ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်က အနိုင်ရကျောက်တန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြ မျိုးအား တိုင်တန်းမှုကို ကျောက်တန်းမြို့မရဲစခန်းက ဒီဇင်ဘာ ၅ ရက်တွင် မတရား တားဆီးကန့်ကွက်မှု ပြစ်မှု ပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့်၍ အာမခံပေးထားပြီး တရားစွဲဆိုရန် သင့်မသင့်ကို ဥပဒေအကြံပေး တောင်းခံထားကြောင်း သတင်းရရှိသည်။ အမှုဖွင့် တိုင်ကြားထားမှုတွင် နိုဝင်ဘာ ၄ ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်နှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ အရှေ့ကျောင်းတိုက်ဓမ္မာရုံတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ကြာကန်ကျေးရွာသို့ သွားစဉ် NLD ပါတီဝင်များက ပိတ်ဆို့ထား၍ ရွာတောင်ပိုင်းသို့ ပြန်ထွက်ခဲ့ရာ တောင်ဘက်ဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အစီး ၅၀ ခန့်ဖြင့် ပိတ်ဆို့ထားကြောင်း၊ ပိတ်ဆို့ထားသည့် ကားတစ်စီးတွင် NLD ပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုး လိုက်ပါလာသည်ကို တွေ့ရှိခဲ့သဖြင့် ဖြတ်သန်းသွားလာခွင့် မရစေရန် ရည်ရွယ်ချက်ဖြင့် မတရားတားဆီးကန့်ကွက် မှုပြုလုပ်ခဲ့သည်ဟုဆိုကာ ဒေါ်အေးမြမြမျိုး နှင့်အဖွဲ့အား အရေးယူပေးရန် ဦးမျိုးချစ် (ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအုန်းမြင့်၏ ရွေးကောက် ပွဲကိုယ်စားလှယ်)က ကျောက်တန်းမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၁ ရက်က တိုင်ကြားသဖြင့် (ပ)၃၀၈ /၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၄၁ ဖြင့် အမှု ဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးက အာမခံပေးသူ နှစ်ယောက်ဖြင့် ခံဝန်ကတိထိုးကာ အာမခံရခဲ့ကြောင်း ဆိုသည်။“စခန်းမှာတော့ အစ်မရဲ့ကိုယ်ရေးအကျဉ်းပေးတယ်။ ပြီးတော့ အဲဒီနေ့က ဖြစ်စဉ်တွေကို စစ်တယ်။ စစ်ပြီးတော့ ကျွန်မကအမှု သဘောအရ အဖမ်းပြရတယ်။ အဖမ်းပြပြီးတော့ အာမခံ နှစ်ယောက်ပေးပြီးတော့ အာမခံနဲ့ လက်မှတ်ထိုးပြီးတော့ လွှတ်ရတာပေါ့။ တရားရုံးက ဆင့်ခေါ်ရင်သွားရမယ် မသွားရင် ငွေ ၁၀ သိန်းပေးအပ်ပါ့မယ် ဆိုပြီး ခံဝန်ကတိနဲ့ ကျွန်မလက်မှတ်ထိုးပြီး ပြန်လာခဲ့တယ်။ ပုဒ်မ ၃၄၁ နဲ့ ဖွင့်တာပါ။ ကျွန်မကို အာမခံပေးတာက ကျောက်တန်း NLD ပါတီဥက္ကဋ္ဌရယ် ကျွန်မရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရယ်က အာမခံပေးတာပါ။ စခန်းက ကျွန်မတို့ ကျောက်တန်း NLD ပါတီ ဥက္ကဋ္ဌကို မနေ့ကမှ လာပြောတာ။ မနေ့ညကမှ ကျွန်မသိရတာ။ ဒီရက်ပိုင်း ဒီအမှုတွေ အပြီးတင်ရမှာမို့လို့ ခေါ်ရတာပါ ဆိုပြီး စခန်းကပြောပါတယ်” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။ဒေါ်အေးမြမြမျိုးကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲမှူးမင်းစိုးက ဒေါ်အေးမြမြမျိုးကို ဖြစ်စဉ် စစ်ဆေးမေးမြန်းပြီး အာမခံပေးထားကြောင်းနှင့် တရားစွဲဆိုရန် သင့်မသင့်ကို ဥပဒေ အကြံပေးတောင်းခံထားကြောင်း ပြောကြားသည်။“ဦးအုန်းမြင့် ကိုယ်စားလှယ်ဦးမျိုးချစ်က ကန်ပြောင်ရွာထိပ်မှာ သူတို့မဲဆွယ်စည်းရုံးတဲ့ ကာလမှာ သူတို့ယာဉ်တန်းနဲ့ ကားတွေနဲ့ ဒေါ်အေးမြမြမျိုး ဘက်ကလည်း ဆိုင်ကယ်တွေ အစီးသုံးလေးဆယ်နဲ့ ကားတွေနဲ့သွားဆုံ တာပါ။ လမ်းကျဉ်းတော့ ပိတ်တာပေါ့။ အဲဒါကို သူတို့က ဦးအုန်းမြင့်ကို မတရား တားဆီးနှောင့်ယှက်တယ်ဆိုပြီး ပုဒ်မ ၃၄၁ နဲ့ စွဲထားပါတယ်။ ဒီနေ့ ဒေါ်အေးမြမြမျိုးကို စခန်းကို ခေါ်စစ်ပြီး အာမခံပေးထားပါတယ်။ ကျွန်တော်တို့က အဲဒါကို ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ဥပဒေအကြံပြု ဒီနေ့တင်ထားပါတယ်။ တင်ပြလို့ တရားစွဲပါဆိုရင် စွဲမှာပါ။ တရားမစွဲပါနဲ့ ဆိုရင် အမှုပိတ်မှာပါ။ လာမယ့် တစ်ပတ်ရှစ်ရက်လောက်ဆို ဥပဒေအကြံပြုတာ သိရမှာပါ”ဟု ရဲမှူးမင်းစိုးက ပြောကြားသည်။ မတရား တားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ အတွက် ပြစ်ဒဏ်သည် မည်သူမဆို တစ်ဦးတစ်ယောက်သော သူကို မတရား တားဆီးကန့်ကွက်လျှင် ထိုသူကို တစ်လအထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငါးရာအထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား တိုင်တန်းမှု ကျောက်တန်းရဲစခန်းက ပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့်၍ အာမခံပေးထား















