ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင်းရှိ ဝမ်ဆော့၊ ဟိုင်းပါကျေးရွာများတွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဗုံးများ ထပ်မံကွဲသဖြင့် ဝမ်ဆော့ဒေသခံများ ရာနှင့်ချီကာ မိုင်းရှူးမြို့တွင် ရောက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
မိုင်းရှူးမြို့ ဟိုင်းပါရွာ အနောက်ဘက် တံခွန်ရွာတွင်လည်း အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်း ၇ နာရီခွဲမှစ၍ တစ်နေကုန် ဖြစ်ပွားနေကြောင်း SSPP တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။
“မနေ့ကလည်း ပစ်နေတယ်။ မိုင်းနောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ထုပေးတယ်။ ရွာသားတွေ ဘာမှမယူနိုင်ဘဲနဲ့ အသက်လုပြီး ပြေးရတယ်။ ဒီနေ့မနက် အစောကြီးကနေ ဖြစ်နေတာ တစ်နေကုန်ပဲ။ စစ်ပြေး ဒုက္ခသည်တွေ ထောင်ချီရှိနေပြီ။ ရွာပေါင်း ၁၅ ရွာထက်မနည်း ပြေးနေရတယ်”ဟု SSPP တပ်ဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
မိုင်းရှူးမြို့အနီးရှိ ဝမ်လွေရွာ၊ မိုင်းအပ်ရွာ၊ ဝမ်ဆော့ရွာ၊ ဟွေမုန်ရွာ၊ ကုန်ကျိုင်းရွာ၊ နမ့်ပါမုန်း၊ ကုန်းနင်၊ ဖတ်ကီးရွာ၊ နောင်ခေတ်၊ နားပေ၊ နမ့်လန်၊ နမ့်ပူရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုကျေးရွာများအနီးရှိ ကားလမ်းမများအပေါ် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲကုန်သဖြင့် ရွာသားများက ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။ ဆက်လက်၍ ဗိုလ်မှူးကြီးစိုင်းလက “ မနေ့တုန်းက ၁၂၀ ၊ ၁၀၅ မမ အလုံး ၅၀ ကျော်လောက် လျှောက်ပစ်တယ်။ လက်နက်ကြီးတွေကြောင့်ပါ။တချို့ရွာတွေလည်း တိုက်ပွဲဖြစ်မှာ စိုးရိမ်လို့ပါ။ မိုင်းနောင်-မိုင်းရှူး ကားလမ်း အရှေ့ဘက်ခြမ်း တစ်လျှောက်လုံးကို ပစ်နေတယ်။ ဒီနေ့လည်း ပစ်နေတုန်းပဲ။ ရွာတွေကလူတွေ မနေရဲတော့ဘူးလေ။ ထွက်ပြေးပြီပေါ့” ဟု ပြောကြားသည်။
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဗုံးများ ထပ်မံကွဲသဖြင့် မိုင်းရှူးမြို့သို့ ရောက်ရှိလာသည့် ဝမ်ဆော့ဒေသခံများအား တွေ့ရစဉ်
“မနက်တုန်းက အသံတွေ ထပ်ကြားပြန်ပြီ။ မနေ့တုန်းကလည်း လက်နက်ကြီး အလုံးတစ်ရာလောက် ကျကွဲတယ်လေ။ ဝမ်ဆော့ဘက်က ဒေသခံရွာသားတွေ မနေရဲတော့လို့ ထွက်ပြေးလာကြတယ်။ ဝမ်ဆော့ဘက်မှာ ဝမ်လွေတို့ မိုင်းအတ်တို့ဘက်ကနေ ပြေးလာတဲ့ စစ်ရှောင် ၁၃၀၀ လောက်ကတော့ ပြေးစရာမရှိလို့ မပြေးရဘူး။ ရွာကလူတွေကတော့ မနေရဲလို့ လမ်းကောင်းတဲ့ မိုင်းရှူးကို ပြေးလာကြတယ်။ ဒီမနက်မှာတင် အများကြီးရှိနေပြီ။ တစ်ရာကျော်လောက်ပြီ။ ကလေးလေးတွေ သက်ကြီးရွယ်အိုတွေ ကြည့်ရတာ ရှင်သန်ရတာ ခက်ခဲပင်ပန်းလိုက်တာ” ဟု မိုင်းရှူးဒေသခံ နန်းဆိုင်ဟိန်းဟိန်းက ပြောကြားသည်။
ထိုကျေးရွာများတွင် တိုင်းရင်းသား ပေါင်းစုံနေထိုင်ကြပြီး ပလောင်လူမျိုး၊ ရှမ်းလူမျိုးများနှင့် လီဆူးလူမျိုး၊ မြောင်းဇီလူမျိုး၊ ယင်းလူမျိုးများရှိပြီး ဝမ်ဆော့တွင် လီဆူးနည်းနည်း ရှမ်းလူမျိုးများ နေထိုင်ကြကြောင်း၊ ဟိုင်းပါတွင် ပလောင် အများစုဖြစ်ကာ ရှမ်းလည်း တစ်ဝက်စီရှိကြောင်း၊ ပလောင်များကို ရွာလူကြီး၏ နေရာချထားမှုကြောင့် ကျေးရွာများတွင် တစ်အိမ်လျှင် တစ်မိသားစုဖြစ်စေ၊ နှစ်မိသားစုဖြစ်စေ နေထိုင်ကြကာ ဘုန်း တော်ကြီးကျောင်း ယာယီစခန်းများတွင် ရှမ်းလူမျိုးများ အများစု နေထိုင်ကြကြောင်း ဒေသခံများက ပြောကြားကြသည်။
မိုင်းရှူးမြို့နယ်ရှိ ဟိုင်းပါ ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင် ၁၃၀၀ နီးပါး၊ ဝမ် ဆော့တွင်လည်း ၁၂၀၀ နီးပါး၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ၂၀၀ နီးပါး၊ မိုင်းရှူးမြို့ထဲရှိ နေအိမ်များတွင်လည်း ၂၀၀ နီးပါး တောထဲသို့ ရှောင်ပုန်းနေကြသော တိုင်းရင်းသားများပါလျှင် စုစုပေါင်း ၃၀၀၀ ကျော် ၄၀၀၀ နီးပါး ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။ ထိုဒုက္ခသည်များအတွက် နေစရာ၊ စားစရာ များအပြင် ဆေးဝါးများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း ထိုဒေသတစ်ဝိုက်တွင် သွားလာကူညီနေသော ရှမ်းလူငယ်ကွန်ရက်က ပြောကြားသည်။
တိုက်ပွဲများကြောင့် ဗုံးဆန်များ ကွဲနေခြင်းကြောင့် ကူညီကယ်ဆယ်ရေးများကို အရမ်းမသွားကြရန်ကိုလည်း သတိပေးထားကြောင်း ရှမ်းလူငယ်ကွန်ရက်က စိုင်းဆုက ပြောကြားသည်။
မိုင်းရှူး အနီးနားတစ်ဝိုက်တွင် စစ်ကားများဖြင့် စစ်ကြောင်းထိုးထားသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။ ရပခ လက်အောက်ခံတပ်များမှ စစ်ကားများ အစီး ၃၀ ကျော်သည် လွန်ခဲ့သော ရက်ပိုင်းက စစ်အင်အား ဖြည့်တင်းထားပြီး ခိုလမ်ရှိ ရလခ တပ်မှနေ၍ အနီးကပ်ကြီးကြပ်ကာ တိုက်ပွဲ ဆင်နွဲလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။









