အစိုးရသစ်မတက်မီ မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်လိုကြောင်း သမ္မတအိုဘားမား ပြောကြားခဲ့

အစိုးရသစ်မတက်မီ မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်လိုကြောင်း သမ္မတအိုဘားမား ပြောကြားခဲ့
Published 23 November 2015
နေထွန်းနိုင်၊ နေသီဟ

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ် မတက်မီ မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်လိုသည်ဟု အမေရိကန်သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတဦးသိန်းစိန်တို့သည် နိုဝင်ဘာ ၂၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြုလုပ်သော အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးအပြီးတွင် မိနစ်ပိုင်းမျှ သီးခြား တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အာဆီယံရေးရာကျွမ်းကျင်သူ သတင်းစာဆရာ Kavi Chongkittavorn က နိုဝင်ဘာ ၂၃ ရက်တွင် The Nation သတင်းစာ၌ ရေးသားခဲ့သော ဆောင်းပါးတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“အိုဘားမားဟာ ကွာလာလမ်ပူမှာ သုံးရက်ကြာ နေစဉ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အထပ်ထပ် အခါခါ ချီးမွမ်းခဲ့ပါတယ်။ စနေနေ့က သူနဲ့ သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦးတည်း တွေ့ဆုံချိန်မှာလည်း အစိုးရသစ်မတက်ခင် မြန်မာနိုင်ငံကို တတ်နိုင်သလောက် အမြန်ဆုံး လာရောက်လိုကြောင်း ပြောပါတယ်။ ဒီအတိုင်းပဲ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တစ်ပြိုင်နက်တည်း တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုအပေါ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို ပြလိုတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို အချိန်မရွေး လာရောက်နိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်”ဟု Kavi Chongkittavorn က ရေးသားခဲ့သည်။
သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် မည်သည့်အကြောင်း အရာများ ပြောဆိုခဲ့သည် ဆိုခြင်းအပေါ် သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား နိုဝင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ၌ The Daily Eleven က မေးမြန်းခဲ့ရာတွင် ဦးရဲထွဋ်က သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လိုခြင်း အချက်ကို ထည့်သွင်း ပြောဆိုခြင်း မပြုခဲ့ပါ။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံပြီးနောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအိုဘားမားတို့ ပြည်တွင်း၊ ပြည်ပ ဂျာနယ်လစ်များအား တွေ့ဆုံဖြေကြားစဉ် (ဓာတ်ပုံ-သန်းဇော်ထွန်း)
သမ္မတအိုဘားမားက မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းကို ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး အေးချမ်းစွာ တာဝန်လွှဲပြောင်းမည် ဖြစ်သည့်အတွက် ဝမ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိပါသလား စသည့် အချက်များကို ပြောဆိုခဲ့သည်ဟု ဦးရဲထွဋ်က ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာလားလို့ မေးတာပေါ့။ သမ္မတကြီးကတော့ သူ အမြဲတမ်း ကတိပေးတဲ့အတိုင်း ရွေးကောက်ပွဲလည်း အောင်အောင်မြင်မြင် လုပ်ပြီးပြီ။ ကတိပေးထားတဲ့အတိုင်း တာဝန်ကိုလည်း စနစ်တကျ လွှဲပြောင်းပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မှာပါလို့ ပြောပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။
အမေရိကန်သမ္မတ အိုဘားမားသည် ၂၀၁၆ ခုနှစ်တွင် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ထိုသို့ သမ္မတသက်တမ်း မကုန်ဆုံးမီ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လာရောက်မည်ဟု ကတိပြု ပြောဆိုထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသို့မူ မတ်လမတိုင်မီအချိန်တွင် လာရောက်လိုခြင်း ဖြစ်သည်။
အာဆီယံရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ  Kavi Chongkittavorn က မြန်မာနိုင်ငံသည် သမ္မတအိုဘားမား၏ သက်တမ်းအတွင်း ထင်ရှားသော နိုင်ငံရေး မူဝါဒ အောင်မြင်မှုတစ်ရပ် ဖြစ်သည်ဟု ၎င်းရေးသားခဲ့သည့် Asean Community is here ဆောင်းပါး၌ ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်မှုနှင့် ငြိမ်းချမ်းစွာ နိုင်ငံရေးအသွင် ကူးပြောင်းမှုသည် လာအိုတွင် ပြုလုပ်မည့် ၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးအတွက် ထူးခြားသည့် လက္ခဏာတစ်ရပ် ဖြစ်လာမည်ဟုလည်း ၎င်းကရေးသားခဲ့ သည်။

Most Read

Most Recent