ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် ယူ-၂၃ ဘောလုံးအသင်း

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် ယူ-၂၃ ဘောလုံးအသင်း
Published 27 December 2015

(၂၈)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှု သိသိသာသာ လျော့ကျခဲ့သော်လည်း မြန်မာ ယူ-၂၃ ဘောလုံးအသင်း၏ အောင်မြင်မှုကြောင့် မြန်မာအားကစား ပရိသတ်များ ကျေနပ်ခဲ့ရသည့် ပြိုင်ပွဲဖြစ်ခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် အံ့ဖွယ်စွမ်းဆောင်ရည်များနှင့် အာဆီယံဒေသတွင်း ပြိုင်ဘက်အသင်းများကို ကျော်ဖြတ်ကာ ငွေဆုရယူ နိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံးမှ သန်း ၅၀ ကျော်သော ပြည်သူများ၏ အားပေးမှုကို ရရှိကာ ပရိသတ်များပေးသည့် ရွှေဆု ရယူနိုင်ခဲ့သည့် အသင်းဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် အတိတ်ဆိုးက ခြောက်လှန့်နေခဲ့သော်လည်း မြန်မာ ယူ-၂၃ အသင်းမှာ အကောင်းဆုံး ကျော်လွှားနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အုပ်ချုပ်သူနှင့် နည်းပြချုပ် ရွေးချယ်မှု မှန်ကန်ခဲ့ခြင်းလည်း ပါဝင်ခဲ့ပြီး ငွေခေတ် ဘောလုံးသမားများဖြစ်သည့် ဦးသန်းတိုးအောင်ကို အုပ်ချုပ်သူ၊ ဦးကြည်လွင်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင်တို့မှာ ၁၉၉၃ ခုနှစ် စင်ကာပူဆီးဂိမ်းစ် ပြိုင်ပွဲတွင် ငွေဆုရရှိစဉ်က အတွဲညီခဲ့သည့် ကစားသမား ဟောင်းများဖြစ်ပြီး ၎င်းတို့ပြန်လည် လက်တွဲကိုင်တွယ်ခဲ့သည့် မြန်မာ ယူ-၂၃ အသင်းကိုလည်း ရှစ်နှစ်အကြာ ဝေးကွာနေသည့် ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အသင်းဖွဲ့စည်းရာတွင် နာမည်ကြီး ကစားသမားများ မပါဝင်ခြင်း၊ ပြိုင်ပွဲအကြို နိုင်ငံတကာ ခြေစမ်းပွဲများ လုံလောက်စွာ မကစားရခြင်း၊ အုပ်စုတွင်း၌ အိမ်ရှင်စင်ကာပူ၊ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အုပ်စုနောက်ဆုံးပွဲ၌ သမိုင်းဝင်ရှုံးပွဲအဖြစ် အရှုံးပေးခဲ့ရသည့် အင်ဒိုနီးရှား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်းတို့ကြောင့် ပြိုင်ပွဲမတိုင်မီ ကာလတွင် မြန်မာ ယူ-၂၃ အသင်းကို အထင်ကြီးသူ မရှိသလောက် ဖြစ်ခဲ့ရသည်။ သို့သော် ဝါရင့်လက်ရွေးစင်ဟောင်း နှစ်ဦးဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင်တို့၏ ပေါင်းစပ်မှု၊ ကစားသမားများ၏ ကြိုးစား အားထုတ်မှုတို့အပြင် စင်ကာပူနိုင်ငံရောက် မြန်မာဘောလုံး ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုများကြောင့်  ဗိုလ်လုပွဲအထိ တက်ရောက်ကာ ငွေဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် အုပ်စုပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းကို (၄-၂)ဂိုး၊ အိမ်ရှင် စင်ကာပူအသင်းကို (၂-၁)ဂိုး၊ ဖိလစ်ပိုင် အသင်းကို (၅-၁)ဂိုး၊ တို့ဖြင့် အနိုင်ရရှိပြိး ကမ္ဘောဒီးယား အသင်းနှင့် သုံးဂိုးစီသရေကျကာ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ပထမနေရာ ရယူနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ဗီယက်နမ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူခဲ့သော်လည်း ဗိုလ်လုပွဲတွင် ထိုင်းအသင်း ကို (၃-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့်အတူ ကျော်ဇင်ဖြိုး(ဂိုး)၊ စည်သူအောင်၊ ကောင်းဆက်နိုင်၊ ရဲကိုဦး စသည့် ကစားသမား များမှာလည်း နာမည်ကျော် ကစားသမားများ ဖြစ်လာခဲ့သည်။
ယင်းအတွက်ကြောင့် ရှစ်နှစ်အကြာတွင် ဆီးဂိမ်းစ်ငွေဆု ပြန်လည် ရယူနိုင်ခဲ့သည့် မြန်မာ ယူ-၂၃ အသင်းကို ၂၀၁၅ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဏတွင် ရွေးချယ်ဖော်ပြ လိုက်ရခြင်း ဖြစ်သည်။

Most Read

Most Recent