ရှမ်းပြည်နယ် ဒေသအသီးသီးရှိ လက်ဖက်စိုက် တောင်သူများ အနေဖြင့် စိုက်ပျိုးမှု နည်းပညာသစ် လိုအပ်လျက်ရှိပြီး ဈေးကွက်ရရှိမှု နည်းပါး

ရှမ်းပြည်နယ် ဒေသအသီးသီးရှိ လက်ဖက်စိုက် တောင်သူများ အနေဖြင့် စိုက်ပျိုးမှု နည်းပညာသစ် လိုအပ်လျက်ရှိပြီး ဈေးကွက်ရရှိမှု နည်းပါး
Published 8 December 2015
အောင်သူ၊ လဲ့လဲ့အောင်

ရှမ်းပြည်နယ်  ဒေသ အသီးသီးရှိ  လက်ဖက်စိုက် တောင်သူများအနေဖြင့်  ပြောင်းလဲလာသည့် ခေတ်မီ စိုက်ပျိုးမှု နည်းပညာသိရှိမှု အားနည်းကာ ဈေးကွက်ရရှိမှု နည်းပါးလျက်ရှိကြောင်း   လက်ဖက်စိုက် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
လက်ဖက်စိုက်ပျိုးသည့် တိုင်းရင်းသား ဒေသများတွင် မိရိုးဖလာ နည်းအတိုင်း စိုက်ပျိုးလုပ်ကိုင်လေ့ရှိရာ လက်ရှိ ဈေးကွက် နေရာရရှိနေသည့် လက်ဖက်များနည်းတူ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ မသိရှိခြင်း ကြောင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
“လက်ရှိမှာ လက်ဖက်စိုက် တောင်သူတွေအနေနဲ့ ဈေးနှုန်းကောင်းကောင်းလည်း မရရှိဘူး။ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ လက်ဖက်စိုက်ပျိုးမှု နည်းပညာကို တောင်သူတွေ မသိရှိဘူး။ ရှေးနည်းအတိုင်းပဲ စိုက်ပျိုး လုပ်ကိုင်နေရတယ်။ ဒါကြောင့်မို့လို့ အခုဈေးကွက်မှာ နေရာရနေတဲ့ ဂရင်းတီးလို လက်ဖက် အမျိုးအစားတွေ စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်မှု မရှိသေးဘူး။ နိုင်ငံတကာ ဈေးကွက်ကို  ထိုးဖောက်ဖို့ဆိုရင်  နည်းပညာ အကူအညီ အထောက်အပံ့တွေ အရမ်းလိုအပ်ပါတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်  မန်အောင်ကျေးရွာမှ  လက်ဖက်စိုက် တောင်သူ ဦးမိုင်းအိုက်နိုင်က ပြောကြားသည်။
လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချမှု တိုးတက် ဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းရှိ ပလောင်၊ ဓနုတိုင်းရင်းသား လက်ဖက်စိုက် တောင်သူများနှင့် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးတောင်သူ အသင်းအဖွဲ့၊ ပလောင် လက်ဖက်အသင်း၊ မန္တလေးမြို့ရှိ လက်ဖက်ကုန်သည်များ၊  မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်အဖွဲ့နှင့် ဂျာမနီနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၈ ရက်က မန္တလေးမြို့၌ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။
“ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း လက်ဖက် တောင်သူတွေအပေါ် ပံ့ပိုးမှု ဘယ်လောက်ရှိခဲ့လဲ။ ၂၀၁၅ ခုနှစ်မှာ စံပြထုတ်ကုန်တွေ ဘာတွေရှိခဲ့လဲ။ လက်ဖက်အစိုကို နိုင်ငံခြား ဈေးကွက်ဝင်အောင် ဘယ်လိုစံပြစက်ရုံတွေ  တည်ထောင်နေလဲ။  လာမယ့်  ၂၀၁၆  ခုနှစ်အတွက် ဘယ်အပိုင်းတွေကို ဦးစားပေး လုပ်ဆောင် သွားမလဲဆိုတဲ့  အချက်တွေကို ဆွေးနွေးမယ်။ ကိုယ့်နိုင်ငံမှာ ထွက်ရှိတဲ့ သြဂဲနစ် လက်ဖက်ကို တန်ဖိုးရှိအောင် လုပ်ဖို့နဲ့ ဈေးကွက်ကို ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ဝင်ဆံ့လာအောင် အားလုံး ပူးပေါင်းလုပ်ဆောင်သွားရမယ်”ဟု မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုး တောင်သူ အသင်းအဖွဲ့နှင့် ပလောင် လက်ဖက်အသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောကြားသည်။
လက်ရှိ လက်ဖက်ဈေးကွက်တွင် မြန်မာပြည် အထက်ပိုင်း ဒေသအများစု၌ ပြည်တွင်းထုတ် လက်ဖက်များကိုသာ သုံးစွဲလျက်ရှိပြီး အောက်ပိုင်း ဒေသများတွင် တရုတ်နိုင်ငံထုတ် လက်ဖက်ခြောက်များကို    သုံးစွဲမှုများပြားကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းမှ ထွက်ရှိသော လက်ဖက်အစိုများကို  အမေရိကန်နိုင်ငံသို့ ကွန်တိန်နာနှစ်လုံး  စမ်းသပ်တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent