မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်ခဲ့တဲ့ မင်းသားကြီး စိန်မာဒင်ရဲ့မြေး မင်းသားကြီး မိုးဝင်းရဲ့သား၊ မင်းသားကြီး မိုးမင်းရဲ့တူ လက်ရှိ မြန်မာ့ ဇာတ်သဘင်လောကမှာ အောင်မြင်မှု အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသား ဟန်ဇာမိုးဝင်းရဲ့ ညီ မင်းသမီး တင်ဇာမိုးဝင်းရဲ့မောင်ဖြစ်တဲ့ ဇာတ်သဘင်ရဲ့ မျိုးဆက်သစ် မင်းသားတစ်ဦးကတော့ အဂ္ဂါမိုးဝင်းပါ။ ဇာတ်သဘင် မျိုးရိုးက ဆင်းသက်လာတဲ့ သဘင့်သွေးသားတစ်ဦးဖြစ်တဲ့ အဂ္ဂါမိုးဝင်းအနေနဲ့ ဇာတ်သဘင် အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှု ရရှိလာပြီ ဖြစ်တာကြောင့် သူ့ရဲ့အနုပညာ ခံယူချက်နဲ့ အနုပညာ ခြေလှမ်းတွေအကြောင်းကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ် . . .
မေး ။ ။အဂ္ဂါအနေနဲ့ ဒီဇာတ်သဘင် အနုပညာ လောကထဲကို ဘယ်တော့လောက်ကစပြီး ဝင်ခဲ့လဲ။
ဖြေ ။ ။ကျွန်တော် ပထမဆုံးစပြီး ဇာတ်ထဲ လိုက်ဖြစ်တာက ၂၀၁၁ လောက်ကပေါ့။ အဲ ဒီတုန်းကတော့ ဘာမှသိပ်ပြီး ဖျော်ဖြေတာတွေ မလုပ်ဖြစ်ခဲ့ဘူး။ သီချင်းနည်းနည်း ပါးပါး ဝင်ဆိုတာလောက်ပဲ ရှိခဲ့တာပါ။
မေး ။ ။ဇာတ်သဘင် လောကထဲကို ဘယ်လိုကြောင့် စပြီး ဝင်ခဲ့တာလဲ။ ဇာတ်သဘင်မှာရော ဘယ်လိုဖျော်ဖြေမှုတွေ စတင် ဖြတ်သန်းဖြစ်ခဲ့လဲ။
ဖြေ ။ ။အမှန်အတိုင်းပြောရရင်တော့ ဒီ ဇာတ်သဘင်ထဲကို ဝင်ဖြစ်ခဲ့တာက မိသားစုတွေကြောင့်ပါ။ ကျွန်တော်က အပြင်လူ တစ်ယောက်လိုပဲ အေးအေးဆေးဆေး နေချင်ခဲ့ တာ။ ကိုယ်တိုင်ကလည်း ဒီဇာတ်ထဲ မလိုက်ခင်တုန်းက ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တာ။ ဒါပေမဲ့ အစ်ကို နေမကောင်းဖြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ မိသားစုကို ဝင်ကူဖို့အတွက် ဒီဇာတ်ထဲကို စပြီး လိုက်ဖြစ်ခဲ့တာ ပါ။ ကိုယ်တိုင်က ငယ်ငယ်တည်းက ဒီဇာတ်သဘင်နဲ့ ရင်းနှီးခဲ့တယ်။ ဇာတ်သဘင်ကို မြတ်နိုးခဲ့တယ်။ ဝါသနာလည်း ပါခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က လူတွေအများကြီး ရှေ့ထွက်ရမှာမျိုးကို ရှက်တဲ့အခါကျတော့ ဒီအလုပ်တွေနဲ့ ဝေးဝေးနေခဲ့တာပါ။ ဒါပေမဲ့ ဒီထဲကိုပဲ ရောက်ဖို့ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ကလည်း ဒီဇာတ်သဘင်ကို လက်ဆင့်ကမ်း သယ်ဆောင်ရမယ့်သူတွေ ဖြစ်တာကြောင့် ဒီလောကထဲမှာပဲ သေချာ လုပ်ကိုင်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဇာတ်ထဲ စလိုက်တုန်းကတော့ ခေတ်ပေါ် စတိတ်ရှိုးပဲ ဆိုဖြစ်ခဲ့တယ်။ နောက်တော့ မြန်မာသံတွေပါ ဆိုတယ်။ ပြီးခဲ့တဲ့သဘင်ရာသီကစပြီး နှစ်ပါးသွားမှာပါ ပါဝင်ကပြ ဖြစ်ခဲ့တယ်။ ခုတော့ ပြဇာတ်တွေမှာပါ ပါဝင်သရုပ်ဆောင် ဖြစ်နေပါတယ်။ ကျွန်တော် မင်းသား ဝတ်စုံဝတ်ရတဲ့ ခံစားချက်ကိုတော့ အရမ်းကြိုက်တယ်။ မင်းသားဝတ်စုံဝတ်ပြီး နှစ်ပါးသွား ကရပြီဆိုရင် ပရိသတ်တွေရဲ့အားပေးမှုကလည်း ကျေနပ်စရာကောင်းသလို ကိုယ်တိုင်ရဲ့ခံစားမှုကလည်း လန်းဆန်းပြီး ခမ်းနား နေတယ်လို့ ခံစားရတယ်။ ကျွန်တော်နှစ်ပါးခွင် စကတုန်းကတော့ အမေရဲ့ တောင်းဆိုမှုကြောင့် အဖေပါဝင်ပြီး ကပေးခဲ့တော့ ကျွန်တော့်အတွက် အများကြီးလည်း အမှတ်တရဖြစ်ပါတယ်။
မေး ။ ။အဂ္ဂါအနေနဲ့ ဇာတ်ထဲကို စလိုက်တဲ့အခါမှာ ဘယ်အရာတွေက ကိုယ့်အတွက် အခက်အခဲဖြစ်လဲ။
