ရင်းနှီးမတည်ငွေ ကျပ် ၃၀ ဘီလျံကျော်အထိ တိုးမြှင့်ခဲ့သော AGD ဘဏ် အခွန်မဆောင်မီ အမြတ် ကျပ် သန်း ၁၁၂ သန်းသာ ရှိသဖြင့်

ရင်းနှီးမတည်ငွေ ကျပ် ၃၀ ဘီလျံကျော်အထိ တိုးမြှင့်ခဲ့သော AGD ဘဏ် အခွန်မဆောင်မီ အမြတ် ကျပ် သန်း ၁၁၂ သန်းသာ ရှိသဖြင့်
Published 25 October 2015
ဇော်ဝေ

ရင်းနှီးမတည်ငွေ ကျပ် ၃၀ ဘီလျံကျော်အထိ တိုးမြှင့်ခဲ့သော AGD ဘဏ် အခွန်မဆောင်မီ အမြတ် ကျပ် သန်း ၁၁၂ သန်းသာ ရှိသဖြင့် ယခုနှစ် ရှယ်ယာရှင်များသို့ အမြတ်ဝေစု ခွဲပေးနိုင်ခြင်း မရှိခဲ့ကြောင်း ငါးကြိမ်မြောက် နှစ်ပတ်လည်တွင် အစီရင်ခံစာတင်သွင်း
ရင်းနှီးမတည်ငွေ ကျပ် ဘီလျံ ၃၀ အထိ တိုးမြှင့်ခဲ့သော AGD ဘဏ်၏ အခွန်မဆောင်မီ အမြတ်မှာ ကျပ်သန်း ၁၁၂ ကျော်သာ ရှိသဖြင့် ယခုနှစ် ရှယ်ယာရှင်များသို့ အမြတ်ဝေစု ထုတ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် အဆိုပါဘဏ်၏ ငါးနှစ်မြောက် နှစ်ပတ်လည် စုံညီအစည်းအဝေးမှ သိရသည်။
“ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့နှစ် စွမ်းဆောင်မှုက ကျေနပ်ဖွယ်ရာ မရှိဘူးလို့ ကျွန်တော် ရိုးရိုးသားသား ဝန်ခံလိုပါတယ်။ အခွန်မပေးဆောင်မီ အသားတင်အမြတ်က ၁၁၂ ဒသမ ၆သန်းသာ ရှိတဲ့အတွက် ယခင်နှစ်က အသားတင်အမြတ်က များစွာမှ လျော့နည်းသွားပါတယ်။ ဒီလို လျော့နည်းသွားရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ပထမဆုံးကတော့ အပ်နှံငွေ ပိုမိုရရှိရေးအတွက် ပြည်တွင်း ဘဏ်တွေ အပြင်းအထန် ကြိုးပမ်းလာကြပါတယ်။ အဲ့ဒါကြောင့်မို့ အပ်ငွေအပေါ်မှာ အတိုးနှုန်းတွေ ပုံစံအမျိုးမျိုးနဲ့ ပေးလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့လည်း လိုက်ပါပြီး ဆောင်ရွက်ခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ ချေးတဲ့ငွေက ကန့်သတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရရှိနိုင်တဲ့ အတိုးနှုန်းအမြတ်က နည်းသွားပါတယ်။ ဒါအမြတ်နည်းရခြင်းရဲ့အကြောင်းရင်း ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဘဏ်များအကြားမှာ ငွေလွှဲဈေးကွက် (remittance) အတွက် လွှမ်းခြုံနိုင်အောင်ဆိုပြီးတော့ အရင်တုန်းက ၁၀၀ ကျပ် ကို ၁၅ ပြား ကောက်ခံရာကနေပြီးတော့ ငါးပြားအထိ လျှော့ချ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘဏ်တင်မဟုတ်ပါဘူး။ ဘဏ်တွေအားလုံးရဲ့ remittance Service ကြေးကလည်း သိသိသာသာ ကျဆင်းသွားပါတယ်။ ဒီအချက်နှစ်ခုက ဝင်ငွေတွေ ကျဆင်းသွားခြင်းရဲ့ အဓိက အကြောင်း အရင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ် တစ်ခုတည်းနှင့် သက်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘဏ်တစ်ခုနဲ့ သက်ဆိုင်တဲ့ အခြားကိစ္စရပ်တွေလည်း ရှိပါသေးတယ်။ အဲ့ဒီကိစ္စရပ်တွေထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြောချင်တာက လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ဘဏ်က လျင်လျင်မြန်မြန်နဲ့ ဖွင့်ဖြိုး တိုးတက်လာခဲ့ပြီး ခိုင်မာတဲ့ အခြေအနေတစ်ရပ်ကို ရရှိလာခဲ့ပါတယ်။ သို့ပေမဲ့လို့ အလျင်အမြန် တိုးပွားလာတဲ့ ဘဏ်ခွဲတွေနဲ့ ပုံသေပိုင်ဆိုင်ပစ္စည်း Fixed Asset ဝယ်ယူမှု ရှိဖို့လိုလာပါတယ်။ Fixed Asset တွေဝယ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးဖို့လိုလာပါတယ်။ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာမှုကြောင့် တိုးတက်ကြီးပွားလာတဲ့ အဖွဲ့အစည်းနဲ့ အရင်းအနှီးက နည်းပါးလာတဲ့အခါမှာ ဝင်ငွေရှာနိုင်မှုကို ကန့်သတ်လိုက်သလို့ ဖြစ်သွားပါတယ်။ အဲ့ဒီအခြေအနေက ကျွန်တော်တို့ ဘဏ်တစ်ခုနဲ့ပဲ သက်ဆိုင်တဲ့ ဝင်ငွေ လျော့နည်းသွားရတဲ့ အခြေကြီးတဲ့အကြောင်း အချက်ပဲဖြစ်ပါတယ်” ဟု AGD ဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “ ဘဏ်ရဲ့အမြတ် စွန်းနိုင်မှု နည်းပါးခဲ့တဲ့ အတွက်ကြောင့်မို့လို့ ရှယ်ယာရှင်များကို အခုနှစ်မှာ အမြတ်ဝေစု ထုတ်မပေးဖို့ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ခဲ့ရပါတယ်” ဟု  ဦးစိုးသိန်းက အစီရင်ခံစာတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။
AGD ဘဏ်သည် ၂၀၁၀ ပြည့်နှစ်တွင် ဦးတေဇက ပုဂ္ဂလိကဘဏ် တစ်ခုအဖြစ် မတည်ရင်းနှီး ငွေကျပ် ၁၀ ဘီလျံဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး စတင်တည်ထောင်ပြီး လပိုင်းအတွင်း မတည်ရင်းနှီးငွေကို ၂၇  ဘီလျံကျော် အထိတိုးမြှင့်ခဲ့သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာနှင့် ဈေးကွက်တံခါး စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်ပနိုင်ငံ အများအပြားက မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ရန် မျက်စိကျလာချိန်တွင် အမေရိကန်ပိတ်ဆို့ မှုစာရင်းတွင် ဆက်လက်ပါဝင်နေသည့် ဦးတေဇက ၎င်းပိုင်ဘဏ်ကို အများပိုင်ဘဏ် အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများကို ရှယ်ယာ ထည့်ဝင်စေခြင်းများ အပါအဝင် နီးစပ်သူများကို ရှယ်ယာ ထုတ်ရောင်းခြင်းဖြင့် အများပိုင်ဘဏ်အဖြစ် ထူထောင်ခဲ့သည့် ဘဏ်လည်းဖြစ်ပြီး လက်ရှိအချိန်တွင် ရှယ်ယာရှင် ၁၅၀၀ ရှိကြောင်း သိရသည်။
AGD ဘဏ်၏ ယခုနှစ် အခွန်ပေးဆောင်ပြီး အမြတ်ငွေမှာ ၈၄ ဒသမ ၄၃သန်းနှင့် ဗဟိုဘဏ်၏ သီးသန့် အရန်ငွေကြေး ထားရန်လိုအပ်ချက်ဖြစ်သော အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းအဖြစ် ကျပ် ၂၂ သန်းကိုနှုန်း ပယ်လိုက်ပါက ကျပ်သန်း ၆၀ သာ ကျန်ရှိကြောင်း၊ ယင်းကိုလည်း အခြားသော ရန်ပုံငွေများအဖြစ် ဆက်လက်ထားရှိခဲ့ရသဖြင့်  ကျပ် ၂ ဒသမ ၄၃ သန်းသာ အမြတ်ငွေအဖြစ် ကျန်ရှိပြီး ချန်ထား အမြတ်ငွေ အဖြစ်ထားရှိခဲ့ရကြောင်းလည်း အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးက ကြေညာခဲ့သည်။

Most Read

Most Recent