ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန အပါအဝင် အချက်ငါးချက် သဘောတူညီခဲ့ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲကြေညာချက် ထုတ်ပြန်

ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန အပါအဝင် အချက်ငါးချက် သဘောတူညီခဲ့ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲကြေညာချက် ထုတ်ပြန်
Published 20 November 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေရန် အပါအဝင် အချက်ငါးချက်တို့ကို သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က နိုဝင်ဘာ ၁၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက နေပြည်တော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ နှစ်နာရီနီးပါး တွေ့ဆုံပြီးနောက် ဆွေးနွေးပွဲ သဘောတူညီချက်များကို ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၈ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှု ရရှိစေရန်၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ မူဝါဒဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန်တို့ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း ပူးတွဲကြေညာအပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ တက်ရောက်ခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံ၍ တွေ့ဆုံဆွေးနွေးလိုကြောင်း လွှတ်တော်နာယကထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီးနောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုသို့တွေ့ဆုံရန်အတွက် သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့် ပမာဏအား ကျော်လွန်သည်အထိ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး (I-12) တွင် နိုင်ငံတကာ သံရုံးနှင့် အဖွဲ့အစည်း ၄၁ ရုံးမှ သံတမန်များနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

Most Read

Most Recent