ဦးခြိမ့်ကောင်းမှု နတ်လူသာဓု ခေါ်စေသော်

ဦးခြိမ့်ကောင်းမှု နတ်လူသာဓု ခေါ်စေသော်
Published 23 December 2015
မောင်စံပေါ

(၁)မဟာရန်ကုန်ရဲ့ များပြားလှစွာသော ဘုန်းကြီးကျောင်းတွေထဲက တစ်ခုမှာ ကုဋီများစွာ ရှိပါတယ်။ တစ်ခုသော ကုဋီရဲ့ ရှေ့မှာ မညီမညာ လက်ရေးနဲ့ ရေးထားတာကို ဒီလို တွေ့မြင်ရပါလိမ့်မယ်။‘ဦးခြိမ့် ကောင်းမှု’ တဲ့။ အလှူရှင်ရဲ့ နာမည်ပဲ ရေးထားပါတယ်။ ဘာဂုဏ်ထူးဝိသေသမှလည်း ရေးမထားပါဘူး။ ဘာဆုမှလည်း တောင်းမထားပါဘူး။(၂)အဲဒီ ဘုန်းကြီးကျောင်းနားက ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှာ ဦးခြိမ့် ရှိခဲ့ဖူးတယ်။ နေခဲ့ဖူးတာ မဟုတ်ဘူးနော်။ ဦးခြိမ့်အိမ်က ရန်ကုန်မြို့ပြင်မှာ။ မြို့ပတ်ရထားတစ်တန် ခြေကျင်တစ်တန် သွားရတာ။ ထားပါတော့။ ပြောချင်တာက ဦးခြိမ့်နဲ့ အဲဒီ ဆိတ်ငြိမ်ရပ်ကွက်လေးရဲ့ ဆက်စပ်မှုအကြောင်း။(၃)ဒီ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ မနက်လင်းပြီဆိုရင် ဦးခြိမ့်ကို တွေ့နေရပြီ။ နောက်ကျလွန်းလှရင် ၇ နာရီ။ ရပ်ကွက်ထဲက အိမ်ကြီးရှင်တွေ ဦးခြိမ့်ကိုမြင်ရင် ဘာဘာညာညာ တိုတိုထွာထွာ ခိုင်းစရာလေးတွေ သတိရပြီ။ ခြံထဲမှာ မြက်နုတ်တာအစ၊ ရေမြောင်းရှင်းတာအလယ်၊ လျှပ်စစ်မီတာခဆောင်တာ ဖုန်းခသွင်းတာအဆုံး ဦးခြိမ့်ကိုပဲ ခိုင်းနေကြရတာ၊ အားကိုးနေကြရတာ။ ဟုတ်တယ်လေဗျာ။ တစ်လမှာ နှစ်ခါ လျှပ်စစ်မီတာခ ဆောင်ရတဲ့ ဒုက္ခ၊ ဖုန်းခသွင်းရတဲ့ ဒုက္ခက လွယ်သမှတ်လို့။ အချိန်ကုန်တယ်။ လူပင်ပန်းတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတာ ရှိနိုင်တယ်။ ပြောတော့သာ ခရီးက သုံးလေးဖာလုံ။ ခုံးကျော်တံတားဆောက်လို့၊ ကားကျပ်လို့နဲ့ ဒီရုံးတွေကို သွားရတာ တစ်နာရီလည်း ကြာနိုင်တယ်။ နာရီဝက်ဆိုတာ ပုံမှန်ပြောလို့ ရနေပြီ။(၄)ဦးခြိမ့်လား။ သူကတော့ ဘာကားမှ မရှိတာ၊ ခြေကျင်ပေါ့။“ကျုပ်တို့ရွာမှ တစ်ခါတစ်ခါဆို ပွဲကြည့်ချင်လို့ လျှောက်ရတာ လေးငါးနာရီ ခရီးဗျ ဆရာလေးရ။ ဒါလောက်ကတော့ အေးအေးဆေးဆေးပါ။ တစ်ခုပဲ ကွာတာက တောမှာက သစ်ရိပ်ဝါးရိပ်နဲ့ လမ်းလျှောက်ရတာကောင်းတယ်။ အေးတယ်။ ဒီမှာက ပူတယ်။ ဆူတယ်။ မျက်စိနောက် နားနောက်နဲ့ဗျာ”“ဒါဆိုလည်း ဘာလို့ ဒီမှာ နေနေတာလဲ။ ရွာပဲ ပြန်နေပေါ့ ဦးခြိမ့်ရယ်”ဦးခြိမ့် တွေခနဲ ဖြစ်သွားတယ်။ အလွမ်းရိပ်တွေကို သူ့မျက်လုံးတွေမှာ မြင်ရတယ်။“ပြန်ချင်တာပေါ့ ဆရာလေးရယ်။ ကိုယ့်ဇာတိဟာကို။ မြေးကလေးတွေ ပညာရေးက ရှိသေးတယ်။ နောက်ပြီး ဒီမှာက ကျုပ်ရတဲ့ ဝင်ငွေလေးက သမီးမုဆိုးမ အိမ်စရိတ်အတွက် ခုသာခံသာ ရှိသေးတယ်လေ။ ရွာမှာဆို ကျုပ်ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”(၅)အသက်က ၇၀ နားနီးနေပြီ။ ဘဝက မတည်ငြိမ်သေး။ ဦးခြိမ့်အတွက် အေးအေးဆေးဆေး အနားရချိန်တွေကတော့ ရပ်ကွက်ကလေးမှာ ဘာမှလုပ်ပေးစရာ မရှိတဲ့အခါ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ပြီး တစ်ရေးတစ်မော အိပ်ချိန်တွေ။ သူ့တစ်ဝမ်းတစ်ခါး စားစရာက မပူရပါဘူး။ ကျောင်းက ကိုယ်တော်တွေက ကျွေးမွေးကြပါတယ်။ ဆရာတော်ကြီးဆို သူနဲ့ သက်တူရွယ်တူဆိုပြီး ဂရုစိုက်ပါတယ်။ ဆွမ်းဟင်းကောင်းတဲ့ နေ့တွေဆို အကုန်မစားဘဲ တမင်ချန်ထားပြီး ဦးခြိမ့်ကို ကျွေးတယ်။ ပိုက်ဆံတော့ မပေးနိုင်ဘူးပေါ့လေ။ဦးခြိမ့်ကလည်း အလကား မစားပါဘူး။ တတ်နိုင်သမျှ ကုဋီဆေးတာ၊ သန့်ရှင်းရေးလုပ်တာ သူရောက်တဲ့နေ့တိုင်း လုပ်တယ်။ ဝတ်ကျေတမ်းကျေ မဟုတ်ဘူး။ စိတ်ပါလက်ပါ လုပ်ပေးတာဗျား။(၆)“ရှင် ဘာလုပ်ရတာ မှတ်လို့။ ရုံးသွား တန်းစီပြီး ပိုက်ဆံသွင်းရုံ ဟာကို။ အလီလီ သွားရတာလည်း မဟုတ်ဘူး။ ဒီတစ်ခေါက်တည်းနဲ့ ကျွန်မဆီကတင် လေးစောင်။ ၂၀၀၀ တောင်မှ များလွန်းတယ်။ ၁၀၀၀ ပဲယူ” ပင်စင်စား အရာရှိမကြီးနဲ့ ဦးခြိမ့်နဲ့ တွေ့ကြပြီ။“အစ်မကြီးရယ်၊ တစ်စောင်တိုးလာရင် အဲဒီ တစ်စောင်စာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ပိုက်ဆံ ပိုများလာပါတယ်။ တစ်စောင် ၅၀၀ ဆိုတာ ကျွန်တော့်အတွက် လုပ်အားခ။ တာဝန်ယူ စောင့်ရှောက်ဆောင်ရွက်ခပါဗျာ။ အဲဒီလောက်ကြီးလည်း မတွက်ကတ်ပါနဲ့ဗျာ။ မရှိဆင်းရဲသားကို ပေးကမ်းတယ် လှူတယ်လို့ သဘောထားပါလား”(၇)မရှိဆင်းရဲသားကို ပေးကမ်းတယ်ဆိုတဲ့ အသုံးအနှုန်းက စကားအဖြစ်သာပြောတာ။ သူ့ကို ပိုက်ဆံပိုပေးလို့ ဦးခြိမ့်များ ယူမယ် ထင်လား။ ဝေးသေးတယ်။ တစ်ခါက ဦးခြိမ့် နေမကောင်းလို့ လမ်းထဲက အန်ကယ်ကြီး တစ်ယောက်က ပိုက်ဆံ ၅၀၀၀ ပေးတယ်။ မီတာဆောင်ပေးခ ကြိုတင်ငွေဆိုမှ ဦးခြိမ့်က လက်ခံတယ်။ နောက်ပိုင်းမှာလည်း တကယ်ပဲ မီတာဆောင်ခနဲ့ ချေတယ်။ “ဦးခြိမ့်တို့ မာနကြီးချက်ဗျာ။ မီတာဆောင်ပေးခ ကြိုတင်ငွေဆိုပြီး ပေးမှ ရသဗျ” အန်ကယ်ကြီးက ကြုံလို့ စကားပြောရင်းနဲ့ ကျီစယ်တယ်။ ဦးခြိမ့်ကလည်း မခေပါဘူး။ ချက်ချင်း ပြန်ပြောတယ်။“အန်ကယ်ကြီးရယ်။ လူဆိုတာ ကိုယ့်အရည်အချင်းအလျောက် ကိုယ့်လုပ်အားအလျောက် ထိုက်တန်ရယူ ခံစားတာပဲ ကောင်းပါတယ်။ နို့မို့ရင် အကျင့်ပါသွားလိမ့်မယ်။ လောဘတွေ ထွက်လာလိမ့်မယ်။ တရားတာ မတရားတာ၊ မျှတတာ မမျှတတာတွေ မစဉ်းစားတော့ပဲ ကိုယ်ရဖို့အတွက်ပဲ ကြည့်ကြ လုပ်ကြရင် ဒုက္ခတွေ ရောက်ကုန်ကြမှာပေါ့”သူ့အမြင် သူ့အတွေးကို ရိုးရိုးလေး ပြန်ဖြေခဲ့တယ်။(၈)ဦးခြိမ့်ရဲ့ ရိုးသားမှုကို ယုံကြည်ကြတော့ တစ်အိမ်လုံး ညအိပ်ညနေ ခရီးထွက်ကြသူတွေက အိမ်စောင့်ခိုင်းလေ့ ရှိကြတယ်။ အိမ်မကြီးကို သော့ခတ်ထားခဲ့တတ်ကြတယ်။ ဦးခြိမ့်က ဆင်ဝင်မှာ၊ ဂိုထောင်မှာ၊ နံဘေးအဖီမှာ စသဖြင့် သင့်သလိုနေတယ်။ အိပ်တယ်။ စောင့်တယ်။ အဲဒီလို အိမ်စောင့်ပေးရတဲ့ ရက်တွေဆိုရင် ဘုန်းကြီးကျောင်းလည်း သွားမစားတော့ဘူး။ ဈေးကလေးက ထမင်းဟင်းကို ညမနက်စာ ဝယ်စားလေ့ရှိတယ်။“ဘုန်းကြီးကျောင်းအတွက် ဘာမှမလုပ်ပေးဘဲနဲ့ ဘုန်းကြီးကျောင်း ထမင်းတော့ မစားချင်ပါဘူးဗျာ။ နောက်ပြီး ကိုယ့်ကိုယုံလို့ အိမ်စောင့်ထားခဲ့တာ အိမ်မှာ တတ်နိုင်သမျှ ရှိနေ စောင့်ပေးနေရမှာပေါ့ဗျာ” အဲဒီတော့ ဦးခြိမ့်ကို ယုံကြည်ကြတာ မဆန်းဘူးပေါ့။(၉)“ကျုပ်တို့ကတော့ ခင်ဗျားကို ယုံပြီးသား ဦးခြိမ့်ရေ။ ဒါပေမဲ့ ကိုယ့်အန္တရာယ်လည်း ကိုယ်ကြည့်ဦး။ မီတာခတွေ၊ ဖုန်းခတွေ သွားဆောင်ရင် သတိဝီရိယနဲ့သွား။ မကောင်းတဲ့လူတွေ များလာပြီ။ လုတာယက်တာတွေက ကြားကြားနေရတယ်”မီတာခတွေတက်တော့ ဆောင်ရတဲ့ငွေ ပမာဏက များလာတယ်။ သုံးလေးအိမ်ဆိုရင် မီတာခက သိန်းကျော်နေပြီ။ လွယ်အိတ် အဟောင်းအနွမ်းကြီးနဲ့ ထီးကောက် အစုတ်ကြီးနဲ့ လမ်းလျှောက်နေတဲ့ အဘိုးကြီး တစ်ယောက်မှာ ပိုက်ဆံ ဒီလောက်များများ ပါလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒါပေမဲ့ အကြောင်း သိသူတွေကတော့ သိမှာပေါ့လေ။“သတိထားပါတယ် အန်ကယ်ကြီးရဲ့။ ကျွန်တော်က လမ်းကူးရင်တောင်မှ ဘယ်ညာ သေချာကြည့်ပြီး ကူးတာ။ လူတွေကိုလည်း အမြဲ အကဲခတ်နေတာ”(၁၀)စည်းနဲ့ကမ်းနဲ့ ကားမောင်းတဲ့သူတွေ အတွက်သာ ဘယ်ညာဘယ် ကြည့်ရင် မှန်တာ။ စည်းမဲ့ကမ်းမဲ့ ရမ်းရမ်းကားကား မောင်းတဲ့သူတွေ များလာချိန်မှာ ကျီးကန်းတောင်းမှောက်ကြည့် ဘုရားစာရွတ်ပြီး ပြေးကူးမှ တော်ကာကျကြောင်းကို ဦးခြိမ့်နောက်ကျမှ သိခဲ့ရတယ်။အဲဒီနေ့က လမ်းလယ်မှာရပ်ပြီး တစ်ဖက်ယာဉ်ကြောအရှင်းမှာ စိတ်ချလက်ချ ညာဘက်ကြည့်ပြီး ကူးသွားတဲ့ ဦးခြိမ့်ကို လမ်းပြောင်းပြန်မောင်းပြီး အတင်းကျော်လာတဲ့ ဘတ်စ်ကားကြီး တစ်စီးက ဝင်တိုက်သွားတယ်။ မြန်မာရုပ်ရှင်ကားတွေထဲကလို သေကာနီးမှာ စကားတွေ အများကြီး ပြောခဲ့ မှာခဲ့တာမျိုး ဦးခြိမ့် မလုပ်နိုင်ခဲ့ပါဘူး။ တစ်ခွန်းပဲ ပြောသွားနိုင်ခဲ့ပါတယ်။“မီတာခတွေ သွင်းရဦးမယ်” တဲ့။(၁၁)ဦးခြိမ့်အတွက် ရည်စူးပြီး သူသွားနေကျ သူနားနေကျ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတယ်။ ရပ်ကွက်လေးထဲက လူကြီးတွေစုပြီး လုပ်တာပေါ့။ အားလုံး စိတ်မကောင်းကြဘူး။ ဦးခြိမ့်ကို မီတာဆောင်ခ တစ်ထောင်ဈေး ဆစ်ခဲ့ဖူးတဲ့ အဘွားကြီးဆို မျက်ရည်ရွှဲလို့။ ဆရာတော်ကြီးလည်း တရားဟောရင်း တစ်ချက်တစ်ချက် အသံတုန်သွားတာကို ထိန်းဟောခဲ့ရတယ်။ သူလည်း ဘယ်စိတ်ကောင်းမှာလည်းလေ။အားလုံးပြီးလို့ ရပ်ကွက်လေးကို အပြန်မှာ ဘုန်းကြီးကျောင်းသားလေးတွေ စုပြီးနေကြတဲ့နားက ဖြတ်ခဲ့ကြတယ်။ ကျောင်းသားလေးတစ်ယောက် ပြောလိုက်တဲ့ အသံကို ကြားလိုက်ကြတယ်။“ဦးခြိမ့်က ကားတိုက်ခံရပြီး သေတာဆိုတော့ အစိမ်းသေကွ။ အဲဒါ သရဲဖြစ်မှာမောင်။ တော်တော်နဲ့ ကျွတ်ဦးမှာ မဟုတ်ဘူး။ ဒီကိုလည်း လာနေကျဆိုတော့ ညကျရင် လာခြောက်ချင် ခြောက်နေမှာ” အန်ကယ်ကြီးက ချက်ချင်းရပ်လိုက်တယ်။ ဘုန်းကြီးကျောင်းသားလေးတွေ အုပ်စုဘက် လှည့်ပြီး အော်ပြောတယ်။“ဘာအစိမ်းသေလဲ။ ဘာသရဲလဲ။ ဦးခြိမ့်က ဝဋ်ကြွေးပါလာလို့ အကြောင်းဖန်လာလို့ ကားတိုက်ခံရပြီး ဆုံးသွားတာ။ ကောင်းရာမွန်ရာ ရောက်သွားပြီ။ နားလည်လား”ဟုတ်မှာပါ။ ဦးခြိမ့်လို မဟုတ်တာမလုပ် မတရားတာ မယူတဲ့သူ တစ်ယောက်အဖို့ ဘယ်လိုပုံနဲ့သေသေ လားရာကောင်းမှာ သေချာတယ်။ လုံး၀ ယုံကြည်တယ်။ လားရာ မကောင်းမယ့်၊ မကျွတ်မလွတ်မယ့် အကျက်သေတွေလည်း အများကြီး ရှိနိုင်တာပါပဲ။

Most Read

Most Recent