တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုး စိတ်ကြိုက် ဆွဲသွားတဲ့ တရားစီရင်ရေးနဲ့ တရားရေး မဏ္ဍိုင်

တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုး စိတ်ကြိုက် ဆွဲသွားတဲ့ တရားစီရင်ရေးနဲ့ တရားရေး မဏ္ဍိုင်
Published 20 December 2015
နေထွန်းနိုင်

“တရားရေး မဏ္ဍိုင်သည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့နှင့် တူညီသော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုပ်ချုပ်ရေးက တရားစီရင်ရေး အပေါ် လွှမ်းမိုးချုပ်ကိုင်မှု ကင်းရှင်းရမည်”တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။NLD ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တရားမျှတပြီး ဘက်လိုက်မှု ကင်းတဲ့ တရားစီရင်ရေး စနစ် ထူထောင်ဖို့ လုပ်ဆောင်မယ့် အချက် ခြောက်ချက် ဖော်ပြထားပါတယ်။ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး ဖြစ်တယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကိုယ့်လက်အောက်မှာ ရှိတဲ့ တရားရုံးတွေကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြုပြင် ထိန်းကျောင်းခြင်းတွေကို လွတ်လပ်ပိုင်နိုင်စွာ လုပ်ကိုင်ခွင့် ရှိရမယ်။ ဥပဒေ အရ ကန့်သတ်ချက်တွေက လွဲပြီး တရားစီရင်မှုကို အများပြည်သူ ရှေ့မှောက်မှာ ဆောင်ရွက်ရမယ်။ စွပ်စွဲခံရသူကို တရားဥပဒေနဲ့ အညီ ခုခံချေပခွင့် အပြည့်အ၀ ပေးရမယ်။ တရားသူကြီးတွေက ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရားစီရင်ခွင့် ရှိဖို့ လိုအပ်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရမယ်။ ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်း မရှိသေးသမျှ ဘယ်သူကို မဆို အပြစ်ကင်းတယ် စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ဒါပေမဲ့ လွတ်လပ်ပြီး မှန်ကန် မျှတတဲ့ တရားစီရင်းရေး စနစ် ပေါ်ပေါက်ဖို့အတွက် ဒီအချက်တွေနဲ့ မလုံလောက်ပါဘူး။လက်ရှိ တရားရေး မဏ္ဍိုင်ဟာ ယိုင်နဲ့ရုံ သာမက ပြိုကျလု နီးပါး ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အရလည်း အစိုးရ ပြောင်းပေမယ့် တရားသူကြီးတွေကို ပြောင်းဖို့ ခက်နေပါတယ်။တစ်ဖက်မှာလည်း တရားသူကြီး ၁၀ ဦးမှာ ရှစ်ဦးလောက်ကို ဖယ်ထုတ်ပြီး အစားထိုး ခန့်အပ်မှ တရားရေးမဏ္ဍိုင် တည့်မတ်ဖို့ လမ်းစ ရှာနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်လို့ သတင်းကောင်း ရှာမရခဲ့ပါဘူး။သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၂ ခုနှစ်မှာ အပြင်းထန်ဆုံး ဝေဖန်ခံရတာ တရားစီရင်ရေး မဏ္ဍိုင် ဖြစ်ပါတယ်။ ‘တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲ ရှိတော့တယ်’ လို့ ဝေဖန်ခံရတဲ့အထိ ဆိုးရွား ခဲ့ပါတယ်။  သမ္မတ ဦးသိန်းစိန်လည်း သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ “တရားဥပဒေ စိုးမိုးရေး၊  လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေ ကန့်သတ်ချက်တွေမှ အပ ပြည်သူရှေ့မှောက် တရားစီရင်ရေး တို့ကို လုပ်ဖို့ လိုတယ်” လို့ ပြောခဲ့ပါတယ်။ အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု၊ မလျော်မကန် ပြုလုပ်မှုတွေကို အသိပေးတာ၊ သတိပေးတာ၊ အရေးယူတာတွေ လုပ်နေတယ်လို့ ၂၀၁၂ ခုနှစ်မှာပဲ ဦးသိန်းစိန်က ထပ်ပြောပါတယ်။လက်တွေ့မှာ ထိရောက်မှု မရှိခဲ့ပါဘူး။ ငွေများ တရားနိုင် စနစ်နဲ့ အဂတိ လိုက်စားမှုတွေ ဆက်ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အတွင်းမှာ ဒါနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၈၀၀၀ ကျော် လွှတ်တော်ကို ရောက်ခဲ့ပါတယ်။ဒီအတွက် လွှတ်တော်မှာ ဆွေးနွေးရတဲ့ အထိ ဖြစ်ခဲ့ပေမယ့် ထူးခြားတဲ့ အပြောင်းအလဲ မဖြစ်ခဲ့ပြန်ပါဘူး။NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ၂၀၁၄ ခုနှစ် စက်တင်ဘာမှာ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာလည်း တရားစီရင်ရေး မဏ္ဍိုင်ရဲ့ ဆိုးရွားမှုတွေကို ဖော်ပြပါတယ်။၂၀၁၄ ခုနှစ် အတွင်းမှာ ကော်မတီက လက်ခံ ရရှိတဲ့ တိုင်စာ ၇၂၀၀ ကျော်မှာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာ ၃၅၀၀ ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်မှာ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ပြည်သူ့လွှတ်တော်ကို တင်သွင်းလိုက်တဲ့ အစီရင်ခံစာအရ ဆိုရင် အခုချိန်မှာ ပိုဆိုးတဲ့ အခြေအနေကို ရောက်နေပါပြီ။ 
