နှစ် ၅၀ အတွင်း ပြည်တွင်းသို့ တရားမဝင် စီးဝင်ခဲ့သည့် ဒေါ်လာဘီလျံ များစွာမှာ အိမ်ခြံမြေဈေးကွက်သို့ အဓိက စီးဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်းရှိသည့် အနေအထား ရောက်ရှိရန် တရားမဝင် စီးဝင်နေသည့် ...

နှစ် ၅၀ အတွင်း ပြည်တွင်းသို့ တရားမဝင် စီးဝင်ခဲ့သည့် ဒေါ်လာဘီလျံ များစွာမှာ အိမ်ခြံမြေဈေးကွက်သို့ အဓိက စီးဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်းရှိသည့် အနေအထား ရောက်ရှိရန် တရားမဝင် စီးဝင်နေသည့် ...
Published 12 October 2015
ဖြိုးဝေ

နှစ် ၅၀ အတွင်း ပြည်တွင်းသို့ တရားမဝင် စီးဝင်ခဲ့သည့် ဒေါ်လာဘီလျံ များစွာမှာ အိမ်ခြံမြေဈေးကွက်သို့ အဓိက စီးဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်းရှိသည့် အနေအထား ရောက်ရှိရန် တရားမဝင် စီးဝင်နေသည့် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်မည်ဟုဆို
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် စီးဝင်ခဲ့သည့် အမေရိကန်ဒေါ်လာ များစွာသည် အိမ်ခြံမြေဈေးကွက် အတွင်းသို့ အဓိကစီးဝင်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်းရှိသည့် အနေအထားသို့ ရောက်ရှိရန် ထိုသို့တရားမဝင် စီးဝင်နေသည့် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်သည် ကျဆင်းမှုများ ဖြစ်နေပြီး အရောင်းအဝယ်များ ရပ်ဆိုင်းလု ဖြစ်နေသော်လည်း ဈေးနှုန်းများ သိသိသာသာ ကျဆင်းမှု မရှိခြင်း၊ စီမံကိန်းကြီးများ ရှိပါက လှုပ်ခတ်တတ်သည့် အိမ်ခြံမြေ ဈေးကွက်သည် ယခုလုပ်ဆောင်နေသည့် စီမံကိန်းကြီးများဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒလတံတား စီမံကိန်း အစရှိသည့် စီမံကိန်းများ ရှိနေသော်လည်း ထူးခြားသည့် ဝယ်ယူမှုမရှိခြင်း အစရှိသည့် အခြေအနေများမှာ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေသည့်  အခြေအနေများသာ ဖြစ်ကြောင်း မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။
၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၃ ခုကြား မြန်မာနိုင်ငံမှ တရားမဝင် ငွေကြေးစီးဝင်မှု ဒေါ်လာ ဘီလျံ ၉၀ ခန့်နှင့် စီးထွက်ငွေ ဒေါ်လာ ဘီလျံ ၁၉ ဝန်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က "Flight Capital and Illicit Financial Flows to and from Myanmar: 1960-2013" အမည်ဖြင့် စက်တင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
Global Financial Integrity အဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားမဝင် ငွေကြေးစီးဆင်းမှုကို သုတေသန ပြုလုပ်ဖော်ထုတ် နေသည့်အဖွဲ့ ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလျံ ၁၈ ဒသမ ၇ ဘီလျံ တရားမဝင် စီးထွက်သွားခဲ့ပြီး တိုင်းပြည် ဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းကာလအတွင်း တရားမဝင် စီးဝင်မှုအနေဖြင့် ၇၇ ဒသမ ၇ ဘီလျံ ရှိခဲ့ကြောင်း၊ အဆိုပါ ပမာဏ၏ တစ်ဝက်မှာ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ် ကြားတွင် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျမ်းမျှ ဂျီဒီပီ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း နှစ်စဉ်ရှိကြောင်း သိရသည်။
တရားမဝင် ငွေအများစုကို ကုန်သွယ်မှု လုပ်ငန်းတွင် ကုန်ပစ္စည်း အမှာစာများတွင် တန်ဖိုးလိုတိုး ပိုလျှော့ ပြခြင်းနည်းလမ်းဖြင့် နည်းပညာသုံးတဲ့ မှောင်ခိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် ငွေကြေးစီးထွက်မှု၏ ၅၄ ရာခိုင်နှုန်းနှင့် ငွေကြေးစီးဝင်မှု၏ ၈၂ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။  
“၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စောင့်နေကြတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက် အေးနေတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီရွေးကောက်ပွဲ ပြီးရင်တော့ အိမ်ခြံမြေဈေးကွက် ကောင်းလာမယ် မျှော်လင့်ပါတယ်။ အခု အချိန်ကတော့ မအီမလည်ကြီးနဲ့ သွားနေတယ်။ နှစ်ဆန်းပိုင်း တုန်းကဆိုရင် အိမ်ခြံမြေဈေးကွက် ပေါက်တော့မယ်ဆိုပြီး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ မပေါက်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီနှစ်မှာ ဆိုရင်လည်း အိမ်ခြံမြေ ဈေးကွက်က ထူးထူးခြားခြား ကျမသွားပါဘူး။ နောက်တစ်ခုက စီမံကိန်းတွေ၊ ဒီစီမံကိန်း တွေရှိရင် အိမ်ခြံမြေ ဈေးကွက်က အရောင်းအဝယ် ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်ထိ စီမံကိန်းရှိပေမဲ့ လှုပ်ခတ်မှု မရှိဘူးဆိုတော့ အိမ်ခြံမြေသည် ရွေးကောက်ပွဲကို စောင့်နေတယ်လို့ ပြောနိုင်ပါတယ်။ အိမ်ခြံမြေဈေးကွက်က ရွေးကောက်ပွဲ တစ်ခုတည်း အပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းကို ဝင်လာနေတဲ့ ငွေတွေအပေါ်မှာလည်း မူတည်နေတယ်။ GFI ပေါ့။ သူတို့ စောင့်ကြည့်ပြီး တွက်ချက်ထားတာရှိတယ်။ ၁၉၆၀ ပြည့်နှစ်ကနေ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတော်ကို အမေရိကန်ဒေါ်လာ  ၇၇ ဒသမ ၇ ဘီလျံအထိ တရားမဝင် စီးဝင်ခဲ့ပြီး မြန်မာနိုင်ငံက စီးထွက်သွားတဲ့ ငွေကြေးက ၁၈ ဒသမ ၇ ဘီလျံလောက်ရှိတယ်။ ဒီအတွက် မြန်မာနိုင်ငံ နစ်နာသွားတဲ့ အခွန်ပမာဏက ဒေါ်လာ ၂၀ ဘီလျံလောက်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ ဒီဒေါ်လာ ဘီလျံများစွာက ဘယ်ကဏ္ဍထဲကို စီးဝင်သွားလဲဆိုတာ ကျွန်တော်တို့ မှန်းလို့ရပါတယ်။ အားလုံးပြောနေ ကြသလိုပဲ ဒီငွေတွေအများစုက အိမ်ခြံမြေ ကဏ္ဍဆီကို စီးဝင်သွားပါတယ်။ ဒီရွေးကောက်ပွဲ ပြီးရင်လည်း အဲ့ဒီလို ငွေတွေက တရားမဝင် ဝင်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသလား။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ရင်တော့ အိမ်ခြံမြေဈေးကွက်က ပြင်းပြင်းထန်ထန်ကြီးနဲ့ ဆက်သွားနေမယ်။ ဒီအနေအထားကို ပိတ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ အများပြည်သူ ဝယ်ယူနိုင်တဲ့ ပုံမှန်ဈေးကွက် ဖြစ်လာမယ်” ဟု ဦးသန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် ၉၅ ရာခိုင်နှုန်းခန့်အထိ အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်နေပြီး လက်ရှိဝယ်ယူနေသူ များမှာလည်း အိမ်ခြံမြေဈေးကွက်ကို လက်ဝါးကြီးအုပ်၍ မြေဈေးကစားရန် ဝယ်ယူသူများသာ ဖြစ်နေကြောင်း တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုထွေးက သုံးသပ်သည်။
ယခုကဲ့သို့ အရောင်းအဝယ်အေးပြီး ဈေးနှုန်းကျဆင်း နေသော်လည်း မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊ မြေကို လက်ကိုင်ထားပြီး ကစားနေကြကြောင်း၊ နိုင်ငံခြားမှ အမှန်တကယ် လာရောက်ရင်းနှီး မြှုပ်နှံသူများအတွက် အခက်အခဲဆုံးနှင့် အကုန်အကျဆုံးမှာ မြေနေရာအတွက်ဖြစ်ပြီး  အခြားနိုင်ငံများတွင် မြေနေရာမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀ ဝန်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ ရှိနေဆဲ ဖြစ်ကြောင်းလည်း ဗြိတိန်အခြေစိုက် Savills မှ အကြီးတန်း မန်နေဂျာ Sushant Bihani ကပြောသည်။ လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် အနာဂတ်ဈေးနှုန်း အပြောင်းအလဲမှာလည်း ရွေးကောက်ပွဲနှင့် ကျင့်သုံးလာမည့် မူဝါဒများပေါ်တွင် မူတည်နေပြီး ယခုကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍ အကျပ်အတည်း ဖြစ်နေမှုမှာ မည်မျှကြာမြင့် မည်ဆိုသည်ကို ခန့်မှန်း၍ မဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ပူဖောင်းပေါက်တော့မည်ကို ပြီးခဲ့သည့်နှစ်နှစ်ကျော် ကတည်းက ကြိုတင်မြင်နေရကြောင်း၊ သို့သော်လည်း ဈေးကစား လိုသူများက ဆက်လက်ဝယ်ယူခဲ့ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍ၏ ဈေးနှုန်းဖြစ်ပေါ်လာမှုမှာ ဆက်စပ်၍ မရခဲ့ကြောင်း၊ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းမှာ ရှစ်ရာခိုင်နှုန်းဝန်းကျင် ရှိနေချိန်တွင် အိမ်၊ ခြံ မြေဈေးမှာ ရာခိုင်နှုန်း ၁၀၀ ဖြင့် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ထို့အချိန်တွင် ပိုမို အရောင်းအဝယ် လိုက်လာခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရခြင်း ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ဆိုသည်။     

Most Read

Most Recent