ရှမ်းပြည်နယ် နန့်စန်၊ ကွတ်ခိုင်၊ မိုင်းပျဉ်းမြို့နယ်များတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ ယင်းဒေသများမှ ရွေးကောက်ပွဲရလဒ်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
SNLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ရှမ်းပြည်နယ် နန့်စန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုင်းဇော်ဝင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) မှ ဒေါ်နန်းထွေးမှုံ၊ မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှ ဒေါ်နန်းနွမ်းတို့ က မဲမသမာမှုများ ရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်အား ကန့်ကွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
နန့်စန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုင်းဇော်ဝင်းက ကြိုတင်မဲများတွင် မသမာမှုများရှိနေ၍ ကန့်ကွက်ရခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်မှုအရ နိုဝင်ဘာ ၂၃ ရက်တွင် ငွေကျပ် ငါးသိန်းပေးသွင်းကာ ကန့်ကွက်လွှာ တင်သွင်းသွားမည်ဟု ပြောကြားသည်။
“ပထမကြိုတင်မဲ မပေါင်းခင်က ကျွန်တော်က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို ၁၅၀၀ ဖြတ်ထားတယ်။ ကြိုတင်မဲ ပေါင်းလိုက်တော့ ၁၈၀၀ လောက်အသာနဲ့ ကျွန်တော့်ကို နိုင်သွားတယ်။ ကြိုတင်မဲ ၂၃၀၀ ထဲမှာ သူ့ရဲ့မဲက ၂၂၁၁ မဲ။ ကျန်တဲ့ ကြိုတင်မဲတွေပါ အားလုံးပေါင်းရင် သူက ၃၇၄၆ မဲ ရထားတာ။ အဲဒါကို ပယ်ဖျက်ဖို့ ကန့်ကွက်နိုင်ရင် ကျွန်တော်က ၃၈၈ မဲအသာနဲ့ ကျွန်တော်နိုင်မယ်။ ကျွန်တော်တို့ရဲ့ ကြိုတင်မဲထဲမှာ လူတစ်ဦးတည်း နာမည်နဲ့ လက်မှတ်ထိုးထားတာ ငါးစောင်တွေ့တယ်။ အလားတူ ပုံစံမျိုးတခြားနှစ်စောင် သုံးစောင်လည်း တွေ့တယ်။ အဲဒါတွေကို မြို့နယ်ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ်။ ဆက်ရေတော့ အမှန်ခြစ်တွေက တစ်ဦးတည်းခြစ်ထားတဲ့ ပုံစံတူများစွာ တွေ့တယ်။ အဲဒါတွေ့ပေမယ့် အဲဒီ့အချိန်မှာ ကျွန်တော်တို့က မကန့်ကွက်လိုက်ရဘူး။ ကြိုတင်မဲက ကိုယ်စားလည်း ပေးလို့မရဘူးဆိုတော့ အဲဒါနဲ့ ကျွန်တော်က မြို့နယ်ကို ကန့်ကွက်လွှာသွားတင်တယ်။ မြို့နယ်က အိတ်ကို ချိပ်ပိတ်လိုက်တဲ့အတွက် ဖွင့်လို့မရဘူး ပြောတယ်။ ခရိုင်ကို ဆက်တင်တော့လည်း ဆုံးဖြတ်လို့မရဘူးဆိုတော့ မဲမသမာမှု အချက်အလက်တွေစုပြီး နေပြည်တော်ကို တင်လိုက်တယ်။ နေပြည်တော်က အကြောင်းပြန်လာတဲ့အတွက် နိုဝင်ဘာ ၂၃ ရက် တနင်္လာနေ့ကျလို့ ရှိရင် ဘဏ်မှာ ငွေငါးသိန်းသွင်းပြီးတော့ ကန့်ကွက်လွှာ တင်သွားမှာပါ”ဟု ဦးစိုင်းဇော်ဝင်း က ပြောကြားသည်။
မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း ဒေါ်နန်းနွမ်းကလည်း မိုင်းပျဉ်းမြို့နယ် ကော်မရှင်၏ လုပ်ဆောင်မှုများကို ကျေနပ်မှုမရှိသည့်အတွက် လေးပါတီ စုပေါင်း၍ ကန့်ကွက်ရခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရဲအရေးပိုင်အမှုအဖြစ် တိုင်ကြားရန် အကြောင်းပြန်ထားကြောင်း ပြောကြားသည်။
