ဒိုင်းမွန်းစတားအုပ်စု ပါဝင် ရင်းနှီးထားသည့် အသေးစား အလတ်စား ချေးငွေလုပ်ငန်း Fullerton Finance သို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IMC)က ဒေါ်လာ ၁ ဒသမ ၂ သန်းဖို့ ထည့်ဝင်ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း IMC မှ ဒီဇင်ဘာ ၇ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။
Fullerton Finance သည် မြန်မာနိုင်ငံတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လိုင်စင်ရှိပြီးနောက် ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ငွေချေးငှားသူများအား ချေးငွေ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အုပ်စုဝင်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် Fullerton မှ အသေးစား စီးပွားရေးလုပ်ငန်းများနှင့် ငွေချေးငှားသူ တစ်ဦးချင်းစီသို့ ချေးငွေလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး Fullerton Finance တွင် ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်သည် ဖွံ့ဖြိုးမှုအတွက် ကနဦး စတင်နေသည့် အစပိုင်းအဆင့်တွင်သာ ရှိနေပြီး တရားဝင်ငွေကြေး ဝန်ဆောင်မှုများကို နိုင်ငံ၏အရွယ်ရောက် လူဦးရေ၏ ရာခိုင်းနှုန်း ၃၀ မျှသာရှိကြောင်း၊ အပေါင်ပစ္စည်းမပါသည့် ကာလရှည် ချေးငွေချေးငှားနိုင်သည့် အခွင့်အလမ်းများမှာ အလွန်အမင်း နည်းပါးနေဆဲ ဖြစ်သည့်အတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလိုအပ်ချက် တောင်းဆိုမှုများမှာလည်း ယနေ့အချိန်ထိ မြင့်မားနေဆဲဖြစ်ကြောင်း IFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Fullerton အနေဖြင့် ငွေချေးငှားသူ ၁၀၀၀၀ ဝန်းကျင်မှ ၂၀၂၁ ခုနှစ်တွင် ငွေချေးငှားသူ အရေအတွက် ၂၀၀၀၀၀ ထိ ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းထားသည်။
ကမ္ဘာ့ဘဏ်အုပ်စုဝင် IFC သည် အသေးစား ငွေကြေးလုပ်ငန်း နယ်ပယ်အတွင်း လျော်ကန်သည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဦးဆောင်နေသူ တစ်ဦးဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင်လည်း အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်နှင့် ဆက်စပ်လုပ်ဆောင်လျက်ရှိကြောင်း၊ ၁၉၉၀ ပြည့်လွန် နှစ်များမှ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အသေးစား ငွေကြေးလုပ်ငန်းအဖြစ် ရှေ့ဆောင်အစပျိုး လုပ်ကိုင်ခဲ့ရာမှ ဘဏ္ဍာရေး ဝန်ဆောင်မှုများကို လွယ်ကူစွာ ရရှိနိုင်စေရန် ဆောင်ရွက်ပေးနေသည့် ဘာဏ္ဍာရေးအဖွဲ့ အစည်းများအား မူဝါဒများ၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ၊ နည်းပညာသစ်များ အသုံးပြု ဆောင်ရွက်လာစေခြင်း၊ အသေးစား ငွေကြေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်မှုများကို ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ဆက်လက် လုပ်ကိုင်နေကြောင်း သိရသည်။
“အသေးစား ငွေချေးလုပ်ငန်းများ အနေဖြင့် ဈေးကွက်အတွင်း လိုအပ်နေသော ထုတ်ကုန်နှင့် ဝန်ဆောင်မှု အပြည့်အဝရရှိရေးကို ကူညီထောက်ပံ့ပေးနိုင်ရန်မှာ ဆုံးရှုံးနိုင်ချေများဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းနှင့် ဝန်ထမ်းနှင့် ထုတ်ကုန်ဆိုင်ရာ တိုးတက်မှု အပိုင်းတို့တွင် လိုအပ်သော ရင်းနှီးမြှုပ်နံှမှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖန်တီးတည်ဆောက်ပေးခြင်းဖြစ်ပြီး ထိုတည်ဆောက်မှုမှာ အရေးကြီးလှပါသည်” ဟု ဘဏ္ဍာရေး အဖွဲ့အစည်းများအုပ်စု၏ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာမားကို့စ်က ဆိုသည်။
IFC အနေဖြင့် ယခုရင်းနှီးမြှုပ်နှံမှုသည် ဖြစ်ထွန်းစ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွင် ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည် မည်သူမဆို ဘဏ္ဍာရေး လုပ်ငန်းများတွင် ပါဝင်ခံစားခွင့် ရရှိလာနိုင်မှု မြင့်မား တိုးတက်လာစေရေး ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် လူဦးရေ ရာခိုင်နှုန်း ၃၀ သာ ငွေကြေးဝန်ဆောင်မှု များ ရရှိမှုမှ ၂၀၂၀ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀ အထိ ပါဝင် လာနိုင်စေရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စု၏ အကူအညီ ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံး အနေဖြင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အခွင့်အလမ်း ရရှိမှု ဆောင်ရွက်မည့် ပဏာမခြေလှမ်းအဖြစ် ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် ဘဏ်ဝန် ဆောင်မှု မရရှိသေးသည့် လူဦးရေ၏ ၁ ဘီလျံ ကို ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိအောင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများအပေါ် အဓိက လုပ်ငန်းများအဖြစ် အရေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒိုင်းမွန်းစတားအုပ်စု ပါဝင်ရင်းနှီးထားသည့် အသေးစား အလတ်စား ချေးငွေလုပ်ငန်း Fullerton Finance သို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက ဒေါ်လာ ၁ ဒသမ ၂ သန်းဖိုး ထည့်ဝင် မြှုပ်နှံမည်










