ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော မချောစန္ဒီထွန်းအား မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က ထောင်ခြောက်လ ကျခံစေရန် အမိန့်ချ

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော မချောစန္ဒီထွန်းအား မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က ထောင်ခြောက်လ ကျခံစေရန် အမိန့်ချ
Published 28 December 2015
သက်မင်း

ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော ထဘီအရောင်နှင့် အသစ်ပြောင်းလဲ ဝတ်ဆင်သော တပ်မတော် ယူနီဖောင်း အရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်၏ တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်းကို ဒီဇင်ဘာ ၂၈ ရက်က မအူပင်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။တရားလိုပြ သက်သေများနှင့် စွပ်စွဲခံရသူ၏ သက်သေများကို ရုံးတော်တွင် စစ်ဆေး မေးမြန်းခဲ့ပြီး ဖြစ်သည့်အတွက် ယခုရုံးချိန်းတွင် မချောစန္ဒီထွန်းကို မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။ မိနစ် ၂၀ ခန့်ကြာအောင် စာမျက်နှာ ၁၁ မျက်နှာပါ အမိန့်စာကို ဖတ်ကြားပြီးသည့်နောက် မအူပင်မြို့နယ် တရားသူကြီးက မချောစန္ဒီထွန်းကို ထောင်ဒဏ် ခြောက်လ အမိန့်ချမှတ်ခဲ့သည်။ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခံရသည့် မချောစန္ဒီထွန်းက ယင်းအမိန့်သည် တရားမျှတမှု မရှိကြောင်း၊ တရားလိုပြ သက်သေများက ရုံးတော်တွင် ထွက်ဆိုရာတွင်လည်း ၎င်းကျူးလွန်ကြောင်းကို သက်သေထင်ရှား မပြနိုင်ဘဲ သံသယဖြင့်သာ စွပ်စွဲခြင်းဖြစ်သဖြင့် အမိန့်အပေါ် ကျေနပ်မှု မရှိကြောင်း အမိန့်ချမှတ် အပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။“လုံး၀ တရားမျှတမှု မရှိဘူးလို့ ထင်ပါတယ်။ ပြစ်ဒဏ်က ခြောက်လပါ။ ကျွန်မကို ပြစ်မှု ထင်ရှားတယ်ဆိုပြီး ချလိုက်တာ။ ပြစ်မှု ထင်ရှားတယ်ဆိုရင် အွန်လိုင်းမှာ သုံးနေတဲ့ မည်သူမဆို ပြစ်မှုထင်ရှားတာတွေ အများကြီးပါ။ ဥပဒေရဲ့အောက်မှာပဲ ရှိရမှာပေါ့။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေချင်ပါဘူး။ NLD ပါတီဝင်ဖြစ်လို့ ဘယ်သူဖြစ်လို့ဆိုပြီး အမိန့်ချတာမျိုး မဖြစ်စေချင်ဘူး။ နောက်ပြီး ဒီအမှုအတွက်တော့ ဘာမှမလုပ်ကြပါနဲ့။ အာဏာလွှဲတဲ့အထိ ငြိမ်နေပေးကြပါလို့ ပြောချင်ပါတယ်” ဟု မချောစန္ဒီထွန်းက ပြောကြားသည်။“မတရားပါဘူး။ စပြီး ဖမ်းကတည်းကိုက မတရားတာပါ။ အန်တီတို့ မိသားစု အနေနဲ့ကတော့ မထိခိုက်ပေမယ့် ကလေးကတော့ ထိခိုက်ပါတယ်။ မိန်းကလေးလည်းဖြစ်တယ်။ ဘွဲ့ရပညာတတ်လည်း ဖြစ်တဲ့အတွက်ကြောင့်ပါ။ အခုဟာက အစိုးရ မကောင်းကြောင်းရေးရင် လူတွေအကုန်လုံးကို ထောင်ထဲ ထည့်ချင်တဲ့ သဘောမှာ ရှိတယ်။ တကယ့်တကယ်ကတော့ လူတွေကိုသာ ထောင်ထဲထည့်လို့ရမယ်။ စိတ်ဓာတ်တွေကိုတော့ ထည့်လို့ရမှာ မဟုတ်ပါဘူး။ ဒီအမှုကတော့ ရှက်စရာကောင်းတဲ့ အမှုလို့ မထင်ပါဘူး။ ကျွန်မတို့ လွတ်လပ်ရေးနေ့မှာ တစ်ချက် လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်တယ်။ နောက်ပြီးရင်တော့ အယူခံ လျှောက်မှာပါ” ဟု မချောစန္ဒီထွန်း၏ မိခင်က ပြောကြားသည်။“ကျွန်တော်တို့နဲ့ တရားရုံးနဲ့ အမြင်မတူတဲ့ သဘောပဲ။ အမြင်မတူတဲ့ အတွက်ကြောင့် ဒီလိုကြားရတာပေါ့။ အပေါ်ရုံးကို တက်မယ်ဆိုရင်တော့ အလားအလာ ကောင်းနိုင်တယ်။ ဒါပေမဲ့ သာယာဝတီမှာ ဖြစ်သလို အမှုတွေ ကြန့်ကြာသွားနိုင်တယ်။ ဒီအတိုင်းကလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးရင်တော့ ထွက်သွားနိုင်တယ်။ အမှု အနေအထားကို သုံးသပ်ရရင်တော့ လွှတ်ပေးမယ်ဆိုရင် လွှတ်ပေးလို့ရတဲ့ အနေအထားပေါ့။ ကျွန်တော်တို့ကတော့ လွှတ်ဖို့သုံးသပ်တယ်။ ဒါပေမဲ့ တရားသူကြီးရဲ့ အမြင်ကတော့ ကျွန်တော်တို့နဲ့ အမြင်မတူပေမယ့် သိပ်ဆိုးလှတဲ့ အနေအထားတော့ မရှိဘူး။ Facebook Account တွေမှာ ဖြစ်နေတဲ့ ကိစ္စကို ဒီအမှုဟာ ပထမဆုံး အမှုဖွင့် တရားစွဲတဲ့ အမှုဖြစ်သလို ပထမဆုံး ထောင်ချလိုက်တဲ့ အမှုလည်း ဖြစ်တယ်။ တရားဥပဒေပိုင်းအရ ဆိုရင်တော့ တရားသူကြီးရော တရားရုံးရော Facebook နဲ့ပတ်သက်ရင် ပထမဆုံး စစ်ရတဲ့ အမှုဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနိုင်တယ်။ စီအိုင်ဒီက သက်သေလာထွက်သွားတဲ့ရဲလည်း ဒီ် Facebook နဲ့ ပတ်သက်ရင် ဒါပထမဆုံး ထွက်တာပဲ” ဟု မချောစန္ဒီထွန်း၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ယခုအမိန့်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ တရားစီရင်ရေး မဏ္ဍိုင်အပေါ် လွှမ်းမိုးဆဲဖြစ်ကြောင်း၊ လက်ရှိအစိုးရ လက်ထက်တွင် တရားစီရင်ရေးမဏ္ဍိုင်မှာ ပြိုလဲနေဆဲဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိဟုသာ ထင်မြင်မှုရှိကြောင်းနှင့် မျှတသော တရားစီရင်ရေး မဟုတ်ဟု မြင်နိုင်ကြောင်း မချောစန္ဒီထွန်းဘက်မှ သက်သေထွက်ဆိုပေးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မအူပင် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဦးဇော်မိုးက သုံးသပ်ပြောကြားသည်။ယနေ့ရုံးချိန်းတွင် ပုံမှန်ရုံးထုတ်ချိန်ထက် အနည်းငယ်စောကာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ရဲအင်အားမှာလည်း ပုံမှန်ရုံးချိန်းများထက် ပိုမိုအသုံးပြုထားပြီး ရဲအင်အား ၅၀ ခန့် လုံခြုံရေးယူခဲ့ကြောင်း သိရသည်။ထို့ပြင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ရှိသည်ဟု ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်ခံရသည့် မချောစန္ဒီထွန်းမှာ အောက်တိုဘာ ၁၂ ရက်ကတည်းက ဖမ်းဆီးခံရခြင်း ဖြစ်သောကြောင့် မအူပင် အကျဉ်းထောင်ထဲတွင် သုံးလကျော် ထပ်မံ အကျဉ်းချခံရဦးမည် ဖြစ်သည်။