“အချက် ငါးချက်ပေါ်မှာ မူတည်ပြီးတော့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အပါ်မှာ အယုံအကြည်မရှိတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို ပြန်ရုပ်သိမ်းပေးဖို့ ကျွန်မတို့ ပါတီလေးခုဖြစ်တဲ့ NLD၊ SNLD ၊ ကျားဖြူ၊ လားဟူတို့က ကိုယ်စားလှယ်တွေ လက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့တာပါ။ အဓိက ကတော့ မြို့ နယ်ကော်မရှင်က ပုံစံ ၁၉ တွေ သွင်းတဲ့အခါမှာ မြို့နယ်ကော်မရှင်မှာ မလုပ်ဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ တခြားနေရာပြောင်းလုပ်တာပါ။ သူတို့ရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်နည်းလုပ်ဟန်တွေကို မကျေနပ်တဲ့အတွက် ကျွန်မတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဦးတည်ပြီး တိုင်ခဲ့တာပါ။ သူတို့ဆီက အကြောင်းပြန်လာတာကတော့ ရဲမှုခင်းအနေနဲ့ တိုင်ပါဆိုပြီး တော့ပြောတယ်။ ကျွန်မတို့ လေးပါတီ ပြန်ဆုံပြီးတော့မှ ဘယ်လိုတိုင်မလဲဆိုတာ ဆွေးနွေးသွားမှာပါ”ဟု ဒေါ် နန်းနွမ်းက ပြောကြားသည်။
အခြား SNLD ပါတီကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) မှ ဒေါ်နန်းထွေးမှုံကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များ ပါဝင်ပြီး နမ့်ခမ်းမြို့နယ်မှ ကျေးရွာအုပ်စု သုံးစုမှ မဲရုံခြောက်ရုံ၏ မဲစာရင်းများကို ထည့်မပေါင်းဘဲ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့သလို ကွတ်ခိုင်မြို့နယ်အတွင်းမှ မဲရုံများ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ကျွန်မရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာက ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေ ပါတယ်။ မဲရလဒ်တွေ အမှားအယွင်းများနေတာကို ကျွန်မရော ပလောင်က ဦးညီစိန်ကရော ၁၀ ရက်ကတည်းက ကန့်ကွက်ထားတာ။ ၁၃ ရက်မှာ ကျွန်မတို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို မူဆယ်မှာ ခရိုင်ကော်မရှင်က ခေါ်ပြီးတော့ နန့်ခမ်းမှာ ကျေးရွာအုပ်စုသုံးစုက မဲရုံခြောက်ခုက မဲစာရင်းတွေကို ထည့်မပေါင်းမိဘဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း အနိုင်ရပြီလို့ ကြေညာလိုက်တယ်လို့ ပြောပါတယ်။အဲဒါ သူတို့အမှားပါ။ ပြည်နယ်ကော်မရှင်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ပြည်နယ်ကော်မရှင်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပေးမယ်လို့ ပြောတယ်။ အဲဒီ မဲရုံခြောက်ရုံပေါင်းရင် ပလောင်က ဦးညီစိန်က မဲအသာရပြီး နိုင်မှာပါ။ ကျွန်မကတော့ အဲဒီအကြောင်းအရာတွေအပြင် ကွတ်ခိုင်က မဲရုံတွေမှာ ဖြစ်ခဲ့တဲ့ မဲရလဒ်မှားယွင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်တာတွေပါ မဲမသမာမှုပြုတဲ့ အချက်အလက်တွေစုပြီးတော့ ဒီနေ့ နေပြည်တော်ကို ကန့်ကွက်စာ တင်လိုက်ပါတယ်”ဟု ဒေါ်နန်းထွေးမှုံက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
SNLD ပါတီက ရွေးကောက်ပွဲရလဒ် ကန့်ကွက်ထားသည့် အဆိုပါ မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ SNLD ပါတီသည် ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် ပြည်နယ်လွှတ်တော် ၂၅ နေရာ အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
နန့်စန်၊ ကွတ်ခိုင်၊ မိုင်းပျဉ်းမြို့နယ်များတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်အား SNLD ပါတီ ကန့်ကွက်















