ပြည်တွင်း၌ ကြက်သွန်နီဈေး မြင့်တက်မှု လျှော့ချရန် ITC လက်မှတ် ကိုင်ဆောင်ထားသူ လုပ်ငန်းရှင်ငယ်များအား ပြည်ပမှ ကြက်သွန်နီ တင်သွင်းခွင့် စတင်ခွင့်ပြု

ပြည်တွင်း၌ ကြက်သွန်နီဈေး မြင့်တက်မှု လျှော့ချရန် ITC လက်မှတ် ကိုင်ဆောင်ထားသူ လုပ်ငန်းရှင်ငယ်များအား ပြည်ပမှ ကြက်သွန်နီ တင်သွင်းခွင့် စတင်ခွင့်ပြု
Published 8 December 2015
ဖြိုးဝေ

ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမြင့် တက်နေသည့်အတွက် ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်း ကျဆင်းစေရန်နှင့် ကြက်သွန်နီကို လုပ်ငန်းရှင်များ လွယ်ကူ လျင်မြန်စွာ တင်သွင်းနိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trade Card) ဖြင့် ကြက်သွန်နီအား နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ITC လုပ်ထုံးလုပ်နည်းများနှင့်အညီ စတင် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ကြက်သွန်နီကို ပြည်ပမှ တင်သွင်းနိုင်ရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိရာမှ လက်ရှိအချိန်တွင် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း ကျဆင်းစေရန် ITC လက်မှတ်ကိုင်ဆောင်ထားသူ လုပ်ငန်းရှင်များအား ကြက်သွန်နီ စတင် တင်သွင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်  (Individual Trade Card ) ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များအတွက် နယ်စပ်စခန်းများမှ တရားဝင် ကုန်သွယ်ခွင့်ကို ၂၀၁၂ ခု နှစ်မှ စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကတ်ပေါင်း ၂၉၂ ကတ် ထုတ်ပေးခဲ့သည်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကတ်ပေါင်း ၂၆၁ ကတ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကတ်ပေါင်း ၃၁၅ ကတ် ထုတ်ပေးထားကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကတ်ပေါင်း ၁၁၆ ကတ်ဖြင့်  ကုန်သွယ်မှုများ ပြုလုပ်နေသည်။
ပြည်တွင်း၌ စိုက်ပျိုးသူများ၏ လက်တွင်း ကြက်သွန်များ မရှိတော့ချိန်မှ ပွဲစားများ၏ ဈေးကစားမှုကြောင့် စံချိန်တင် ဈေးမြင့်တက်ခဲ့သည့် ကြက်သွန်နီဈေးသည် လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ကျော် ဈေးကျသွားပြီး  မုံရွာ၊ မြင်းခြံ၊ဆိပ်ဖြူနှင့် ပခုက္ကူဘက်မှ ဝင်ရောက်နေသည့် ကြက်သွန်များမှာလည်း တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၀၀၀ မှ ကျပ် ၁၈၀၀ အထိ ရှိနေကာ တရုတ်နိုင်ငံမှ ကြက်သွန်နီများသည်လည်း တစ်ပိဿာလျှင် ကျပ် ၈၀၀မှ ကျပ် ၁၀၀၀ အထိ ရှိနေကြောင်း သိရသည်။    

Most Read

Most Recent