ရခိုင်အမျိုးသားပါတီ ANP ပါတီ၏ ဗဟိုအဆင့် အစည်းအဝေးများကို ဒီဇင်ဘာ ၅ ရက်မှ စ၍ သုံးရက်တိုင် စစ်တွေမြို့ရှိ ပါတီဌာနချုပ်တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ အစည်းအဝေးများတွင် ရခိုင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲ ရလဒ်များအပေါ် ပြန်လည် သုံးသပ်မည်ဖြစ်ပြီး ပါတီ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းများကို တိုင်ပင် ဆွေးနွေးသွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။“အဓိကကတော့ ပါတီကိစ္စတွေပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြန်သုံးသပ်ကြမယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကာလ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲအပြီး ကာလ ကာလသုံးပါးကို ပြန်သုံးသပ်မှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ကျွန်တော်တို့ ပြန်သုံးသပ်မှာပါ။ လက်ရှိ နိုင်ငံရေး အခြေအနေ၊ အနာဂတ် အခြေအနေ အဲဒီ နှစ်ခုမှာ ကျွန်တော်တို့ရဲ့ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ နိုင်ငံရေး အခြေအနေ၊ လွှတ်တော်တွင်းမှာ ရောက်လာမယ့် နိုင်ငံရေး အင်အားစုများ အခြေအနေ။ ဆိုလိုတာက ပြည်နယ်လွှတ်တော် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် လက်ရှိအခြေအနေ ပြည်နယ်လွှတ်တော်ရဲ့ အနေအထား၊ ပြည်နယ်အစိုးရရဲ့ အနေအထား၊ ပြည်ထောင်စုလွှတ်တော် ပြည်ထောင်စု အစိုးရရဲ့ အနေအထား အဲဒီပေါ်မှာ ကျွန်တော်တို့ ပါတီရဲ့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းတွေပေါ့။ မဟာမိတ် ချိတ်ဆက်ဖို့ အလားအလာ အခြေအနေ။ အဲဒီ အခြေအနေပေါ်မှာ ကျွန်တော်တို့ရဲ့ သုံးသပ်ချက်လေးတွေ၊ ဝေဖန်ချက်လေးတွေ ပါမှာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။အဓိက ဆွေးနွေးသွားမည့် အချက်များတွင် ရွေးကောက်ပွဲ အနိုင်ရ ပါတီက ပူးပေါင်းရန် ကမ်းလှမ်းမှု ရရှိပါက ရခိုင်အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့ ပါတီ၏ မူဝါဒဘောင်အကြား ဖြစ်နိုင် မဖြစ်နိုင် အပြန်အလှန် သုံးသပ်သွားမည့် အချက် ပါဝင်ကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။“ဥပမာ ဆိုပါတော့ လက်ရှိ အနိုင်ရတဲ့ ပါတီကြီးက ကျွန်တော်တို့ တိုင်းရင်းသားပါတီများ အပေါ်မှာ ချဉ်းကပ်လာလို့ရှိရင် ဒါမှမဟုတ် ဖိတ်ခေါ်လာလို့ရှိရင် ကျွန်တော်တို့ ပါတီရဲ့ ရပ်တည်ချက် ပြည်ထောင်စုအစိုးရ ပြည်ထောင်စုပါလီမန်၊ ပြည်နယ်အစိုးရ ပြည်နယ်ပါလီမန် စသဖြင့် ကျွန်တော်တို့ရဲ့ အနေအထားလေးတွေ အဲဒီ အနေအထားကို ဘာကြောင့် လက်ခံရတယ်၊ ဘာကြောင့် လက်မခံရဘူး။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ဘယ်လိုရှိတယ်။ ရခိုင်အမျိုးသား တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကဘာ..။ အကျိုးစီးပွားပေါ်မှာ ပါတီရဲ့ ရပ်တည်ချက်က ဘယ်လိုသွားမယ် ဘယ်လိုဖြစ်နိုင်တယ် ဘယ်လိုဖြစ်မှ သင့်မယ်။ မဖြစ်နိုင်ရင် ဘယ်လို ဆက်လုပ်မှာလဲ။ ဒါလေးတွေပေါ့ဗျာ။ အပြန်အလှန် သုံးသပ်မှုပေါ့ဗျာ။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ပါတီမူဝါဒ ရည်မှန်းချက်ပေါ်မှာ ဖြစ်တည်နေမှုက ဘယ်လိုရှိတယ်။ အဲဒီပေါ်မှာ ကျွန်တော်တို့က ဘယ်လိုသုံးသပ်ပြီးမှ ရပ်တည်မှာလဲ။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် အားလုံးက ရခိုင်တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ ပါတီရဲ့ မူဝါဒဘောင် အတွင်းမှာပဲ ရှိရမှာပေါ့။ အဲဒီသဘောပါပဲ။ အဲဒါကြောင့် မဟာမိတ် ချိတ်ဆက်မှုတွေကို ကျွန်တော်တို့ အပြန်အလှန် သုံးသပ်ရမှာပေါ့။ အဲဒီတော့ ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့ အခါမှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ဖြစ်လာမယ့် အကျိုးဆက်၊ မပူးပေါင်း မပါဝင်ခြင်းအားဖြင့် ဖြစ်လာမယ့် အကျိုးဆက်၊ အဲဒီ အကျိုးဆက် နှစ်ခုအပေါ်မှာ ရခိုင်အကျိုးစီးပွား ဘယ်လို အခြေအနေ ရှိသလဲဆိုတာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ အပြန်ပြန် အလှန်လှန် ချိတ်ဆက်မှာပေါ့။ အဓိကကတော့ ကျွန်တော်တို့ရဲ့ အဓိက ဦးတည်ချက်က ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားသည် အခြေခံမူ နှစ်ချက်လောက်မှာ ရှိမှာပေါ့။ (၁) က ကျွန်တော်တို့ရဲ့ Democratic Society ကို ကျွန်တော်တို့ ဘယ်လို သွားနိုင်မှာလဲ။ အဲဒီ Democratic Society နဲ့ အတူ ကျွန်တော်တို့ သွားနိုင်တဲ့ ဘောင်တစ်ခု အတွင်းမှာ ဘယ်လို သွားမှာလဲပေါ့နော်” ဟု ၎င်းက ဆိုသည်။ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်က ဒီဇင်ဘာ ၅၊ ၆ နှင့် ၇ ရက်များတွင် ပါတီဗဟိုအဆင့် အစည်းအဝေးများကို သုံးရက်ဆက် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။“ဒီဇင်ဘာ ၅ ရက် ၆ ရက် ၇ ရက်မှာတော့ အစည်းအဝေး ခေါ်ထားပါတယ်။ စစ်တွေက ပါတီဌာနချုပ်မှာ လုပ်မှာပါ။ ၅ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၊ ၆ ရက်က ဗဟိုဦးစီး အစည်းအဝေး၊ ၇ ရက်က အနိုင်ရပါတီ ကိုယ်စားလှယ်တွေ အစည်းအဝေး လုပ်သွားမှာပါ။ ကိုယ်စားလှယ်တွေကိုတော့ ပါတီ မူဝါဒတွေ အသေးစိတ် ရှင်းပြမှာပါ” ဟု ဦးအေးသာအောင်က ပြောကြားသည်။ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် အမျိုးသားလွှတ်တော် ၁၀ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂၂ နေရာနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ် တတိယ အများဆုံး ပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ ဗဟိုအဆင့် အစည်းအဝေးများကို စစ်တွေမြို့၌ ဒီဇင်ဘာ ၅ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်















