ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ အဖွဲ့အစည်း၊ သံရုံး ၄၁ ခုမှ သံတမန်များနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအလွန် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ အဖွဲ့အစည်း၊ သံရုံး ၄၁ ခုမှ သံတမန်များနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအလွန် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆွေးနွေး
Published 20 November 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ အဖွဲ့အစည်းနှင့် သံရုံး ၄၁ ခုတို့မှ သံတမန်များနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအလွန် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် နေပြည်တော်လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ အတွင်းနှင့် ရွေးကောက်ပွဲ နောက်ပိုင်း တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းလိုသည့်အတွက် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ဆုံရာတွင် ဂျပန်၊ အိန္ဒိယ၊ ပြင်သစ်၊ သြစတြီးယား၊ ဒိန်းမတ်၊ ကနေဒါ၊ အစ္စရေး၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တူရကီ၊  အီတလီ၊ ဆားဘီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရာဇီးလ်၊ ဘရုနိုင်း၊ ထိုင်း၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ချက်၊ ပိုလန်၊ နယူး ဇီလန်၊ နယ်သာလန်၊ အီဂျစ်၊ ဂျာမနီ၊ အမေရိကန် စသည့် နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံများမှ သံတမန်များ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ စသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ရွေးကောက်ပွဲအလွန် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှ ၅ နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့သည်။“ရွေးကောက်ပွဲ မတိုင်မီကာလ၊ ရွေးကောက်ပွဲ အခြေအနေ၊ ရွေးကောက်ပွဲလွန် ကာလ အဲဒါတွေကို သူတို့က ဆွေးနွေးတင်ပြ မေးမြန်းကြတာပါ။ ဆွေးနွေးလိုတဲ့ သံတမန်က လက်ထောင်ပြီး မေးမြန်းခွင့် ပြုခဲ့တာပါ။ မြောက်ကိုရီးယားကတော့ ကျွန်တော်နဲ့ ကပ်ထိုင်နေတာ။ သူကတော့ မမေးပါဘူး” ဟု ကော်မတီအဖွဲ့ဝင် ဦးစိုင်းဘိုးအောင်က ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရွေးကောက်ပွဲအလွန် ကိစ္စများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ ယခုဆွေးနွေးမှုသည် ကောင်းမွန်သည့် ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်း၊ တက်ရောက်လာသူများ အတွက်လည်း ကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်းနှင့် ယခုထက်ပိုပြီး ပြောဆို၍ မရကြောင်း တွေ့ဆုံပွဲ အပြီးတွင် မီဒီယာများကို ပြောကြားသည်။နိုဝင်ဘာ ၁၇ ရက်က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေဖြင့် အစီရင်ခံစာ တစ်စောင်ကို  လွှတ်တော်သို့ တင်သွင်းခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်လအထိ တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၈၀၀၊ လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၂၀၀၊  အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ ၆၀၀ နှင့် အခြားတိုင်ကြားစာ ၁၂၅ စောင် ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent