အာဆီယံ ထိပ်သီး အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်တို့နှင့် သမ္မတ ဦးသိန်းစိန် သီးခြားတွေ့ဆုံ

အာဆီယံ ထိပ်သီး အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်တို့နှင့် သမ္မတ ဦးသိန်းစိန် သီးခြားတွေ့ဆုံ
Published 22 November 2015

မလေးရှားနိုင်ငံ၌ ပြုလုပ်နေသော အာဆီယံ ထိပ်သီး အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်တို့နှင့် သမ္မတ ဦးသိန်းစိန် သီးခြား တွေ့ဆုံခဲ့ကြောင်း သိရသည်။(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ နောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာ ၂၂ ရက်တွင် သမ္မတ ဦးသိန်းစိန်က ထိုသို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ကူညီမှုများကို ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။“မကြာခင်မှာ အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်တော့မယ်။ ကျွန်တော်တို့နဲ့ တပ်မတော်၊ အများစုကတော့ ရုရှားနိုင်ငံ အပေါ်မှာ အမြဲတမ်းပဲ ကျေးဇူးတင်နေပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေရင်း နိုင်ငံအဖြစ် ကျွန်တော်တို့ အမြဲတမ်း သဘောထားပါတယ်။ အရင်အစိုးရ အဆက်ဆက်မှာရော၊ ကျွန်တော်တို့ အစိုးရ လက်ထက်မှာပါ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ နယ်ပယ်မှာ ရုရှနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပြီးတော့ အမြဲတမ်း ထောက်ခံပေးပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ထို့နောက် အစိုးရ သက်တမ်းသည် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်မှ ကုန်ဆုံးမည် ဖြစ်သောကြောင့် ထိုအချိန် မတိုင်မီ ရုရှားနိုင်ငံသို့ လာရောက်လိုကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ရုရှား ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ပါသည်။ရုရှား ဝန်ကြီးချုပ်က ပြန်လည် ပြောကြားရာ၌ သမ္မတ ဦးသိန်းစိန် ပြောသည့်အတိုင်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို ရုရှနိုင်ငံက ဂရုတစိုက် စောင့်ကြည့်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရုရှား ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ ညနေပိုင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် သီးခြား တွေ့ဆုံခဲ့ပါသည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံရာ၌ ရွေးကောက်ပွဲ အောင်မြင်မှုနှင့် ရွေးကောက်ပွဲ ရလာဒ်အရ ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းမည်ဆိုသော သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်များကို မစ္စတာ ဘန်ကီမွန်းက ချီးကျူးခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုပါသည်။ သို့သော် အာဏာလွှဲပြောင်းရေး နှောင့်နှေးနေမည်ဆိုပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။“အဲတာနဲ့ ပတ်သက်ပြီး သူမပြောတော့ပါဘူး။ သမ္မတကြီး အကြိမ်ကြိမ် ပြောပြီးပြီ။ နောက်တစ်ခုက ကျွန်တော်တို့မှာ အချိန်ဇယား ရှိပြီးသားပဲ။ ဒီအချိန်ဇယား အတိုင်းပဲ သွားမယ်ဆိုတာ ကျွန်တော်တို့ ထပ်ပြောတယ်။ မတ်လ ၃၀ ရက်နေ့မှာ လွှဲမယ်။ သိပ်မကြာခင် ဇန်နဝါရီ အကုန်ပိုင်းလောက်မှာ လွှတ်တော်ခေါ်မယ်” ဟု ဦးရဲထွဋ်က ပြောကြားပါသည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရသူ လူမျိုးစုများ နောင်ရွေးကောက်ပွဲများ၌ မဲပေးခွင့် ရရှိရေးဆိုင်ရာ ကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်အား ပြောဆိုခဲ့ကြောင်း သိရပါသည်။

Most Read

Most Recent