ပုဂံဒေသအား UNESCO စာရင်းဝင်ရန် Master Plan ရေးဆွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် UNESCO စာရင်းဝင်ရန်အတွက် Master Plan နှင့် Management Plan တို့ကို ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းသို့ သတ်မှတ်နိုင်ရေးအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနက ယူနက်စကို၏ အကူအညီ၊ အီတလီ အစိုးရ၏ ငွေကြေး အထောက်အပံ့တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။“ပုဂံကို UNESCO စာရင်းဝင်ဖို့အတွက် လက်ရှိမှာတော့ Management Plan နဲ့ လုပ်နေတုန်းပါ။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရင် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများရဲ့ လူမှုဘ၀ ဖွံ့ဖြိုးလာနိုင်ပြီး ခရီးသွား လုပ်ငန်းလည်း ပိုမိုဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လက်ရှိတွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ဘက်စုံလွှမ်းခြုံသည့် မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ လုပ်ဆောင်နေကြောင်း သိရသည်။ထို့ပြင် အီတလီ အစိုးရက ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရန်အတွက် တတိယအကြိမ်အဖြစ် ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ဆောင်ရွက်နေသည်မှာ ၂၀၁၄ ခုနှစ်ကတည်းက အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်၍ ဆောင်ရွက်နေခြင်းဖြစ်ကာ ပုဂံဒေသသည် ယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်၊ ပုပ္ပားတောင်၊ တန့်ကြည်တောင်၊ တူရွင်းတောင်တို့ တည်ရှိသည့် သဘာ၀ အမွေအနှစ် ဒေသတစ်ခု ဖြစ်သည်။မြန်မာနိုင်ငံရှိ ပျူရှေးဟောင်းမြို့များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပြီး ယခုအကြိမ်တွင်လည်း ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပုဂံဒေသအား UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် Master Plan ရေးဆွဲ လုပ်ဆောင်မည်
Most Read
Most Recent
2 hours ago