■ တိုင်သူ မောလို့ လက်မှိုင်ချ၂၀၁၂ ခုနှစ် ဇူလိုင်ကနေ ၂၀၁၅ ခုနှစ် နိုဝင်ဘာအထိ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီကို ရောက်ရှိတဲ့ တိုင်စာ အမှုတွဲပေါင်း ၁၂၃၆၀ ရှိခဲ့ပါတယ်။ ဒီထဲက အမှုတွဲ ၁၄၈၅ ကို သက်ဆိုင်ရာ တရားလွှတ်တော်နဲ့ ဋ္ဌာနအသီးသီးကို လွှဲပြောင်းပေးခဲ့ပြီး ပြန်ကြားစာ ၁၀၇၁ စောင် ရခဲ့ပါတယ်။ တိုင်ကြားစာ အများစုမှာ တရားရုံး အဆင့်ဆင့်ရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်လို့ တိုင်တဲ့စာ ပိုများခဲ့ပါတယ်။ ဒီစာတွေကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်ကို ပေးတဲ့အခါ တိုင်စာ အားလုံးနီးပါး ဥပဒေနဲ့ အညီ ဆောင်ရွက်ထားတယ်ဆိုပြီး ယေဘုယျ ပြန်စာ ပို့ခဲ့အတွက် ကော်မတီက ဆက်လုပ်ဖို့ အခက်ကြုံခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒါကြောင့် လက်ရှိ တရားစီရင်ရေး အပေါ် ကော်မတီက ကောက်ချက်ဆွဲတဲ့ အခါ “တရားစီရင်ရေး အပိုင်းတွင် အဂတိတရားများ လွှမ်းခြုံလျက်ပင် ရှိနေသည်ကို တွေ့ရှိရပါသည်။ တရားသူကြီး အဆင့်ဆင့်သည် အထက် တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများတွင် ကွင်းဆက်များ ရှိသည်ကို တွေ့ရှိရပါသည်။ အလားတူပင် ဥပဒေဝန်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူ အဆင့်ဆင့် ဝန်ထမ်းများသည် ယေဘုယျအားဖြင့် ကွင်းဆက် ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများကို တွေ့ရှိရပါသည်” လို့ ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် “တရားစီရင်ရေး ဆိုရာတွင် တရားသူကြီးများနှင့်သာ လုံး၀ သက်ဆိုင်သည် မဟုတ်ဘဲ ဥပဒေ အရာရှိများ၊ ရှေ့နေ ရှေ့ရပ်များ၊ တရားစွဲ အဖွဲ့အစည်းများ၊ တရားရုံး ဝန်ထမ်းများနှင့် အဆင့်ဆင့် စာပို့လုလင်အထိ  ပါဝင်ပတ်သက်လျက်ရှိရာ ၎င်းတို့၏ အဂတိတရား ကင်းရှင်းမှု အထူး လိုအပ်နေကြောင်း သုံးသပ် တွေ့ရှိရသည်” လို့ ဆက်ပြီး ဖော်ပြထားပါတယ်။တရားသူကြီး အဆင့်ဆင့်ကနေ တရားရုံး စာရေးအထိ ဆက်နွှယ် ပတ်သက်နေတဲ့ ခြစားမှုတွေမှာ အားလုံးရဲ့ အဂတိ လိုက်စားမှုကို ဖော်ထုတ်နိုင်ဖို့ မလွယ်ဘူးဆိုပြီး ကော်မတီက သုံးသပ်ချက် ပြောပါတယ်။တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကော်မတီ အသီးသီးကို တိုင်စာတွေ ရောက်ပေမယ့် အရေးယူ ဖော်ထုတ်ခဲ့တဲ့ ထင်ထင်ရှားရှား ဖြစ်စဉ် တစ်ခုမှ ထွက်မလာပါဘူး။ 
■ ဘယ်သူတွေကို ဖိနှိပ်နေလဲပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေမှာ တရားသူကြီး အဆင့်ဆင့်ကနေ တရားရုံး စာရေးအထိ အဂတိ လိုက်စားမှုတွေ ရှိနေပြီး ကြီးမား ကျယ်ပြန်တဲ့ ကွန်ရက်ကြီး တစ်ခု ဖြစ်နေတဲ့အထိ လှိုက်စားနေတာကို လွှတ်တော်ကော်မတီက ထောက်ပြခဲ့ပါတယ်။ ဒါဟာ လက်ရှိ တရားစီရင်ရေး အခြေအနေပါပဲ။တစ်ဖက်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ တက်ကြွ လှုပ်ရှားသူတွေကိုတော့ တရားရေး မဏ္ဍိုင်က ဖိနှိပ်ထားပါတယ်။ သူတို့တွေကို ထောင်ချမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာမှာ လျော့ကျသွားပေမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ပြန်ပြီး မြင့်တက်လာပါတယ်။နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ အစီရင်ခံစာတွေအရ စက်တင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံရသူ ၉၆ ဦး၊ တရားရင်ဆိုင်နေရသူ ၄၆၆ ဦးပဲ ရှိရာက အောက်တိုဘာမှာ ထောင်ဒဏ်ချမှတ်ခံရသူ ၁၁၂ ဦး၊ တရားရင်ဆိုင်နေရသူ ၄၈၆ ဦး၊ နိုဝင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံရသူ ၁၂၇ ဦး၊ တရားရင်ဆိုင်နေရသူ ၄၇၇ ဦးထိ ရှိခဲ့ပါတယ်။နိုင်ငံရေးနဲ့ ဆက်နွှယ်မှု မရှိတဲ့ ဖြစ်စဉ်တွေမှာ အဂတိလိုက်စားမှုတွေ ရောထွေးပြီး တရားရေးမဏ္ဍိုင် ယိမ်းယိုင်မှု ရှိနေပေမယ့် နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အမှုဖြစ်စဉ်တွေမှာ ပြင်းပြင်းထန်ထန် အရေးယူ ဖိနှိပ်မှု လုပ်နေတာတွေက အရင် စစ်အစိုးရ လက်ထက်က တရားစီရင်မှု ပုံစံတွေ အတိုင်းပါပဲ။အနီးစပ်ဆုံး သာဓက အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ အလုပ်သမားရေး လှုပ်ရှားသူ ညီအစ်ကို နှစ်ဦးဖြစ်တဲ့ ကိုသူဇော်ကြည်ဝင်းနဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ပုဒ်မ ၅၀၅ (ခ) ရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်ထောင်ဒဏ် နှစ်နှစ် ချခဲ့ပါတယ်။သူတို့တင် မကပါဘူး။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ ဆက်နွှယ်တဲ့ အမှု ဖြစ်စဉ်တွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတခြင်း မရှိဘူးလို့ ယူဆနိုင်တဲ့ ထောင်ဒဏ် ချမှတ်မှုတွေ ရှိခဲ့ပါတယ်။ဘားအံမှာဆိုရင် မြေယာအရေး လှုပ်ရှားသူ စောမောင်ကြီးနဲ့ စောအယ်ဆေးတို့ နှစ်ဦး မတရားအသင်း ဥပဒေပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရပါတယ်။ ကရင်ပြည်နယ်မှာပဲ သိမ်းဆည်းလယ်ယာမြေ ပြန်ရဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လယ်သမား ခုနစ်ဦး အပါအဝင် ၁၁ ဦး ထောင်နှစ်လစီ ကျခံခဲ့ရပါတယ်။ ဒီအတိုင်းပဲ မြေယာ အခွင့်အရေး လှုပ်ရှားမှု လုပ်ခဲ့တဲ့ မိချောင်းကန် ပြည်သူ ၁၄ ဦးကို ထောင်ဒဏ် သုံးလစီ ကျခံဖို့ ထပ်ပြီး အမိန့် ချခဲ့ပါတယ်။အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) ကို ဆန့်ကျင်ကြောင်း ပြည်မြို့မှာ ဆန္ဒပြခဲ့သူ ကိုကျော်ဆွေ၊ ကိုကျော်ဆန်း၊ ကိုမောင်မောင်တိုး၊ ကိုဝဏ္ဏနဲ့ ကိုမျိုးသူထွဋ် တို့ကိုလည်း ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ နဲ့ အလုပ်ကြမ်း အပါအဝင် ထောင်ဒဏ်လေးလ ချမှတ်ခံရ ပါသေးတယ်။ပြည်မြို့မှာပဲ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆန့်ကျင်ပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သူ ကိုဝင်းလှိုင်နဲ့ ကိုကျော်ဆွေတို့ကို ငြိမ်း၊ စု၊ စီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ငါးလ ချမှတ်ခံရပါတယ်။ အဲဒီ နှစ်ယောက်မှာ ကိုကျော်ဆွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် လေးလ အပါအဝင် ထောင်ဒဏ် ကိုးလ ကျခံနေရသူ ဖြစ်ပြီး ကိုဝင်းလှိုင်က အခြား ပုဒ်မတွေနဲ့ ထောင်ဒဏ် သုံးနှစ်နဲ့ တစ်လ ကျခံနေရသူ ဖြစ်ပါတယ်။ရေပူ ဆရာတော်ကို သစ်တော ဥပဒေပုဒ်မ ၄၂(ခ)နဲ့ စွဲချက်တင် အမိန့်ချခဲ့တာ၊ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ဖို့ အကြမ်းမဖက် ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသား လေးဦးကို ပုဒ်မ ၄၄၈ နဲ့ ပုဒ်မ ထပ်တိုးပြီး တရားစွဲခဲ့တာ၊ မချောစန္ဒီထွန်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲချက်တင်ခဲ့တာ စတဲ့ ဖြစ်စဉ်တွေက အခုလမှာ ဆက်ဖြစ်ခဲ့ပါတယ်။ဒီ ဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အပြီး NLD အနိုင်ရပြီးချိန်မှာ ဆက်တိုက် ဖြစ်ခဲ့တာပါ။ ဒါတွေနဲ့ ပတ်သက်လို့ NLD ဘက်က မှတ်ချက်ပြု ပြောဆိုတာ မတွေ့ရသေးပါဘူး။ ဒီအတိုင်းပဲ တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အချက်တွေကိုလည်း မပြောသေးပါဘူး။   
■ မြန်မာ့ တရားစီရင်ရေး စနစ်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈(ခ)အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တရားရုံးလို့ ဖွင့်ဆိုပါတယ်။ဒါပေမဲ့ နိုင်ငံတော်ရဲ့ တရားစီရင်ရေး စနစ်ကို သုံးမျိုး ခွဲထုတ်ထားပါတယ်။ပထမ တစ်ခုက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင် တရားရုံးများ၊ မြို့နယ် တရားရုံးများနဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ တရားရုံးများ ဖြစ်ပါတယ်။ဒုတိယ တစ်ခုက စစ်ဘက်ဆိုင်ရာ တရားရုံးများ ဖြစ်ပြီး တတိယ တစ်ခုက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဖြစ်ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၆) တရားစီရင်ရေး အခန်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း ပုဒ်မ ၂၉၄ မှာ “စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်သည်” လို့ ဖွင့်ဆိုထားပါတယ်။ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး ဖြစ်ပေမယ့် စစ်ဘက်ဆိုင်ရာ တရားရုံးတွေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ကျော်လွန်လို့ မရတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီ ဖွင့်ဆိုချက် သဘောတရားဟာ အမေရိကန်နဲ့ ဗြိတိန်မှာတောင် မရှိတဲ့ ပုံစံမျိုးပါ။တရားစီရင်ရေး စနစ်မှာ ဂျူရီ စနစ်ကို မသုံးဘဲ တစ်ပါးထိုင် စနစ်ကိုပဲ သုံးပါတယ်။ ကိုလိုနီခေတ်နဲ့ ပါလီမန်စနစ်မှာ တစ်ပါးထိုင် စနစ်ကိုပဲ သုံးခဲ့ပြီး တရားရုံးကို တရားမ တရားရုံးနဲ့ ရာဇဝတ် တရားရုံးဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် ကြားကာလမှာ တရားမမှုကိုရော၊ ရာဇဝတ်မှုတွေကိုပါ တရားရုံး တစ်ခုတည်းက စစ်ပါတယ်။ ဒါပေမဲ့ ဂျူရီစနစ်ပုံစံ သုံးဦးထိုင် စနစ် (အများထိုင် စနစ်)သုံးပြီး တရားစီရင်ပါတယ်။၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဦးအောင်တိုးက တရားရုံးချုပ် တရားသူကြီးချုပ် ဖြစ်လာပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က သုံးခဲ့တဲ့ တစ်ပါးထိုင် စနစ်ကို ပြန်သုံးခဲ့ပြီး တရားသူကြီးတွေကို အစိုးရက ခန့်အပ်ခဲ့ပါတယ်။ ဒီအခါ အုပ်ချုပ်ရေးပိုင်းက တရားရေးကို ပေါ်ပေါ်ထင်ထင်ပဲ လွှမ်းမိုးမှု ဖြစ်လာခဲ့သလို အဂတိ လိုက်စားမှုနဲ့ ခြစားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း တရားရေးမဏ္ဍိုင်ဟာ နိုင်ငံရေး သမားတွေကို မတရား နှိပ်ကွပ် အရေးယူဖို့အတွက် အသုံးချခံပဲ ဖြစ်ခဲ့ပါတယ်။၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ မတက်ခင် အချိန်အထိ ဦးအောင်တိုးက တရားရုံးချုပ် တရားသူကြီးချုပ် တာဝန်ကို ရယူခဲ့သလို သူ့လက်ထက်မှာပဲ မြန်မာ့ တရားစီရင်ရေး စနစ် ပျက်စီးမှု အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာလည်း နာလန် မထူနိုင်ခဲ့ပါဘူး။နာလန် မထူနိုင်တဲ့ အချက်တစ်ခုက ၂၀၁၁ ခုနှစ်အလွန် မြန်မာ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဦးအောင်တိုး စိတ်ကြိုက် ရေးဆွဲထားတဲ့ ပုံစံအတိုင်း လှုပ်ရှားနေရလို့ ဖြစ်ပါတယ်။ 
■ ဦးအောင်တိုး စိတ်ကြိုက် ပုံစံ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရရဲ့ သက်တော်ရှည် အမတ်တစ်ဦးလို့ ပြောနိုင်တဲ့ ဦးအောင်တိုးဟာ မြန်မာ့ တရားစီရင်ရေး စနစ်ကို စစ်ဗိုလ်ချုပ်တွေ အလိုကျ နှစ်ပေါင်း ၂၀ ကျော် ကြိုးကိုင်ပါတယ်။ဦးစောမောင်ကနေ ဦးသန်းရွှေ ပြောင်းသွားပေမယ့် ဦးအောင်တိုးရဲ့ တရားသူကြီးချုပ်နေရာ ပြောင်းမသွားပါဘူး။၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင်ချိန်မှာ ဦးအောင်တိုးက အမျိုးသား ညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဗိုလ်ချုပ် မျိုးညွန့်က အမျိုးသား ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။  ၂၀၀၇ ခုနှစ် အမျိုးသား ညီလာခံ ပြီးဆုံးချိန်မှာလည်း အမျိုးသား ညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်တိုးပဲ ဖြစ်ပါတယ်။ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု နိုင်ငံတော် သမ္မတ) ဖြစ်ပါတယ်။ဦးအောင်တိုးဟာ အမျိုးသား ညီလာခံ အစကနေ အဆုံးအထိ ပါဝင်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့သူတွေထဲက အဓိက ကျောရိုးတစ်ခု ဖြစ်ခဲ့ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ တရားစီရင်အခန်း ပြဋ္ဌာန်းချက်တွေက သူ့စိတ်ကြိုက် ပုံစံ ဖြစ်ပါတယ်။     ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တရားရေး မဏ္ဍိုင်ကို လွတ်လပ်စွာ ရပ်တည်တဲ့ ပုံစံဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။ ပုံဖော်ခဲ့တာပဲ ဖြစ်ပြီး လက်တွေ့မှာ မဟုတ်ပါဘူး။စစ်အစိုးရ လက်ထက်မှာ တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို အစိုးရကပဲ ခန့်အပ်ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ ပြည်ထောင်စု တရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက ရွေးချယ်ပါတယ်။ သမ္မတ ရွေးချယ်တာကို ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ပေးရတာပါ။ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ရွေးပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်တွေကို သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေနဲ့ တိုင်ပင်ပြီး ရွေးရပါတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ဆိုတာ သမ္မတက ရွေးချယ် ခန့်အပ်ထားသူတွေပဲ ဖြစ်ပါတယ်။  သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် တရားသူကြီးတွေကို ပြည်ထောင်စု တရားသူကြီးချုပ်က သမ္မတ ခန့်အပ်ထားတဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်တွေနဲ့ တိုင်ပင်ပြီး ရွေးချယ်ရပါတယ်။ဒီလို ရွေးချယ်ပုံကို ကြည့်ခြင်းအားဖြင့် တရားရေး မဏ္ဍိုင်ရဲ့ အဓိက ပဲ့ကိုင်ရှင် တရားသူကြီးတွေကို အုပ်ချုပ်ရေးပိုင်းက ရွေးချယ်ခွင့် ရထားတာ ဖြစ်ပါတယ်။ ဒါက အရင် စစ်အစိုးရ လက်ထက် ပုံစံနဲ့ ပုံသဏ္ဌာန် ကွဲပေမယ့် အနှစ်သာရ အတူတူပါပဲ။ ဒီတော့ အရင် စစ်အစိုးရ လက်ထက် တရားစီရင်ရေး ပုံစံကို သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြန်မြင်ရတာ မဆန်းပါဘူး။ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီက လွှတ်တော်ကို နောက်ဆုံး တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာတော့ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်ကို ခန့်အပ်ခြင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်ခြင်း လုပ်ပိုင်ခွင့်ကို ပြဋ္ဌာန်းပေးထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အာဏာအရ ခန့်အပ်၍ တရားရုံးများ၏ လွတ်လပ်ခွင့်ကို အသိအမှတ် ပြုသည်ဟု ဆိုသော်လည်း အထက်ပါ ပြဋ္ဌာန်းချက်ကြောင့် ဘက်လိုက်သည့် သွင်ပြင် ဖြစ်ပေါ်စေပြီး အုပ်ချုပ်မှု အပိုင်းက တရားစီရင်ရေး လွတ်လပ်ခွင့်ကို လွှမ်းမိုးနေကြောင်း တွေ့ရှိရပါသည်” လို့ တိုက်ရိုက် ပြောဆိုထားပါတယ်။ဒါ့အပြင် “နိုင်ငံတော် အကြီးအကဲနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်များ၏ ထောက်ခံချက် အသီးသီးဖြင့် တာဝန် ထမ်းဆောင်ခွင့် ရကြသော တရားသူကြီးများသည် တရားသူကြီးချုပ်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းနိုင်မည် မဟုတ်သည်ကို သုံးသပ် တွေ့ရှိရသည်” လို့လည်း ဖော်ပြထားပါတယ်။ဒီဖော်ပြချက် နှစ်ရပ်ကို ကြည့်ခြင်းအားဖြင့် တရားရေး မဏ္ဍိုင်တွင်းက ခြစားမှု၊ အဂတိ လိုက်စားမှုနဲ့ အာဏာ အလွဲသုံးစား လုပ်မှုတွေကို ဘယ်တရားသူကြီးက ကျူးလွန်သည် ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ် အပြင် နိုင်ငံတော် သမ္မတ အထိပါ သက်ရောက်နေတယ်လို့ ညွှန်းဆိုပါတယ်။ 
■ ပြည်ထောင်စု တရားသူကြီးချုပ် ဘယ်သူလဲ  အခုချိန်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် တရားသူကြီး ခုနစ်ဦး ရှိပါတယ်။ပြည်ထောင်စု တရားသူကြီးချုပ်က ဦးထွန်းထွန်းဦး ဖြစ်ပြီး တပ်မတော် အရာရှိဟောင်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ဦးအောင်တိုး လက်အောက်မှာ ဒုတိယ တရားသူကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်ထောင်စု တရားသူကြီးချုပ် ဖြစ်လာခဲ့သူပါ။ကျန်တဲ့ ခြောက်ဦးက ဦးစိုးညွန့် (ယခင် တရားစီရင်ရေး၏ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ဦးမြသိမ်း (ယခင် ရန်ကုန်တိုင်း တရားသူကြီး အငြိမ်းစား)၊ ဦးမြင့်အောင် (ယခင် တိုင်းတရားသူကြီး)၊ ဦးသာဋ္ဌေး (ယခင် စစ်ဥပဒေချုပ်ရုံး-ဒုတိယ ဗိုလ်မှူးကြီး၊ ယခင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်)၊ ဦးအောင်ဇော်သိန်းနဲ့ ဦးမြင့်ဟန်တို့ ဖြစ်ပါတယ်။  ဒီခြောက်ဦးမှာ ဦးသာဋ္ဌေး၊ ဦးအောင်ဇော်သိန်းနဲ့ ဦးမြင့်ဟန်တို့က တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပြီး ဦးမြသိန်း၊ ဦးမြင့်အောင်နဲ့ ဦးစိုးညွန့်တို့ သုံးဦးပဲ အရပ်ဘက်က ဖြစ်ပါတယ်။ဒီအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လေးဦးက တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပြီး သုံးဦးက အရပ်ဘက်က ဖြစ်နေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အခု တရားစီရင်ရေး မဏ္ဍိုင်မှာ ပါဝင်နေတဲ့ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် တရားလွှတ်တော် တရားသူကြီးချုပ် ဖွဲ့စည်းပုံက သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ဖြစ်သလို အဲဒီ စိတ်ကြိုက် ပုံစံကို ဦးအောင်တိုး စိတ်ကြိုက် ရေးဆွဲထားတဲ့ တရားစီရင်ရေး ပုံစံနဲ့ အသက်သွင်းထားတာ ဖြစ်ပါတယ်။နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အပြီးမှာတော့ သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း ၂၀၁၆ ခုနှစ် မတ်လမှာ ကုန်ပါပြီ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ရွေးချယ်ထားတဲ့ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ သူတို့ ခန့်အပ်ထားတဲ့ တရားသူကြီးတွေရဲ့ သက်တမ်းမကုန်ဘဲ အစိုးရ အဖွဲ့သစ် လက်ထက်မှာလည်း သူတို့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ဒါကလည်း ဦးအောင်တိုး စိတ်ကြိုက် ရေးဆွဲထားတဲ့ တရားစီရင်ရေး ပြဋ္ဌာန်းချက်တွေကြောင့်ပဲ ဖြစ်ရတာပါ။ သူတို့ စိတ်ကြိုက် အုပ်ချုပ်ရေး အစိုးရအဖွဲ့ မရှိတော့ရင်တောင် စိတ်ကြိုက် ပုံဖော်ထားတဲ့ တရားစီရင်ရေးမှာ အံဝင်ခွင်ကျ ဖြစ်နေသူတွေ ဆက်ပြီး ရှင်သန်နိုင်အောင် ဦးအောင်တိုးက ပြင်ဆင်ခဲ့ပါတယ်။ 
■ ဖယ်ရှားရန် ခက်သူများ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေအရ ဖယ်ရှားဖို့ ခက်ခဲသူတွေက တရားသူကြီးတွေ ဖြစ်ပါတယ်။ ဖယ်ရှားဖို့အပြင် အရေးယူ အပြစ်ပေးနိုင်ဖို့တောင် အခွင့်အရေး နည်းပါတယ်။ဒါဟာ လွတ်လပ်ပြီး မှန်ကန် မျှတတဲ့ တရားစီရင်ရေးစနစ် ဖြစ်နေချိန်မှာ ပြဿနာ မဟုတ်ပေမယ့် အခုလို အဂတိတရား လွှမ်းမိုးနေတဲ့ တရားစီရင်ရေး စနစ်မှာ ပြဿနာ ဖြစ်လာပါတယ်။တရားသူကြီးတွေကို ဖယ်ရှားဖို့ ခက်တဲ့ အကြောင်းရင်း နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်က သူတို့ရဲ့ ရာထူးသက်တမ်း ရှည်လျားမှု ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က သူတို့ကို ဖယ်ရှားမယ် ဆိုရင် လုပ်ဆောင်ရတဲ့ အဆင့်ဆင့် ခက်ခဲမှု ဖြစ်ပါတယ်။ ဒီနှစ်ချက်စလုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အလွယ်တကူ ဖယ်ရှားလို့ မရအောင် လုပ်ပေးထားပါတယ်။တစ်နည်းအားဖြင့် စစ်အစိုးရက ကာလရှည် အသုံးချခဲ့တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ထိပါးလို့ မရအောင် ဦးအောင်တိုးက ပုံဖော်ခဲ့တယ်။ တစ်ဆက်တည်းမှာပဲ ဒါကို ခုတုံးလုပ်ပြီး တရားစီရင်ရေး နယ်ပယ်မှာ ခြစားမှုတွေ ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၀၃ အရ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းက အသက် ၇၀ ပြည့်ချိန်ထိ ဖြစ်ပါတယ်။သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းက အသက် ၆၅ နှစ်အထိ ဖြစ်တယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၁၂ မှာ ပြဋ္ဌာန်းပါတယ်။လက်ရှိ အချိန်မှာ ပြည်ထောင်စု တရားသူကြီးချုပ်ရဲ့ အသက်က ၅၉ နှစ်ပဲ ရှိသေးတဲ့အတွက် နောက်ထပ် ၁၁ နှစ်အထိ တာဝန်ယူပိုင်ခွင့် ရှိသူ ဖြစ်နေပါတယ်။ သူ့အတိုင်းပဲ တရားသူကြီး အများစုဟာလည်း ၂၀၂၀ ကျော်လွန်တဲ့အထိ တာဝန် ထမ်းဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ ဆိုလိုတာက NLD ဦးဆောင်တဲ့ အစိုးရ တာဝန်ယူချိန်မှာလည်း ဦးအောင်တိုး စိတ်ကြိုက် ပုံစံနဲ့ လည်ပတ်နေတဲ့ တရားစီရင်ရေး ယန္တရား ဆက်ရှိနေမှာ ဖြစ်ပါတယ်။သမ္မတ ဦးသိန်းစိန် လက်ထက် တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးနေခဲ့တယ် ဆိုရင် NLD ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ဒီလို ဖြစ်နိုင်ချေ နည်းပါမယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ပဲ အရင် စစ်အစိုးရ ပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် အစိုးရ ပြောင်းပေမယ့် တရားစီရင်ရေးမဏ္ဍိုင် မပြောင်းဘူးဆိုတဲ့ အခြေအနေကို ရောက်ပါမယ်။လွှတ်တော် ကော်မတီရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ပြည်သူကို အကာအကွယ်ပေးပြီး ဖြောင့်မတ် ကြံ့ခိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ဖို့ဆိုရင် တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်ကို ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ဖို့ ကြိုးစားရမယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လက်ရှိ တရားသူကြီးတွေ၊ တရားရေး စီရင်ရေး စနစ်ကို မပြောင်းဘဲနဲ့ တရားရေး မဏ္ဍိုင် တည့်မတ်အောင် မလုပ်နိုင်ပါဘူး။ 