ဖြေ ။ ။ဇာတ်ထဲစလိုက်တဲ့အခါ ကျွန်တော့်အတွက် အကြီးမားဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ဇာတ်စင်ပေါ်ကို တက်ရမှာ ကြောက်တာပဲ။ လူတွေအများကြီး ကြည့်နေ တဲ့ရှေ့မှာ ဖျော်ဖြေရမယ် ဆိုတာကြီးကိုက ကျွန်တော့်အတွက် ခက်ခဲခဲ့တာ။ ဒါကြောင့် စင်ပေါ်မှာ သီချင်းတွေ စဆိုရတုန်းကဆို ကျွန်တော် စင်နောက်မှာပဲ ကပ်နေခဲ့တာ။ ကျွန်တော့်နောက်မှာဆို LED Screen ပဲရှိတော့တယ်။ ကြောက်လို့လေ။ အဲဒီတုန်းကဆို စိုးရိမ်စိတ်တွေလည်း ရှိနေတော့ ပြုံးတာရယ် တာတွေလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ပရိသတ်တွေကတော့ အစ်ကို၊ အစ်မတွေ မျက်နှာနဲ့ အားပေးကြပါတယ်။ နောက်တော့လည်း ဆိုရင်းနဲ့ အဆင်ပြေသွားခဲ့ပါတယ်။
မေး ။ ။ခုချိန်မှာ ကိုယ်တိုင်က ဇာတ်သဘင် အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဇာတ်သဘင်ပညာရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လေ့လာ သင်ယူဖြစ်နေလဲ။
ဖြေ ။ ။ကျွန်တော်က ငယ်ငယ်ကတည်းက ကတာ ဆိုတာတွေက ဝါသနာပါခဲ့တာလေ။ ဒါပေမဲ့ လူကြောက်တဲ့စိတ်ကြောင့် ဒီအလုပ်နဲ့ဝေးခဲ့တာ။ ခုတော့ ဇာတ်သဘင် အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်တော့မယ် ဆိုတဲ့အခါ ဇာတ်သဘင်ပညာနဲ့ ပတ်သက်လို့ ကိုယ့်ဘက်က သိသင့်တာတွေ၊ တတ်သင့်တာတွေကို လေ့လာ သင်ယူပါတယ်။ မိသားစုတွေအားလုံးက သဘင်က ဖြစ်နေတဲ့အခါ ကျွန်တော့်အတွက် အမြဲတမ်း သင်ယူနေရသလိုလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်း မိသားစုတွေက အမြဲ ပြောပေးကြတယ်။ လက်ရှိမှာတော့ ကျွန်တော်နဲ့အတူ ဇာတ်ထဲမှာ အမြဲရှိနေတဲ့ အစ်ကိုနဲ့ အစ်မက ကျွန်တော့်ရဲ့ အနီးကပ်ဆရာတွေပေါ့။ နောက်ပြီး အကပိုင်းဆိုရင်လည်း ရွှေတံဆိပ်ဆုရှင် ကိုထက်ကိုကရော အဖေ၊ ဦးလေးနဲ့ အစ်ကိုတို့ကရော သင်ပေးကြပါတယ်။
မေး ။ ။ကိုယ့်ရှေ့က မိသားစုတွေရဲ့အောင်မြင်မှုကရော ကိုယ့်အတွက် ဘယ်လို အထောက်အပံ့ ဖြစ်စေလဲ။
ဖြေ ။ ။ကိုယ့်ရှေ့က အဖေ၊ ဦးလေး၊ အစ်ကိုနဲ့ အစ်မတို့ကြောင့်သာ ကျွန်တော့်ကို ပရိသတ်က စပြီးအားပေးခဲ့တာပါ။ သူတို့သာမရှိရင် ကျွန်တော်က ဘာကောင်မှ ဟုတ်ခဲ့မှာမဟုတ်ပါဘူး။ အားပေးတဲ့ ပရိသတ်တွေကြောင့်လည်း ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်။ အဲဒီလိုအထောက် အပံ့တွေက ကျွန်တော့်ကို အဆင်ပြေစေသလို အဲဒီလို အထောက်အပံ့တွေ အားပေးမှုတွေကြောင့်ပဲ ကိုယ်တိုင်မှာ အနုပညာအရည်အသွေး ပိုပိုပြီး ပြည့်ဝလာစေဖို့ အလုပ်တွေ ကြိုးစားလုပ်နေရင်း အမြဲကြိုးစားနေ ပါတယ်။
မေး ။ ။ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။
ဖြေ ။ ။ကျွန်တော့်အနေနဲ့ ဇာတ်သဘင် အနုပညာကို ချစ်မြတ်နိုးပြီး သဘင်အနုပညာ အမွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်သွားမှာပါ။ ကိုယ်တိုင်ကလည်း အနုပညာ အရည်အသွေး ပြည့်ဝစွာနဲ့ ပရိသတ်ကို ဖျော်ဖြေနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ခုချိန်ထိ ပရိသတ်နဲ့ စိမ်းသလို ဖြစ်နေတဲ့ ကျွန်တော့်ပုံစံက မာနကြီးတာမဟုတ်ဘဲ ကြောက်နေသေး လို့ပါဆိုတာကို ပရိသတ်တွေ နားလည်ပေးစေချင်ပါတယ်။ နောက်ပြီး မကြာမီ ကျင်းပတော့မယ့် တိုင်းပြည်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးကြဖို့ကိုလည်း ပရိသတ်တွေကို တိုက်တွန်းချင်ပါတယ်။









