ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပေါ်လံကြီး ဆင်စခန်းသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု များပြားပြီး ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းမှာ ပေါက်ခေါင်းမြို့နယ်တွင်းရှိ ပဲခူးရိုးမတောတွင်း ယခင်သစ်ထုတ်လုပ်ရေး စခန်းတစ်ခုဖြစ်ပြီး ပြည်မြို့မှ မိုင် ၅၀ ခန့် ကွာဝေးကာ လက်ရှိအချိန်တွင် ဆင်အိုရုံအဖြစ်ရှိနေပြီး တောင်ဆင်း တောင်တက်လမ်းနှင့် အကွေ့အကောက်များခြင်း၊ လူသိနည်းပါး နေခြင်းများကြောင့် လေ့လာရေး ခရီးသွားများနှင့် လာရောက် အပန်းဖြေသူ မရှိသလောက် နည်းပါးကြောင်း သိရသည်။
"အဓိက အကျိုးအမြတ်ကတော့ ကျွန်တော်တို့က ဆင်တွေကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက် နေတာပေါ့။ စောင့်ရှောက်ရင်းနဲ့ တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရအောင် ဆင်နဲ့ဝန်ထမ်းမိသားစု ဘဝလေးလည်း လူနေမှုဘဝလေးတွေ မြင့်မားလာမယ်။ အသွားအလာလေး ရှိလာရင် ဒေသလည်း ဖွံ့ဖြိုးလာမယ်။ နိုင်ငံတော် စီးပွားရေးလည်း တစ်ဖက်တစ်လမ်းက လုပ်ပေးနိုင်မယ်။ ဆင်စခန်းကို ဧည့်သည်တွေလာအောင် သီးခြားစီစဉ် ဆောင်ရွက်ထားတာတော့ မရှိဘူး။ ကျွန်တော်တို့ကို ဘယ်နေ့၊ ဘယ်ရက် ဘယ်ကုမ္ပဏီကနေ သဘာဝအတိုင်း ဆင်ဝန်ထမ်းနဲ့ ဆင်တွေနေထိုင်မှုကို လေ့လာချင်တယ်လို့ ညွှန်ကြားချက်ရမှ ကျွန်တော်တို့က ဆောင်ရွက်ပေးရတာပေါ့" ဟု ပေါက်ခေါင်းနယ် ပေါ်လံကြီး သစ်ထုတ်ရေးစခန်း လက်ထောက်မန်နေဂျာ ဦးဇော်လင်းအောင်က ပြောကြားသည်။
ပေါ်လံကြီး ဆင်စခန်းမှာ ဆင်အို၊ ဆင်နာများ ထိန်းသိမ်းအရေးအဖြစ် ထားရှိကာ ယင်းဆင်များကို ထိန်းသိမ်းရသည့် ဆင်ဝန်ထမ်းမိသားစုများ၏ သဘာဝအတိုင်း လှုပ်ရှားသွားလာ နေထိုင်ပုံ၊ ဆင်များ သဘာဝအတိုင်း နေထိုင်ကျက်စားပုံများဖြင့် သီးသန့်တည်ရှိ နေခြင်းဖြစ်ပြီး အပန်းဖြေစခန်း တစ်ခုအဖြစ် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ ဌာနဖြင့် သီးသန့်ဆက်သွယ်လာသည့် ခရီးသွားကုမ္ပဏီများကိုသာ ဝန်ဆောင်မှုပေးနေပြီး ခရီးသွားများ လာရောက်မှု မရှိသလောက် နည်းပါးကြောင်း ဦးဇော်လင်းအောင်က ပြောကြားသည်။
