နောင်လာမည့် ကာလများတွင် အခွန်တိမ်းရှောင်မှုများကို တည်ဆဲဥပဒေနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။“အခွန် တိမ်းရှောင်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တည်ဆဲဥပဒေတွေမှာ အသေးစိတ် ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အခွန်ထမ်း ပြည်သူတွေဟာ အခွန်နဲ့ ပတ်သက်လို့ အခွန်ယဉ်ကျေးမှု နည်းပါးနေသေးတာ တွေ့ရှိရပါတယ်။ အခွန်ယဉ်ကျေးမှု ပိုမိုဖြစ်ထွန်း ပေါ်ပေါက်ဖို့ လိုပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့က တည်ဆဲ ဥပဒေတွေမှာ ပါထားသော်လည်း ဒဏ်ရိုက်တဲ့ အဆင့်ပဲ လက်ရှိအချိန်မှာ ဆောင်ရွက်လျက် ရှိပါတယ်။ သို့ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့ အသေးစိတ်ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ နောင်မှာတော့ အခွန်တိမ်းရှောင်မှုတွေကို တည်ဆဲ ဥပဒေများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင် အချို့မှ အခွန်တိမ်းရှောင်မှုများ ရှိနေသော်လည်း ယခုနှစ်များအတွင်း တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အခွန် ကျပ်ဘီလျံ ၈၀၀ ပိုမို ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။“ကုမ္ပဏီကြီးတွေ အခွန်ရှောင်တာကို ဘယ်လို အရေးယူ ဆောင်ရွက်မလဲလို့ မီဒီယာတွေက မေးပါတယ်။ ကျွန်တော်တို့ဟာ အဲဒီကိစ္စအတွက် အဖွဲ့တွေဖွဲ့ပြီး သေချာ ဆောင်ရွက်နေပါတယ်။ အခုဆိုရင် တစ်နှစ်ကို ပျမ်းမျှ ကျပ်ဘီလျံ ၈၀၀ လောက် တိုးရပါတယ်။ ယခင် အခွန်တိမ်းရှောင်နေမှုကနေ အခုဆိုရင် ၈၀၀ လောက် တိုးရလာတာပါ။ အဲဒီ ၈၀၀ ထဲက ကျပ်ဘီလျံ ၃၀၀ လောက်က Trade Volume တက်လာတဲ့အတွက် ရလာတာပါ။ ကျန်တဲ့ ဘီလျံ ၅၀၀ လောက်ကတော့ ပြည်တွင်းက ရတာပါ။ ဒါကြောင့်မို့ အခွန်တိမ်းရှောင်မှုတွေဆိုတာ မရှိဘူးတော့ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာတော့ ဒီလို LDC နိုင်ငံတွေမှာ ရှိတတ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြီးခဲ့သည့် မေ ၂၆ ရက် နေပြည်တော်ရှိ ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။အခွန်ကောက်ခံရရှိမှု အပိုင်းတွင် ယခင် အစိုးရ လက်ထက်တွင် အများဆုံး ကျပ် ဘီလျံ ၁၂၀၀ ပဲ ရှိခဲ့ကြောင်း၊ အစိုးရသစ် တက်လာပြီး ပထမနှစ်တွင် ကျပ်ဘီလျံ ၁၅၀၀ ရရှိခဲ့ကြောင်း၊ ဒုတိယနှစ်တွင်မူ ကျပ်ဘီလျံ ၂၇၁၀ ရရှိခဲ့ကြောင်း၊ တတိယနှစ်တွင် ကျပ် ဘီလျံ ၃၅၈၂ ရရှိခဲ့ပြီး စတုတ္ထနှစ်တွင် ကျပ် ဘီလျံ ၄၄၁၀ ရရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင်မူ ကျပ်ဘီလျံ ၄၇၀၀ အထိရရှိရန် မျှော်မှန်းထားကြောင်း၊ လက်ရှိ အချိန်တွင် ကျပ် ၁၂၂ ဘီလျံ ရရှိထားပြီဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။အခွန်ကောက်ခံ ရရှိမှုနှင့် GDP အချိုးကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကိုးရာခိုင်နှုန်း ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
နောင်လာမည့် ကာလများတွင် အခွန်တိမ်းရှောင်မှုများကို တည်ဆဲဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်သော်လည်း လက်ရှိ အချိန်၌ ဒဏ်ရိုက်သည့် အဆင့်သာ ရှိနေသေး










