အစိုးရ၏ဝင်ငွေ ကျဆင်းနေပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က GDP ၏ ၁၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိခဲ့ရာမှ လက်ရှိ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်း

အစိုးရ၏ဝင်ငွေ ကျဆင်းနေပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က GDP ၏ ၁၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိခဲ့ရာမှ လက်ရှိ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်း
Published 18 October 2015

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အစိုးရ၏ဝင်ငွေ ကျဆင်းနေပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် GDP ၏ ၁၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိခဲ့ရာမှ ၉ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ မကြာခင်က ထုတ်ပြန်ခဲ့သော Myanmar Economic Monitor တွင် ဖော်ပြထားချက်အရ သိရသည်။အစိုးရ၏ ဝင်ငွေသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် GDP ၏ ၁၀ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကာ ယခုနှစ်တွင် ၉ ဒသမ၉ သို့ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။အလားတူ အစိုးရ၏ အသုံးစရိတ်နှင့် ပတ်သက်၍လည်း ဖော်ပြထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် GDP ၏ ၁၁ ဒသမ၄ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၅ ဒသမ ၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်းနှင့် လက်ရှိဘဏ္ဍာနှစ်တွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။“ဒီနှစ်က အစိုးရဝင်ငွေ ကျတယ် ဆိုတာက သဘာ၀ ဓာတ်ငွေ့ကို တိုးထုတ်ပေမယ့်လည်း ဓာတ်ငွေ့ဈေးနှုန်းတွေက ကျနေတယ်။ တကယ်လို့ ဓာတ်ငွေ့ဈေးနှုန်းသာ မကျခဲ့ဘူးဆိုရင် ဒီနှစ်က အစိုးရဝင်ငွေ အများကြီး တက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်က သဘာဝဓာတ်ငွေ့ ဖြစ်နေတယ်။ ဒါကြောင့် စီးပွားရေး ကျဆင်းတဲ့ တချို့ Factor တွေက ပြည်ပကလာတဲ့ အကြောင်းတရားတွေ ဖြစ်နေတယ်။ ပြည်တွင်းမှာကျတော့ သွင်းကုန်တွေ များနေတယ်။ ဒေါ်လာဈေးတွေ တက်တယ်။ အဲဒီတော့ စားသုံးသူက ဈေးကြီးမိပြီး ဝယ်စားရတယ်။ ဒါကြောင့် မြန်မာငွေကြေးက ဖောင်းပွလာပါတယ်” ဟု စီးပွားရေး ပညာရှင် ဦးစိုးသိန်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၁ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ရရှိခဲ့ကြောင်း၊ အဆိုပါ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံမှထွက်သည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေပြီး စုစုပေါင်း ပို့ကုန် တင်ပို့မှု၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။“ပို့ကုန်ပိုင်းမှာ ဆိုရင်တော့ မြန်မာနိုင်ငံက တင်ပို့မှု အားကောင်းတာ ဆန်နဲ့ ပဲလောက်ပဲ ရှိမယ်။ အဓိက,ကတော့ ပဲပေါ့။ ဒီနေရာမှာ ကိုယ့်ငွေကြေးတန်ဖိုး ကျနေတဲ့ အချိန်အခါမှာ ပို့ကုန် များများ တင်ပို့နိုင်ဖို့ လိုတယ်။ ဥပမာ-ဂျပန်တို့ တရုတ်တို့ဆိုရင် သူ့ရဲ့ငွေကြေးကို တမင်တောင် ချထားရပါသေးတယ်။ ဂျပန်ဆိုရင် တစ်ဒေါ်လာကို အရင်တုန်းက ယန်း ၈၀ လောက်ကနေပြီး အခု ၁၁၉ လောက် ဖြစ်နေတယ်။ တရုတ်ဆိုရင်လည်း ယွမ်ငွေတန်ဖိုးကို အမြဲတမ်း ချထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပို့ကုန်ကို အဓိက တင်ပို့နေတဲ့ နိုင်ငံ ဖြစ်လို့ပါပဲ။ မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှု သိပ်မရှိဘဲ သွင်းကုန်ပဲ များနေတဲ့ အခါကျတော့ ငွေကြေးတန်ဖိုး ကျဆင်းတာဟာ ကိုယ့်နိုင်ငံအတွက် အားသာချက် မဖြစ်တော့ဘူး။ တစ်ခုရှိတာက ငွေကြေးတန်ဖိုး အရမ်းတက်တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး” ဟု ဦးစိုးသိန်းက ပြောကြားသည်။၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းခဲ့ကြောင်း၊ စုစုပေါင်း တင်ပို့မှု၏ ၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့နိုင်ခဲ့ရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် နှစ်သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း၊ ထက်ဝက်ကျော်မှာ တရုတ်နိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent