လာမည့် လွှတ်တော် အစည်းအဝေး၌ ဝန်ကြီးဌာနများမှ ထပ်တိုး တောင်းခံလာမည့် ဘတ်ဂျက်များနှင့် ပတ်သက်၍ အဓိက စိစစ်ရမည်ဖြစ်ပြီး နောက်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုအပ်ဟု လွှတ်တော် ကိုယ်စားလှယ် ပြောကြား

လာမည့် လွှတ်တော် အစည်းအဝေး၌ ဝန်ကြီးဌာနများမှ ထပ်တိုး တောင်းခံလာမည့် ဘတ်ဂျက်များနှင့် ပတ်သက်၍ အဓိက စိစစ်ရမည်ဖြစ်ပြီး နောက်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုအပ်ဟု လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 13 November 2015
မျိုးမင်းထက်

မကြာခင် ပြန်လည်ကျင်းပမည့် လွှတ်တော် ပုံမှန်အစည်းအဝေးများ၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထပ်တိုး တောင်းခံလာမည့် ဘတ်ဂျက်များနှင့်ပတ်သက်၍ အဓိကထား စိစစ်ရမည်ဖြစ်ပြီး နောက်တက်လာမည့် အစိုးရအတွက်လည်း  ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ပထမအကြိမ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများကို နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည် ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး ကာလအတွင်း အစိုးရအဖွဲ့ ဝန်ကြီးဌာနများက ထပ်တိုး တောင်းခံလာမည့် ဘတ်ဂျက်များနှင့် ပတ်သက်၍ အဓိက ဆွေးနွေးသွားရန် ရှိကြောင်း သတင်းရရှိသည်။
"အန်တီတို့ကတော RE ဘတ်ဂျက်ကတော့ သေသေချာချာ လုပ်ခဲ့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကတော့ ဝန်ကြီးဌာနတွေကလည်း တချို့ဝန်ကြီးတွေကလည်း ပြောရမယ်ဆိုရင် သူတို့တာဝန်တွေက ပြီးဆုံးတော့ မယ်ဆိုတော့ ဘယ်လောက်အထိ RE မှာ တင်လာကြမလဲဆိုတာတွေ အန်တီတို့က စိစိစစ်စစ်နဲ့ ပိုပြီးတော့ အဓိထားပြီး လုပ်ရမှာပေါ့လေ။  အဲဒီတော့ နောက်တက်လာမယ့် အစိုးရအတွက်လည်း အန်တီတို့က ဝန်ထုပ် ဝန်ပိုး မဖြစ်အောင် အခုကျန်ရှိနေသေးတဲ့ ဒီလုပ်ငန်းတွေကလည်း နိုင်ငံတော်အတွက် တကယ်အရေးကြီးတဲ့ လုပ်ငန်းတွေဆိုရင်တော့ အန်တီတို့က ပြီးစီးအောင် ချပေးရမှာပေါ့။ ဒါပေမဲ့ တချို့ မလိုအပ်တဲ့ ဟာတွေကတော့ အန်တီတို့လည်း ပြန်ပြီး စိစိစစ်စစ်တော့ လုပ်ရမှာပေါ့" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။
"နောက်အစိုးရ သက်တမ်းအတွက်ရော အခုကျန်ရှိနေသေးတဲ့ သက်တမ်းရဲ့ အတွင်းမှာရော မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ အန်တီတို့ဘက်က ဘတ်ဂျက်တွေကလည်း ချပေးထားတယ်။ ဒါပေမဲ့ မပြီးသေးတဲ့ လုပ်ငန်းတွေက မျက်ဝါးထင်ထင် အန်တီတို့ ကိုယ်တိုင်က မြင်လာရတာတွေရှိတယ်။ ဒါတွေလည်း ဝန်ကြီးဌာနတွေကို မေးရမှာ အများကြီးရှိပါတယ်။ အဓိကတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ ပညာရေး ကဏ္ဍတွေပေါ့"ဟု ဒေါ်ခင်စန်းလှိုင်က ဆက်လက် ပြောကြားသည်။
