အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများသို့ ခွင့်ပြုထုတ်ပေးခဲ့သော နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်များ အောက်တိုဘာ ၁၉ ရက်မှ စတင် ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများသို့ ခွင့်ပြုထုတ်ပေးခဲ့သော နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်များ အောက်တိုဘာ ၁၉ ရက်မှ စတင် ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်
Published 18 October 2015
အငယ်ထွေး၊ နီလာ

 အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများသို့ ခွင့်ပြု ထုတ်ပေးခဲ့သော နိုင်ငံခြား သုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်များအား လာမည့် အောက်တိုဘာ ၁၉ ရက် မှစတင်ကာ ရုပ်သိမ်း သွားတော့မည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် လိုင်စင်များကို ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အား ဗဟိုဘဏ်၏ ၂၀၁၅ ခုနှစ် မေ ၂၈ ရက်စွဲပါ စာအမှတ်၊ မဗဘ-၁/၁၁၁(FEMD) (၉၀၄/၂၀၁၅) ရည်ညွှန်းချက်ဖြင့်  နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် (Foreign Exchange Acceptor & Holdre License)) များ ရုပ်သိမ်းကြောင်း အောက်တိုဘာ ၁၃ ရက်စွဲ ဖြင့်ထုတ်ပြန် ကြေညာထားသည်။
နိုင်ငံတော်အတွင်း၌ ရောင်းချ ဝယ်ယူနေသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေများကို နိုင်ငံခြားငွေဖြင့် ပေးချေရခြင်းများကြောင့် ပြည်တွင်းတွင် ဒေါ်လာ သုံးစွဲမှု မြင့်တက်လာပြီး(doll arization) ဖြစ်လာကြောင်း၊ ဒေါ်လာ လိုအပ်ချက် မြင့်တက်လာခြင်း၊ ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍ လျော့ကျလာခြင်းတို့ကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ် ဖြစ်လာကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ မြန်မာကျပ်ငွေဈေးနှုန်း တည်ငြိမ်မှု လျော့ကျလာခြင်းသည် ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများ၊ ဆက်စပ် ဆောင်ရွက် လျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများနှင့်အဖွဲ့အစည်းများကို ပြည်တွင်းကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန်အတွက် အကြောင်းကြားစာများ ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်အတွင်း ကုန်ပစ္စည်းနှင့်ဝန်ဆောင်ခများအား ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန်ဖြစ်ပြီး ငွေသား ကိုင်တွယ် သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် ပြည်တွင်းသုံး Debit Card/Credit Cardများ၊ Internal Payment Card များနှင့် Online Payment System စာရင်းပြောင်းနည်းများ ဖြင့်လည်း ပိုမိုသုံးစွဲလာရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ခွင့်ပြု ထုတ်ပေးထားသော နိုင်ငံခြားသုံးငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင်များ ကိုင်ဆောင်ထားရန် မလိုအပ်တော့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာများကိုမူ ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊  Freight Forwarderများ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ အခြားကုမ္ပဏီများ (ဥပမာ-အချိုရည်နှင့် ယမကာ၊အမြန်ချောပို့၊ပိုးသတ်ဆေးဖျန်း၊ မီဒီယာအခန်းများ၊  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသောလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများအားလုံး)၊ အလားတူ အခြား လုပ်ငန်းများ ဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ စူပါမားကတ်၊ ဂေါက်သီးကလပ်များနှင့် နာရေးကူညီမှု လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများအားလုံး အကျုံးဝင်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်၏ လက်မှတ်ဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
ပြည်တွင်းတွင် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယင်းကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပြီး လက်ရှိပြည်တွင်း ဈေးကွက် ပေါက်ဈေးမှာ ကျပ် ၁၃၀၀ ဝန်းကျင်တွင် ရှိနေသော်လည်း အမျိုးမျိုး ပြောဆို မှုများရှိနေကြောင်းနှင့် အောက်တိုဘာ ၁၆ ရက် ဗဟိုဘဏ် ရည်ညွှန်းဈေးမှာ ၁၂၈၄ ကျပ် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent