ကျောက်မျက်ရိုင်း တစ်တွဲလျှင် အခြေခံဈေး ကျပ်သုံးသိန်းမှ အမြင့်ဆုံးဈေး ကျပ်သိန်း တစ်ထောင်ကျော်နှင့် ရောင်းချမည်

ကျောက်မျက်ရိုင်း တစ်တွဲလျှင် အခြေခံဈေး ကျပ်သုံးသိန်းမှ အမြင့်ဆုံးဈေး ကျပ်သိန်း တစ်ထောင်ကျော်နှင့် ရောင်းချမည်
Published 7 December 2015
နေရိုင်း

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်မျက်ရိုင်း တစ်တွဲလျှင် အခြေခံဈေး ကျပ်သုံးသိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၁၂၀၀ နှင့် ကျောက်စိမ်း အသားကျောက် တစ်တွဲလျှင် အခြေခံဈေး ကျပ် ၁၀ သိန်းမှ အမြင့်ဆုံး ကျပ်သိန်းနှစ်ဆယ်တန်တို့အား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဒီဇင်ဘာ ၉ ရက်တွင် စတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား ဒီဇင်ဘာ ၇ ရက်တွင် ကျောက်မျက် အတွဲများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ရောင်းချမည့်ကျောက်မျက် အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများအား သက်ဆိုင်ရာ တင်ဒါပုံးများတွင် ထည်သွင်းမည် ဖြစ်ကြောင်း သိရသည်။အဆိုပါပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၆၈၀၀ ကျော်နှင့် ကျောက်မျက် အတွဲပေါင်း ၂၀၀ ကျော် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။“အနိမ့်ဆုံး တင်ဒါဈေးကတော့ ကျောက်မျက် အတွဲတစ်တွဲကို အခြေခံဈေး သုံးသိန်းပါ။ ကျောက်စိမ်းတွဲရဲ့ အခြေခံဈေးက ၁၀ သိန်း ရှိပါတယ်။ ဈေးအမြင့်ဆုံးထဲမှာတော့ ကျောက်မျက်ထဲမှာပဲ များတယ်။ ကျောက်စိမ်းထဲမှာ သိပ်မရှိဘူး။ ကျောက်မျက်ထဲမှာ အမြင့်ဆုံးဈေးက သိန်းထောင်ဂဏန်းလောက် ပါတယ်” ဟု မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီမှ တာဝန်ရှိသူ ဦးသန်းဇော်ဦးက ပြောကြားသည်။ယခု ကျင်းပသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား ပြည်တွင်းရှိ ကျောက်အချောထည် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအတွက် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။“စစ်ကိုင်း၊ မန္တလေးဘက်မှာ အချောထည် တစ်ပိုင်တစ်နိုင် လုပ်နေတဲ့ လုပ်ငန်းရှင်လေးတွေ ရှိတယ်။ အဲ့ဒီလူတွေအတွက် ကျွန်တော်တို့က ကုန်ကြမ်း ရောင်းပေးတဲ့ပွဲပါ” ဟု ဦးသန်းဇော်ဦးက ဆက်လက် ပြောကြားသည်။ ကျောက်စိမ်းတွဲများ ရောင်းချရာတွင် ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ တစ်ရက်လျှင် ကျောက်စိမ်းတွဲပေါင်း ၁၇၅၀ စီ ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂  ရက်တွင် ကျောက်စိမ်းတွဲပေါင်း ၁၅၇၆ တွဲ၊ စုစုပေါင်း ၆၈၂၆ တွဲအား ဖွင့်ဖောက် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ပြပွဲ ကျင်းပသည့် ဒီဇင်ဘာ ၇ ရက်တွင် ပြည်တွင်း ကုန်သည်ပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။၂၀၁၄ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ၁၂၀၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီမှ သိရသည်။

Most Read

Most Recent