ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်တွင် နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ရုပ်သိမ်းကြောင်း ထုတ်ပြန်လိုက်သော်လည်း လတ်တလောတွင်မူ အဆိုပါ နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်အား ပိတ်သိမ်းခြင်းမှအပ မူလအတိုင်း ခွင့်ပြုပေးထားကြောင်း၊ တစ်ချိန်ချိန်တွင် မြန်မာကျပ်ငွေကို အသုံးပြုရမည် ဖြစ်သည့်အတွက် ကြိုတင်အသိပေးမှုအနေဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
“ လိုင်စင် ပြန်အပ်ခိုင်းလိုက်ပေမယ့် ကျန်တဲ့ တခြားလုပ်ငန်းတွေ အတွက်တော့ ဘာမှ စိုးရိမ်စရာမလိုပါဘူး။ အဓိက,က လိုင်စင် ရုပ်သိမ်းတယ်လို့သာ ပြောထားပြီး ဘယ်နေ့ကစပြီး နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို ကိုင်လို့မရတော့ဘူးလို့ မပါပါဘူး။ ဥပဒေအရ မလိုအပ်တော့ဘူးလို့ ယူဆတဲ့အတွက် ပြန်သိမ်းတာပါပဲ။ နောင်ကာလတစ်ခုမှာတော့ နိုင်ငံတော်အတွင်းမှာ ငွေပေးချေတာတွေကို ပြည်တွင်းသုံး ကျပ်ငွေနဲ့ပဲ သုံးရမယ်ဆိုတာကို Early Warning ပေးလိုက်တဲ့သဘောပါပဲ။ အဲဒီကာလတစ်ခုဟာ ဘယ်တော့လဲ ဆိုရင် နောက်မှ သင့်တော်တဲ့ အချိန်ကျမှပဲ ထပ်ပြီး ညွှန်ကြားချက်တွေ ထပ်ထုတ်မှာပါ။ ဘယ်သူ့ကိုမှ အခက်အခဲ ဖြစ်စေနိုင်တဲ့ ပြဿနာ တစ်ခုမှမပါပါဘူး” ဟု ဗဟိုဘဏ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
ယင်းကဲ့သို့ ပြည်တွင်းသုံးငွေဖြင့်သာ သုံးစွဲ ဆောင်ရွက်ရန် ထုတ်ပြန်ခြင်းမှာ Dollarization မဖြစ်ရန် လုပ်ဆောင်မည့် အစီအစဉ်ထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
“ အဲဒီအတွက် ငွေပေးချေ လုပ်ကိုင် ဆောင်ရွက်နေရတဲ့ သူတွေအနေနဲ့ လောလောဆယ်မှာ တွေးထားရမှာက နောင်ကာလတစ်ခုမှာတော့ ကျပ် ပဲသုံးရမယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဘာတွေပြင်ဆင်ရတော့မလဲဆိုတဲ့ Early Warning ပါပဲ။ ကျပ်ငွေနဲ့ပဲ သုံးရတော့မယ်ဆိုတဲ့ ညွှန်ကြားချက်ကတော့ တစ်ချိန်ချိန်မှာတော့ ထွက်လာမှာပါပဲ။ အဲဒီကြားမှာတော့ လိုအပ်တာတွေ ပြင်ဆင်ချိန်ရအောင် ဆောင်ရွက်သွားမှာပါ။
ဗဟိုဘဏ်အနေနဲ့ကတော့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ညင်ညင်သာသာနဲ့ ဖြတ်သန်းပြီးတော့ ထိုက်သင့်လုံလောက်တဲ့ အချိန်မှာ လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ထုတ်မယ်။ ပြည်သူလူထုနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေကို အသိပေးမယ်။ လိုအပ်တဲ့ ပြင်ဆင်ချိန်ကာလလည်း ပေးမယ်။ အားလုံး ညင်သာ ချောမွေ့စွာနဲ့ ကူးပြောင်းသွားတဲ့ အခြေအနေ တစ်ခုဖြစ်အောင် စနစ်တကျ ဆောင်ရွက်သွားမှာပါ” ဟု ဦးဝင်းသော်က ပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ဖြေလျှော့မှု အချို့ လုပ်ဆောင်ပေးခဲ့ပြီး ပြည်တွင်းတွင် နေထိုင်သူများ တရားဝင် နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ သို့မဟုတ် ယင်းနှင့်ညီမျှသော ငွေထက် မပိုသော အခြား နိုင်ငံခြားငွေများကို ခြောက်လအတွင်း ကိုင်ဆောင်ခွင့် ရှိသည်ဟူသော ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံခြား ငွေလဲကောင်တာ ၇၈၅ ခု ဖွင့်လှစ် ဆောင်ရွက်ပြီး ဖြစ်သောကြောင့်လည်းကောင်း၊ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ တရားဝင် ရရှိသူများသည် သတ်မှတ်ကာလအတွင်း နိုင်ငံခြားငွေကို ကိုင်ဆောင်နိုင်သကဲ့သို့ ဘဏ်တွင် စာရင်းအပ်နှံ ဖွင့်လှစ်နိုင် ကြောင်းလည်း သိရသည်။
အလားတူ နိုင်ငံခြားငွေ ကိုင်ဆောင်သော နိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် ၎င်းတို့၏ နိုင်ငံခြားငွေများကို ငွေလဲကောင်တာများတွင် လွယ်ကူစွာ ရောင်းချနိုင်ကြောင်း၊ နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်း ဆောင်ရွက်သည့် ပြည်တွင်းဘဏ် ၂၁ ဘဏ်နှင့် နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲ ကိုးခုအထိ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပြည်တွင်း၌ ရောင်းချသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် နိုင်ငံခြားငွေ ရယူပြီး နိုင်ငံခြားငွေ စုဆောင်းရန် မလိုအပ်တော့ကြောင်း သိရသည်။
“ မြန်မာကျပ်ငွေ သုံးပြီဆိုရင် တစ်ခုရှိတာက ဒေါ်လာနဲ့ ရောင်းတဲ့ ပစ္စည်းတွေကို ဝယ်တဲ့အခါမှာ ပေါက်ဈေးထက် အနည်းဆုံး ၁၀ လောက်ပိုပြီး တင်ထားတာ ရှိတယ်။ အဲလို မြန်မာကျပ်ငွေနဲ့သာ သုံးရမယ်ဆိုရင် ဒီထက်ပိုပြီး ဟပြီးတော့လည်း ယူနိုင်တယ်။အဲဒါဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ ဈေးကွက် ဈေးနှုန်းကို မခန့်မှန်းနိုင်တာမျိုး ရှိလာမယ်။ ရောင်းတဲ့သူကလည်း Rate တစ်ခုကို ကာဗာ ဖြစ်အောင်ဆိုပြီးတော့ ခွာပြီးတောင်းတာမျိုး ရှိလာမယ်။ ဒါဆိုရင် ကုန်ဈေးနှုန်းတွေ ပိုတက် သွားနိုင်တယ်” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)က ပြောကြားသည်။
အလားတူ အဆိုပါ လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများကို နိုင်ငံတကာမှ တင်သွင်း ရသည့်အတွက် ဒေါ်လာ လိုအပ်လာဦးမည်သာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ လိုအပ်လာမည့် ဒေါ်လာများကို ဗဟိုဘဏ်မှ သော်လည်းကောင်း၊ ပြည်တွင်းဘဏ်များမှ သော်လည်းကောင်း၊ ရောင်းချ ပေးနိုင်မည်လား ဆိုသည်မှာလည်း မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။
မကြာမီက ထုတ်ပြန်ခဲ့သော နိုင်ငံခြားငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင် ရုပ်သိမ်းမှုမှာ တစ်ချိန်ချိန်တွင် မြန်မာကျပ်ငွေကို သုံးရမည် ဖြစ်သည့်အတွက် အကြို သတိပေးမှု အနေဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူ ပြောကြား










