတို့သုံးဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်ထဲရှိ အထပ်မြင့်တိုက်ရှေ့တွင် ရပ်ထားသည့် အနက်ရောင် ဆိုင်ကယ်တစ်စီးမှာ သော့ခတ်ထားခြင်း မရှိသဖြင့် ၎င်းတို့၏ နေအိမ်သို့ တွန်းယူခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ (၆) ကွေ့မှတ်တိုင် အနီးရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ ကယ်ရီသမားတစ်ဦးက ငွေကျပ် ၁၈၀၀၀၀ ဖြင့် ရောင်းချပေးခဲ့ဖူးကြောင်း၊ ယင်းလအတွင်း၌ပင် ၎င်းတို့သုံးဦးသည် ဆိုင်ကယ်တစ်စီးအား အတူစီးနင်းပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၉) လမ်းအတွင်းရှိ တိုက်ရှေ့တွင် ရပ်ထားသည့် တီနာအနီ/နက်စပ် ကျားဆိုင်ကယ်တစ်စီးအား ဇက်သော့ခတ်ထားခြင်း မရှိသဖြင့် ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင် စက်ဘီးကျွတ်ဖြင့် ချည်နှောင်ဆွဲယူပြီး ဆိုင်ကယ်အား မြောက်ဥက္ကလာပမြို့နယ်၊ (၆) ကွေ့အနီးရှိ ကယ်ရီဂိတ်၌ပင် ရောင်းချခဲ့ဖူးကြောင်း  သိရသည်။
အောက်တိုဘာ လအတွင်း၌ပင် ၎င်းတို့သုံးဦးသည် ဆိုင်ကယ်တစ်စီးအား အတူစီးနင်းပြီး ဒဂုံအရှေ့မြို့နယ်၊ ဒဂုံတက္ကသိုလ် မုခ်ဦးရှေ့ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်တွင် ရပ်ထားသည့် အနက်ရောင် ဆိုင်ကယ်တစ်စီးအား ဇက်သော့ခတ်ထားခြင်း မရှိသဖြင့် ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင် စက်ဘီးကျွတ်ဖြင့် ချည်နှောင်ဆွဲယူပြီး ခိုးယူခဲ့ဖူးကြောင်း၊ ထို့ပြင် နိုဝင်ဘာ လအတွင်းက ၎င်းတို့သုံးဦးသည် ဆိုင်ကယ်တစ်စီးအား အတူစီးနင်းပြီး ဒဂုံတောင်မြို့နယ်၊ စက်မှုဇုန်အနီး ရှမ်းလမ်းတွင် ရပ်ထားသည့် အဖြူအနက်ကျား ဆိုင်ကယ်တစ်စီးအား သော့ခတ်မထားသဖြင့်  ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင် စက်ဘီးကျွတ်ဖြင့် ချည်နှောင်ဆွဲယူပြီး ခိုးယူခဲ့ဖူးကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ လအတွင်းကလည်း ၎င်းတို့သုံးဦးသည် ဆိုင်ကယ်တစ်စီးအား အတူစီးနင်းလာပြီး ဒဂုံတောင်မြို့နယ်၊ (၂၅) ရပ်ကွက်အတွင်းရှိ အထပ်မြင့် တိုက်အရှေ့ တွင် ရပ်ထားသည့် အပြာရောင် ဆိုင်ကယ်တစ်စီးမှာ ဇက်သော့ခတ်ထားခြင်း မရှိသဖြင့် ၎င်းတို့ မောင်းနှင်လာသည့်  ဆိုင်ကယ်နောက်တွင် စက်ဘီးကျွတ်ဖြင့် ချည်နှောင် ဆွဲယူပြီး ခိုးယူခဲ့ကြောင်း၊ ၎င်းတို့သုံးဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ စီမံကိန်း (၂) ရပ်ကွက်၊ သခင်ဖိုးလှကြီး လမ်းရှိ အထပ်မြင့်တိုက်ရှေ့တွင် ရပ်ထားသည့် ငွေရောင်ဆိုင်ကယ်တစ်စီး ခိုးယူခဲ့ကြောင်း သိရသည်။
၎င်းတို့သုံးဦးသည် ဆိုင်ကယ်စီး၍ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံအရှေ့နှင့် ဒဂုံတောင်မြို့နယ်များအတွင်း ဆိုင်ကယ်ခိုးယူမှု (၁၀) ကြိမ် ကျူးလွန်ထားခဲ့ကြောင်းလည်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။        

Most Read

Most Recent