■ ဘယ်လို ရှေ့ဆက်ကြမလဲတရားစီရင်ရေးဟာ အဂတိတရား ကင်းရှင်းပြီး လွတ်လပ် မှန်ကန် မျှတတဲ့ တရားစီရင်ရေးစနစ် ဖြစ်ရပါမယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၉ တရားစီရင်ရေးမူတွေ အဖြစ် (က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ (ခ) ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ ရှေ့မှောက်တွင် တရားစီရင်ရေး၊ (ဂ) အမှုများတွင် ဥပဒေအရ ခုခံ ချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးဆိုပြီး ဖွင့်ဆိုထားပါတယ်။ပထမအချက် ဖြစ်တဲ့ “ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေး” အချက်မှာ ပါဝင်တဲ့ “ဥပဒေနှင့် အညီ” ဆိုတာအတွက် ပြန်ပြီး စဉ်းစားဖို့ လိုပါတယ်။ ဒီစကားရပ်ဟာ စစ်အစိုးရရဲ့ လက်သုံးစကားတစ်ခု ဖြစ်ပါတယ်။ “ဥပဒေနှင့် အညီ” ဆိုတာကို သီးခြား ဖွင့်ဆိုခြင်း မရှိတဲ့အတွက် ဒါကို အသုံးချပြီး မျှော့ကြိုးဥပဒေ ဖွင့်ဆိုချက်တွေနဲ့ မှန်ကန်မျှတခြင်း မရှိတဲ့ တရားစီရင်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ လွှတ်တော် ကော်မတီရဲ့ အစီရင်ခံစာမှာလည်း တိုင်ကြားစာတွေကို ဖြေရှင်းဖို့ ပေးပို့တဲ့ အခါ ပြန်ကြားလာတဲ့ စာတွေမှာ တိုင်ကြားစာပါ အမှုတွေကို “ဥပဒေနှင့် အညီ” ဆောင်ရွက်ထားတယ်လို့ ယေဘုယျ ပြန်ကြားလာတာကို တွေ့ရတဲ့အတွက် ဆက်လုပ်ဖို့ ခက်တယ်လို့ ဆိုထားပါတယ်။“ဥပဒေနှင့် အညီ” ဆိုတာကို ပြင်ချင်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မှပဲ ရနိုင်ပါမယ်။ ဒီအတိုင်းပဲ တရားသူကြီးတွေရဲ့ ရာထူး သက်တမ်းကို ပြင်ဆင်ဖို့ ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှပဲ ရပါလိမ့်မယ်။တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကို ပြင်ဖို့အတွက် လွှတ်တော်မှာ ကြိုးစားခဲ့ပါတယ်။ တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကို အခု ပြဋ္ဌာန်းထားသလို အသက် ၇၀ အထိ၊ ၆၅ နှစ် ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခွင့် ပေးတာမျိုးထက် ရာထူးသက်တမ်း ငါးနှစ် ထားရှိဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဒီအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က စပြီး ပြောခဲ့တာ ဖြစ်ပါတယ်။လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ အဲဒီ ပြင်ဆင်လိုမှု ပယ်ချခံခဲ့ရပါတယ်။ တပ်မတော်ဘက်က ပယ်ချခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားချိန်မှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် နှစ်ရပ် တင်သွင်းခဲ့ပါတယ်။ပထမ တစ်ခုက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ဒုတိယ ပြည်ထောင်စု တရားသူကြီးချုပ်တွေကို လွှတ်တော်က ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ဒုတိယ အချက် ရာထူးသက်တမ်း ကန့်သတ်ချက် လုပ်ဖို့ ဖြစ်ပါတယ်။အဲဒီ နှစ်ချက်လုံးကို တပ်မတော်က ပယ်ချခဲ့ပြီး ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ဒုတိယ ပြည်ထောင်စု တရားသူကြီးချုပ်တွေကို လွှတ်တော်က ရွေးချယ်မယ်ဆိုရင် ဥပဒေပြုရေး မဏ္ဍိုင်က တရားစီရင်ရေးကို လွှမ်းမိုးသွားနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တရားသူကြီးတွေကို ရာထူးသက်တမ်း သတ်မှတ်မယ်ဆိုရင် အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တို့လို ရာထူးသက်တမ်း တူသွားပြီး နိုင်ငံရေး ရာထူးပုံစံမျိုး ဖြစ်သွားမယ်၊ တရားစီရင်ရေး မဏ္ဍိုင်က ရာထူးသက်တမ်းကို နိုင်ငံရေးအရ သတ်မှတ်လိုက်တာနဲ့ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်သွားမယ်။ ဒါ့အပြင် တာဝန်ကို ငါးနှစ်တစ်ကြိမ် လဲလှယ်စေခြင်းဟာ တရားရေး မဏ္ဍိုင်ကို လိုတာထက် ပိုမို ထိန်းကျောင်းရာ ရောက်ပြီး လွတ်လပ်တဲ့ တရားစီရင်ရေး မူကိုပါ ထိခိုက်စေနိုင်တယ်လို့ တပ်မတော်ဘက်က ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး တရားသူကြီးတွေ ရာထူးသက်တမ်း ကန့်သတ်တာကို ဒီမိုကရေစီနိုင်ငံတွေမှာ မတွေ့ရဘူးလို့လည်း ဆွေးနွေးခဲ့ပါတယ်။တရားသူကြီးတွေရဲ့ ရာထူးကန့်သတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြန်ဆွေးနွေးခဲ့ပါတယ်။တောင်ကိုရီးယားမှာ ခြောက်နှစ်၊ ဆွစ်ဇာလန်နိုင်ငံမှာ ငါးနှစ်၊ တစ်ပါတီစနစ် နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှာ ငါးနှစ်၊ ဗီယက်နမ်နိုင်ငံမှာ ငါးနှစ် တရားသူကြီးတွေကို ရာထူးသက်တမ်း ကန့်သတ်တယ်လို့ ဆွေးနွေးခဲ့တာပါ။ဒါပေမဲ့ အပြီးသတ် မဲခွဲ ဆုံးဖြတ်ချိန်မှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်လိုတဲ့ အဆိုပြုချက် အားလုံး ရှုံးနိမ့်ပါတယ်။တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်ပြီး တရားသူကြီးတွေကို ထိန်းကျောင်းဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု မလုပ်ဘဲ လုပ်ဆောင်ဖို့ ခက်ခဲတယ် ဆိုပေမယ့် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။ အဲဒီ နည်းလမ်းသုံးဖို့ ပြည်သူ့ အားလိုပါတယ်။ 
■ ပြည်သူစောင့်ကြည့် တရားစီရင်ရေးလက်ရှိအချိန်မှာ တရားစီရင်ရေးကို အုပ်ချုပ်ရေးပိုင်းက လွှမ်းခြုံထားတာ ငြင်းဖို့ ခက်ပါတယ်။ အဂတိတရားကင်းပြီး လွတ်လပ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးလည်း မဖြစ်သေးပါဘူး။ NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါဝင်တဲ့ အချက် ခြောက်ချက်နဲ့လည်း ပျက်စီးနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်ဖို့ မလွယ်ကူပါဘူး။ဒီအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ပဲ တရားသူကြီးတွေကို ထိန်းကျောင်းဖို့ လုပ်ရပါမယ်။ ဒါကို လုပ်ဖို့ဆိုရင် ပြည်သူအားက အရေးကြီးပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ တရားသူကြီးတွေကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးက ဖယ်ရှားလို့ ရပါတယ်။နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်မယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်မယ်၊ အကျင့်သိက္ခာ ပျက်ပြားမယ်၊ ပြဋ္ဌာန်းထားတဲ့ အရည်အချင်း ပျက်ယွင်းမယ်ဆိုရင် စွပ်စွဲ ပြစ်တင်လို့ ရပါတယ်။ဒီအချက်တွေထဲမှာ အကျင့်သိက္ခာ ပျက်ပြားခြင်းက အသုံးပြုလို့ အကောင်းဆုံး အချက် ဖြစ်ပါတယ်။ တရားသူကြီး တစ်ဦးက အဂတိ လိုက်စားမှု ရှိမယ်၊ မလျော်သြဇာ ကျင့်သုံးမယ်၊ မှန်ကန်မျှတတဲ့ စီရင်မှုတွေ မလုပ်ဘူးဆိုရင် ဒီအချက်တွေကို ဖော်ထုတ်ပြီး စွပ်စွဲပြစ်တင်နိုင်ရင် ရာထူးက ဖယ်ရှားဖို့ လုပ်နိုင်ပါတယ်။ဒီအတွက် သတင်း အချက်အလက်တွေကို ပြည်သူက ရှာဖွေပေးမယ်။ ပြည်သူတွေ ရှာပေးတာကို လွှတ်တော်ကိုယ်စားလှယ်တွေက အဆင့်ဆင့် လုပ်ပေးမယ်ဆိုရင် တရားသူကြီးတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေးထားချက်တွေထဲကပဲ ဖြုတ်ချပြီး အရေးယူ အပြစ်ပေးလို့ ရပါတယ်။အရင် အစိုးရ အဆက်ဆက် အုပ်ချုပ်ရေး မဏ္ဍိုင်က တရားစီရင်ရေး မဏ္ဍိုင်ကို အကာအကွယ် ပေးခဲ့တယ် ဆိုရင် နောက်အစိုးရ လက်ထက်မှာ ဒီအတိုင်း ဆက်မဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။ ဆက်ဖြစ်တယ် ဆိုရင် တရားရေး မဏ္ဍိုင် တည့်မတ်ဖို့ လုံး၀ မဖြစ်နိုင်တော့ပါဘူး။လက်တွေ့ အခြေအနေမှာတော့ တရားသူကြီး ၈၀၀ ကျော် ရှိတဲ့အထဲ ၆၀၀ ကျော်လောက်ကို ဖယ်ရှားပြီး အစားထိုးရမယ့် အနေအထား ဖြစ်ပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ အပြစ်ပေးဖို့ လိုအပ်သူတွေကို အရေးယူ အပြစ်ပေးရပါလိမ့်မယ်။ ဒါက ပထမအဆင့် လုပ်ရမှာပါ။ ဒါကို လုပ်ပြီးမှ လူသစ်တွေနဲ့ တရားစီရင်ရေး စနစ်ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ဒီလို မဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်အောက်ကို တရားသူကြီးတွေပါ ဆွဲသွင်းပြီး လူဟောင်းတွေနဲ့ပဲ စနစ်ပြောင်းဖို့ ကြိုးစားမယ်ဆိုရင် တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုး စိတ်ကြိုက် ရေးဆွဲသွားတဲ့ တရားစီရင်ရေး စနစ်ထဲမှာ သံသရာ လည်နေရုံကလွဲပြီး ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။               

Most Read

Most Recent