"အန်တီတို့ မြို့နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့ မွေးရေ ကျေးလက်ဝန်ကြီးဌာနက ချပေးထားတဲ့ ငွေတွေ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ချပေးထားတဲ့ ငွေတွေက အခုအချိန်မှာ ကျောက်တွေ ပုံတုန်းပဲရှိသေးတာ။ ဒါတကယ်တမ်းတော့ အရင်ဘတ်ဂျက်ကတည်းက BE ဘတ်ဂျက်ကတည်းက ချပေးထားတာတွေ။ တစ်နှစ်ပြည့်တော့ အချိန်အတွင်းမှာ ဘာမှ အကောင်အထည် မဖော်တာတွေ အများကြီးတွေ့ရတယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက ဆောက်လုပ်ထားသည့် စာသင်ကျောင်းများနှင့် ပတ်သက်၍ အချို့ကျောင်းများတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့် မကိုက်ညီမှုများ တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို လာမည့် လွှတ်တော်အစည်းအဝေးတွင် မေးခွန်း ထုတ်သွားမည် ဖြစ်ကြောင်း ဆိုသည်။
"အခုလက်ရှိ အစိုးရကတော့ သူလုပ်ရမယ့် လုပ်ငန်းစဉ်တွေ သူ့လက်ထက်မှာ ပြီးပြတ်အောင် လုပ်ရမယ့် ကိစ္စတွေကို တွန်းလုပ်သွားဖို့ ရှိတယ်။ နောက်စဉ်းစားသင့်တာက သူ့လက်ထက်မှာ သူဘယ်လောက်ပဲ အလုပ် လုပ်ခဲ့လုပ်ခဲ့ တကယ်လို့ နောက်အစိုးရအတွက် အခက်အခဲတွေ ဖြစ်စေတဲ့ ကိစ္စမျိုးတွေ ချန်ထားခဲ့မယ် ဆိုရင်တော့ မသင့်တော်ဘူးပေါ့ဗျာ။ ဥပမာဆိုပါတော့ ချေးငွေကိစ္စရပ်တွေမျိုးပေါ့။ ရသလောက် ချေးငွေယူ သုံးပစ်လိုက်တယ်။ နောက်လာမယ့် အစိုးရ အဆက်ဆက်က ဒါတွေ လိုက်ဖြေရှင်း ပေးရမယ် ဆိုရင်တော့ သိပ်တော့ မဟုတ်ဘူးပေါ့"ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
"ကျွန်တော် ဒီနှစ်ဘတ်ဂျက်ကို သုံးသပ်ကြည့်တာက ဒီနှစ်က ဘတ်ဂျက်တွေကို ပိုတိုးတောင်းပြီးတော့  အများအပြား တိုးလုပ်သွားတာ တွေ့ရတယ်။ အမှန်တော့ဗျာ အစိုးရ စတက်တက်ချင်းမှာပဲ ဘာလုပ်ရမယ်ဆို တာ ငါးနှစ်စီမံကိန်း သေချာဆွဲပြီး လုပ်သွားဖို့တော့ လိုတာပေါ့။ အခုဟာကလည်း သက်တမ်းလည်း ကုန်တော့မယ်။ ပြီးလည်း ပြီးတော့မယ်ဆိုမှ ဘတ်ဂျက်တွေ ပုံအောပြီး စွတ်သုံး နေကြတော့ တော်တော်လေးကို ကျွန်တော်တို့တားတဲ့ ကြားထဲက တချို့ကိစ္စတွေ ကန့်ကွက်တဲ့ကြားထဲက လုပ်သွားတဲ့ ကိစ္စတွေ တော်တော်များများရှိပါတယ်။ အဲဒီလိုမျိုးတွေကျ ပိုက်ဆံပုံအော သုံးတော့ တချို့တောင်မှ ပြောကြတာပေါ့လေ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီလားတောင် မသိပါဘူးလို့ စနောက်ကျတဲ့  အနေအထားမျိုးတွေ ဖြစ်နေတာပေါ့လေ"ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
ဆက်လက်ပြီး ဦးစိုင်းသီဟကျော်က "ကျွန်တော်တို့ကတော့ ပြောတာပေါ့။ အစိုးရ ဘတ်ဂျက်က ပိုသုံးလေလေ ငွေကြေး ဖောင်းပွမှုကို ပိုပြီးတော့ သွားဖြစ်စေပါတယ်။အစိုးရရဲ့ အသုံးစရိတ်ကို သင့်တင့်မျှတတဲ့ အသုံးစရိတ်ဖြစ်ဖို့ နောက်တစ်ဖက်ကလည်း ဝန်ထမ်းလစာက တိုးတော့တိုးပါ။ တစ်ဖက်က ငွေလုံးငွေရင်း အသုံးစရိတ်တွေကို လျှော့လိုက်ရင်တော့ ပြန်ငြိမ်သွားမယ်။ အဲဒီလိုတော့ ပြောပေမယ့်လည်း ဒီလစာတိုးတဲ့ ကိစ္စလည်း တိုးလိုက်တယ်။ ဒီငွေလုံးငွေရင်းကျတော့ လုံး၀ အလျှော့မခံဘူး ဖြစ်နေတယ်။ အဲဒီတော့ ငွေလုံးငွေရင်းကျတော့ လုပ်ငန်းတွေလုပ်ရမှ အလုပ်လုပ်ရတဲ့ သဘောမျိုး ဖြစ်နေတော့  လုပ်ငန်းကြီး တော်တော် များများတွေကို ပုံအောပြီးတော့ သုံးသွားတာကို တွေ့ရတယ်။ ကျွန်တော်တို့ကတော့ အဲဒီလို မျိုးတွေလုပ်တာ သဘောမကျဘူး။ ဒါပေမဲ့လည်း လုပ်ပိုင်ခွင့် သူတို့လက်ထဲမှာ ရှိတော့ လုပ်သွားကြတယ်လို့ပဲ ယူဆလိုက်တယ်"ဟု ပြောကြားသည်။

Most Read

Most Recent