"ကျွန်တော်တို့ ဒီစခန်းကို ရောက်တာဆိုရင် တတိယ အခေါက်ပေါ့။ တစ်နှစ်ကိုတစ်ခေါက် ဒီဇင်ဘာရောက်တိုင်း နှစ်ကူးခရီးစဉ်အဖြစ် ထည့်ပြီးရေးဆွဲထားတယ်။ ဆင်စခန်းကို လာလေ့လာပြီး ပြန်တက်ရင် မန္တလေး၊ ပြည်၊ ပုဂံခရီးစဉ်ပေါ့။ ကျွန်တော်တို့က မြန်မာ့သစ်လုပ်ငန်းနဲ့ တွဲပြီးတော့ ဆင်စခန်းတွေကို ပြခဲ့တာ ၂၀၀၀ ပြည့်နှစ်က စတယ်။ အဓိက ပေါ်လံကြီးမှာက ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေ သဘာဝအတိုင်း ပူးတွဲနေထိုင်မှုက အဓိက ဆွဲဆောင်မှု တစ်ရပ်ပေါ့။ ကျွန်တော် တစ်ယောက်တည်းသဘော ဧည့်သည်တွေရဲ့ သဘောကိုလည်း ထင်ဟပ်စေတဲ့ အပိုင်းကို ပြောရရင် ပေါ်လံကြီး ထူးခြားချက်က တကယ့်ကို ဆင်စခန်းပုံဖြစ်တာပေါ့။ တကယ့်သဘာဝကို တွေ့ရတာက ဧည့်သည်တွေကို သဘော ကျစေတယ်။ ကျွန်တော်တို့လည်း သဘောကျတဲ့ ဆင်စခန်းထဲမှာပါတယ်။ အားနည်းချက်က မိုင်ငါးဆယ်လောက် ထွက်လာရတော့ လမ်းမှာအခက်အခဲ နည်းနည်းရှိတယ်။ လိုအပ်ချက်က မြန်မာသစ်လုပ်ငန်းဘက်က အရင်တုန်းကနဲ့စာရင်တော့ အများကြီးကောင်းလာတယ်။ သွက်လက်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ရုံးချုပ်ကို တိုက်ရိုက်လျှောက်ထားတာ မဟုတ်ဘဲ ဆင်စခန်းတွေကို တိုက်ရိုက်ချိတ်ဆက်လာနိုင်ရင် အကောင်းဆုံးပဲ။ လမ်းခရီးမှာ ဆိုရင်လည်း လမ်းခရီးမှာ မိတ်ဖွဲ့ထားရတယ်။ အပေါ့အပါး သန့်ရှင်းရေးသွားတာမျိုးတွေကိုတော့ ကြိုလုပ်ထားရတယ်" ဟု BELMOND ခရီးသွား ဝန်ဆောင်မှုကုမ္ပဏီမှ ဦးစိုးစိုးက ပြောကြားသည်။
ပေါ်လံကြီး ဆင်စခန်းတွင် အားနည်းချက်များအဖြစ် ခရီးလမ်းဝေးကွာနေခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ ဆင်စခန်းတွင် အဓိကလိုအပ်ချက်မှာ ရေဖြစ်ပြီး၊ စမ်းချောင်းများမှာ နွေရာသီတွင် ခန်းခြောက်နေသည့်အတွက် ဆင်များအတွက်လည်း အခက်အခဲရှိကြောင်း၊ စခန်း၌ အသက် (၃၅နှစ်) မှ (နှစ် ၆၀) အတွင်း ဆင်ထီးတစ်ကောင်၊ ဆင်မ ၁၁ ကောင်ရှိပြီး ဆင်ဝန်ထမ်း ၂၆ ဦးနှင့် ၎င်းတို့မိသားစုများ အခြားဆက်စပ် အိမ်ထောင်စု ၁၁ စုရှိကြောင်း၊ ၁၉၉၁ ခုနှစ်တွင် သစ်ထုတ်ဆင်ဝိုင်းအဖြစ် စတင်ခဲ့ပြီး သစ်ထုတ်လုပ်ရေးများ ရပ်နားသွားခြင်းကြောင့် ဆင်အို၊ ဆင်နာစခန်းအဖြစ် ထားရှိထားကြောင်း သိရသည်။









