ထိုင်းနိုင်ငံ အခြေစိုက် Green Earth Power ကုမ္ပဏီမှ ၂၂၀ မဂ္ဂါဝပ် ထွက်ရှိမည့် အရှေ့တောင်အာရှတွင် အကြီးဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ၂၀၁၆ နှစ်ဦးပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။Green Earth Power ကုမ္ပဏီသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အောက်တိုဘာ ၁၇ ရက်က မဂ္ဂါဝပ် ၂၂၀ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။“နေရောင်ခြည်သုံး စွမ်းအင်က မြန်မာနိုင်ငံရဲ့ လတ်တလောနဲ့ အနာဂတ်အတွက် စွမ်းအင်လိုချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အဖြေတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံက လျင်လျင်မြန်မြန်နဲ့ တည်ဆောက်နိုင်ပြီးတော့ ရုပ်ကြွင်းလောင်စာတွေကိုလည်း မှီခိုစရာ မလိုပါဘူး။ ဒါကြောင့် ဈေးနှုန်းအတက်အကျလည်း မရှိပါဘူး။ ခုချိန်မှာ ကျောက်မီးသွေး စက်ရုံနဲ့ ပတ်သက်ပြီး ကန့်ကွက်ခံရတဲ့ အချိန်မှာ လျှပ်စစ်ဓာတ်အား လိုအပ်နေတဲ့ အချိန်မှာ ဒီနေရောင်ခြည်စွမ်းအင်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်” ဟု Green Earth Power ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်သီဟက ပြောကြားသည်။မင်းဘူးတွင် တည်ဆောက်မည့် အဆိုပါ စက်ရုံသည် ဟတ်တာ ၃၃၄ ကျယ်ဝန်းမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် စတင်ဆောက်လုပ်ပြီး တစ်နှစ်အတွင်း မဂ္ဂါဝပ် ၅၀ စတင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စုစုပေါင်း ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ထိုင်းနိုင်ငံ အခြေစိုက် Green Earth Power ကုမ္ပဏီမှ အမေရိကန် အခြေစိုက် Black & Veatch ကုမ္ပဏီအား စက်ရုံပုံစံနှင့် ဝန်ဆောင်မှု အကြံပေး လုပ်ငန်းများအတွက် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။“အရှေ့တောင်အာရှရဲ့ အကြီးဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၁၆ ပထမသုံးလပတ် အတွင်းမှာ တည်ဆောက်ရေး လုပ်ငန်းတွေကို စတင်မှာ ဖြစ်ပါတယ်” ဟု Black & Veatch ကုမ္ပဏီမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ညွှန်ကြားရေးမှူး Ric O'Connell က ပြောကြားသည်။Black & Veatch ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင်လည်း ၅၅ မဂ္ဂါဝပ် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုလည်း တည်ဆောက်ခဲ့ကြောင်း၊ အာရှဒေသတွင်း နိုင်ငံများတွင်လည်း နေရောက်ခြည်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဦးဆောင်လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။“မြန်မာအစိုးရ အနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လက်ရှိ မဂ္ဂါဝပ် ၂၅၀၀ ကနေ ၂၀၃၀ မှာ မဂ္ဂါဝပ် ၃၀၀၀၀ အထိ တိုးထုတ်ဖို့ ရည်မှန်းချက်ကို အခု စက်ရုံက အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပြန်ပြည့်မြဲ စွမ်းအင်အတွေ့အကြုံတွေ၊ ရေစွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာရှိတဲ့ အတွေ့အကြုံတွေ၊ ဒေသတွင်း အတွေ့အကြုံတွေက အခုအစိုးရရဲ့ မျှော်မှန်းချက်တွေကို ကောင်းစွာထောက်ပံပေးစေမှာပဲ ဖြစ်ပါတယ်” ဟု Black & Veatch ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Pitak Wangvara-ngkoon က ပြောကြားသည်။
ထိုင်းနိုင်ငံ အခြေစိုက် Green Earth Power က မဂ္ဂါဝပ် ၂၂၀ ထွက်ရှိမည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် စတင် ဆောက်လုပ်မည်










