ရွေးကောက်ပွဲတွင် အနိုင်ရသော အစိုးရအသစ် ရင်ဆိုရမည့် အရေးကြီးသည့် ကာလအတွင်း အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုကို ဆက်လက် ကူညီပံ့ပိုးရန် လိုအပ်ကြောင်း အမေရိကန် သမ္မတဟောင်း George W. Bush ၏ ဇနီးဖြစ်သူ Laura Bush က ပြောကြားခဲ့သည်။နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော် အုပ်ချုပ်မှုစနစ်မှ ပြောင်းလဲရန် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်ပွင့်လင်းမှု အပြည့်အဝ ရရှိရန် လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေးကြောင်း နိုဝင်ဘာ ၂၅ရက်တွင် Laura Bush က ပြောကြားခဲ့ခြင်း ဖြစ်သည်။"နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်မှု အပြည့်အဝ ရရှိဖို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါတယ်။ ဒီအတွက် တခြားသူတွေကိုလည်း ပေးဆပ်ခဲ့ရတာတွေ ရှိပါတယ်။ ၁၅နှစ်ကြာ နေအိမ်အကျယ်ချုပ် ခံထားရပြီး ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုဖိနှိပ်မှုတွေ ရှိပေမယ့်လည်း အလျှော့မပေးခဲ့ပါဘူး။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက နိုင်ငံအနှံ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ လက်ရှိ အစိုးရနဲ့ တပ်မတော်က NLD အနိုင်ရတာကို အသိအမှတ်ပြုပြီး ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးဖို့ ကတိပေးထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ တခြားလွတ်လပ်တဲ့ နိုင်ငံ၊ အသိုင်းအဝိုင်းတွေ အနေနဲ့ ရှေ့ဆက် မြန်မာနိုင်ငံက အစိုးရသစ် ကြုံတွေ့ရမယ့် အရေးကြီးတဲ့ ကာလတွေမှာ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးရပါမယ်" ဟု First Lady ဟောင်း Laura Bush က ပြောကြားခဲ့သည်။ထို့ပြင် Bush Insitute မှ ကျောင်းသားနှစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ အပါအဝင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် လွတ်လပ်မှုကို ကာကွယ်သူ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်အတူ ရပ်တည်ရန် တာဝန်ရှိကြောင်း၊ အမေရိကန် လက်ရှိအစိုးရနှင့် နောက်တက်မည့် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကူညီပံ့ပိုးရန် အဓိကထား လုပ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွတ်လပ် ပွင့်လင်းမှု အပြည့်အဝရရှိရန် အမေရိကန် ပြည်ထောင်စုမှ လိုလားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကူးပြောင်းနေစဉ် အမေရိကန် ပြည်ထောင်စု အနေဖြင့် ကူညီပံ့ပိုးရန် လိုအပ်ကြောင်း Laura Bush ပြောကြား















