၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ တိုက်ဆိုင် စစ်ဆေးထားသည့် (EITI) အစီရင်ခံစာကို နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (MEITI) ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။“ရေနံနှင့် သဘာ၀ ဓာတ်ငွေ့က မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေကို အများဆုံး ရှာပေးထားတဲ့ ကဏ္ဍဖြစ်လို့ ထိပ်ဆုံး ကုမ္ပဏီ အကုန်လုံးကို ထည့်လိုက်တာ ဖြစ်တယ်။ ဘဏ္ဍာငွေ စုစုပေါင်းက အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလျံလောက် ရှိတယ်။ ကျောက်မျက်က ပြပွဲမှာ ပြတဲ့ ကုမ္ပဏီတွေရဲ့ ရှာပေးနိုင်တဲ့ ရာနှုန်း ၆၇ ရာခိုင်နှုန်းက ထိပ်ဆုံး ကုမ္ပဏီတွေကို ထည့်လိုက်တယ်။ တွင်းထွက် ကဏ္ဍမှာက အခွန်ငွေ ရာခိုင်နှုန်း ၅၀ ကို ရှာပေးနိုင်တဲ့ ထိပ်ဆုံး ကုမ္ပဏီ ၁၁ ခု စတဲ့ ကုမ္ပဏီတွေက ပေးထားတဲ့ အခွန် စုစုပေါင်း ၃ ဒသမ ၁ ဘီလျံ တိုက်ဆိုင် စစ်ဆေးတာကို မူကြမ်းထဲမှာ ထည့်ထားတယ်” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ယင်းသို့ တင်သွင်းမည့် အဆိုပါ အစီရင်ခံစာ မူကြမ်းကို နိုင်ငံတကာ စာရင်းစစ် အဖွဲ့မှ ယခု ရက်ပိုင်းအတွင်းတွင် ပေးပို့သွားမည်ဖြစ်ကာ အစိုးရ ၊ ကုမ္ပဏီ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့မှ ပြန်လည်တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့နောက် မြန်မာနိုင်ငံမှ (EITI) တင်းပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် တင်သွင်းရန် နိုင်ငံတကာ (EITI) အဖွဲ့ရုံးမှ သတ်မှတ်ထားသည့် ၂၀၁၆ ဇန်နဝါရီ ၂ ရက် မတိုင်မီ ယင်းအစီရင်ခံစာကို တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။“အစီရင်ခံစာ မူကြမ်းက Moore Stephen အဖွဲ့ကနေ ဒီရက်ပိုင်း အတွင်းလောက်မှာ ပေးပို့သွားမယ်။ အဲဒီမူကြမ်းကို သုံးပွင့်ဆိုင် အဖွဲ့က တိုက်ဆိုင်စစ်ဆေးပြီး ခရစ်စမတ် မတိုင်ခင်မှာ အပြီးသတ် လုပ်ဆောင်သွားမယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကို အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၁၀၀ ကို ကိုယ်စားပြုသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက် ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ ခုနှင့် သတ္တု ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ကြောင်း သိရသည်။ယင်းသို့ အခွန် ဘဏ္ဍာငွေများကို တိုက်ဆိုင်ရာတွင် အခွန်အခ အမျိုးအစားပေါင်း ၁၀ မျိုးကို ပါဝင်တိုက်ဆိုင် စစ်ဆေးထားကြောင်း သိရသည်။(EITI) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်းဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ယူခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ကုမ္ပဏီများနှင့် ပြည်သူလူထု ကြားတွင်လည်း အပြန်အလှန် ယုံကြည်မှု ခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ တာဝန်ခံမှု ရှိခြင်းအပေါ် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနိုင်မည်ဖြစ်ကာ သဘာ၀ သယံဇာတ တူးဖော်ထုတ်လုပ်ရေးနှင့် ပတ်သက်သော သတင်း အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။EITI သည် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၏ ဝင်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ပြီး ၂၀၁၄ ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် နိုင်ငံတကာ (EITI) အဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံအား ၄၅ နိုင်ငံမြောက် (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် အတည်ပြု လက်ခံခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ တိုက်ဆိုင် စစ်ဆေးထားသည့် EITI အစီရင်ခံစာ နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းမည်










