တောင်ကြီးမြို့တွင် မီးပုံးပျံယမ်း မီးလောင်မှုကြောင့် ကျပ်သိန်း ၉၀ ဖိုး ဆုံးရှုံးပြီး အမျိုးသမီး ၃ ဦး သေဆုံး

တောင်ကြီးမြို့တွင် မီးပုံးပျံယမ်း မီးလောင်မှုကြောင့် ကျပ်သိန်း ၉၀ ဖိုး ဆုံးရှုံးပြီး အမျိုးသမီး ၃ ဦး သေဆုံး
Published 17 November 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မီးပုံးပျံ ယမ်းမီးကြီး ပြုလုပ်စဉ် ဝါယာရှော့ခ်ဖြစ်ကာ ယမ်းများကို မီးကူးပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်တစ်လုံး၊ ကား ၂စီး နှင့် အတွင်းပစ္စည်းပေါင်း သိန်း ၉၀ ဖိုး ဆုံးရှုံးပြီး မီးခိုးမွန်မှုကြောင့် အမျိုးသမီး ၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
 
“လောင်တာကတော့ ညနေတုန်းကပေါ့။း လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီးတော့ ယမ်းကို မီးကူးပြီး လောင်တယ်လို့ သိရတယ်။ ဝါယာရှော့ခ်ကနေပြီးတော့ ငွေမှင်ကို ကူးပြီး မီးလောင်သွားတာပေါ့။ အမျိုးသမီး ၃ ဦး သေသွားတယ်။ ဆေးရုံရောက်သွားမှ သေသွားတာ ”ဟု မီးလောင်မှုကို မြင်တွေ့ခဲ့သည့် ဦးဝင်းနိုင်စိုးက ပြောကြားသည်။
 
တောင်ကြီးမြို့၊ စိန်ပန်းရပ်၊ နေကြာလမ်း၊ နယ်မြေ ၇ ၊ အမှတ် (စ-၅၅၄) တွင် ယနေ့ ညနေပိုင်း ၃း၁၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့သဖြင့် ၊ မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သံဒေ ၄၀၊ အရန် မီးသတ် ၅၀ စုစုပေါင်းအင်အား ၉၀ ဦးဖြင့် ငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
 
“မီးပုံးပျံပွဲမှာ အထူးဂရုပြု ဆောင်ရွက်ကြဖို့လိုတယ်။ အန္တရာယ်များတယ်။ ဒီဖြစ်စဉ်ဟာ ပွဲတော်ကို ထိခိုက်တာပေါ့။ အရင်တစ်ခေါက် ကံသာရပ်ကွက်မှာ လောင်သလိုပါပဲ။ ပြောင်းထဲကို ယမ်းထည့်နေချိန်မှာ ထကွဲတာပဲ။ ဒီလိုအားနည်းချက်တွေ ဖြစ်နေတော့ တောင်ကြီးဟာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အထုံကြီး ၊ ပုံသေကြီး မဖြစ်စေချင်ဘူး ။ လူတွေက သတ်မှတ်သွားမှာလေ။ တတ်ကျွမ်းတဲ့ ပညာရှင်တွေကလည်း ဦးစီးဆောင်ရွက်ဖို့ လိုပါမယ်။ ”ဟု မြို့နယ်မီးသတ်ဦးစီးမှူး ကိုကျော်ကိုကို ပြောကြားသည်။
 
ကံသာရပ်ကွက်၌ အောက်တိုဘာ ၂၃ ရက်က ယမ်းမီးလောင်ကျွမ်းခဲ့သဖြင့် အိမ်တစ်လုံး ဆုံးရှုံးခဲ့ကာ၊ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ဖူးကြောင်း သိရပြီး ယခုတစ်ကြိမ် ယမ်းမီးလောင်ကျွမ်းမှုမှာ တန်ဆောင်တိုင်ပွဲတော်အတွင်း ဒုတိယအကြိမ် လောင်ကျွမ်းမှုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent