မြန်မာ့စီးပွားရေး ကျဆင်းနေ သကဲ့သို့ ရွေးကောက်ပွဲအလွန် စီးပွားရေးသည် အစိုးရသစ်၏ Good Governance ဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ် မူတည်မည်ဟု စီးပွားရေး နယ်ပယ်မှ သုံးသပ်

မြန်မာ့စီးပွားရေး ကျဆင်းနေ သကဲ့သို့ ရွေးကောက်ပွဲအလွန် စီးပွားရေးသည် အစိုးရသစ်၏ Good Governance ဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ် မူတည်မည်ဟု စီးပွားရေး နယ်ပယ်မှ သုံးသပ်
Published 11 October 2015
အငယ်ထွေး

မြန်မာ့စီးပွားရေး ကျဆင်းနေသကဲ့သို့ ရွေးကောက်ပွဲ ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်လာရန် အခွင့်အလမ်း နည်းနေဦးမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ အလွန်ကာလ၏ စီးပွားရေးသည် အစိုးရသစ်ဖြစ်ခြင်း မဖြစ်ခြင်းပေါ်တွင် မူတည်သွားမည် ဖြစ်ကြောင်း စီးပွားရေး အဝန်းအဝိုင်းမှ သုံးသပ်ကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုမူ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် နှစ်ရာခိုင်နှုန်း ကျဆင်းပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိမည်ဟု ဖော်ပြထားကြောင်း၊ သွင်းကုန်မြင့်တက်နေခြင်း၊ မြန်မာ ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျံမှုများကြောင့် ယင်းကဲ့သို့ စီးပွားရေး ကျဆင်းလာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
 ပြီးခဲ့သည့် ၂၀၁၄ -၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ဝင်ရောက်ခဲ့ပြီး လေးဘီလျံသာ ခန့်မှန်းသော်လည်း ၈ ဒသမ ၁ ဘီလျံ ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကမူ “မနှစ်က အခုလို ကာလတူကာလမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လောက်ပဲ ဝင်သေးတဲ့အတွက် ဒီနှစ်ကတော့ မနှစ်ကထက် ပိုသွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ အစဖြစ်တဲ့ ဧပြီလကနေ ပြီးခဲ့တဲ့ သြဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု ၃ ဘီလျံဝန်းကျင်ကို ရောက်ရှိခဲ့ပြီ” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “သီလဝါအထူး စီးပွားရေးဇုန်ရဲ့ ပထမအဆင့် အကောင်အထည် ဖော်နေမှု ပြီးသွားပြီဖြစ်လို့ ဒီနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 
“လက်ရှိအခြေအနေတွင် မြန်မာစီးပွားရေးသည် ကျဆင်းနေတယ်။ ပြီးခဲ့နှစ် မြန်မာစီးပွားရေးမှာ အဓိက မောင်းနှင်အား ဖြစ်သွားတဲ့ Real estate Sector သည်လည်း တော်တော်လေး ကျဆင်းနေပါတယ်။ အခုတော့ ဈေးကွက်မှာ ဝယ်မယ့်သူ မရှိသလောက်ပဲ” ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ရွေးကောက်ပွဲအပြီး မြန်မာ့စီးပွားရေး အလားအလာနှင့် ပတ်သက်လျှင်မူ “ကျွန်တော့်အမြင် တိုင်းပြည်ရဲ့ စီးပွားရေးကတော့ နည်းနည်းတော့ ပြောင်းမှာပါ။ တစ်ခါတလေ ကျတော့ ကျွန်တော်တို့က မရွေ့ဘူးလား ဆိုတော့ ရွေ့တယ်ပေါ့။ ရွေ့လားဆိုတော့ မရွေ့ဘူး အဲလိုဖြစ်နေတတ်တယ်။ အားမလို အားမရ ဖြစ်တာမျိုးလည်း ရှိမယ်။ နှေးတယ်ဆိုတာ မျိုးပေါ့၊ နှေးတာလည်း အမှန်ပဲ။ ရွေးကောက်ပွဲပြီးရင် အီကော်နော်မီ ကောင်းလာမလား ဆိုတာက ချမှတ်လိုက်တဲ့ ပေါ်လစီတွေ ပိုပြီးမှန်ရင်တော့ နည်းနည်းပိုကောင်း နိုင်တာပေါ့။ ဒါပေမဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီက ဘယ်လောက်ကောင်းမလဲ ဆိုတာလဲ အရမ်းကြီး ပြောလို့မရသေးဘူး” ဟု စီးပွားရေးပညာရှင် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲပြီးလျှင် အစိုးရ အပြောင်းအလဲ ဖြစ်မည်ဖြစ်ကြောင်း၊ အစိုးရပြောင်းသည်နှင့် အီကော်နော်မီကြီး ကောင်းလာမယ် ဆိုသည်မှာလည်း အမြဲတမ်း မမှန်နိုင်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် နောက်တက်လာမည့် အစိုးရကို ဖိအားပေးခြင်းနှင့် သွားတူသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အစိုးရ တစ်ခုက သူလုပ်နိုင်တဲ့ဟာက Governance ကောင်းအောင် လုပ်ရမယ်။ အဲ ဒါက အဓိကကျတဲ့ အချက်ပဲ။ စီးပွားရေး ကောင်းလာမလား ဆိုတာကို သိပ်မစဉ်းစားချင်ဘူး။ Governance ကောင်းအောင် လုပ်တယ် ဆိုကတည်းက လာတ်ပေး လာတ်ယူမှုတွေ ပပျောက်အောင်လုပ်မယ်။ Fair and Square ဖြစ်လာမယ်။ အဲဒါဆိုဆို စီးပွားရေးက လုပ်လို့ ပိုကောင်းလာမယ်။ ပိုကောင်းရင် တက်လာမှာပဲ” ဟုဆိုသည်။
တိုင်းပြည် တစ်ပြည်၏ စီးပွားရေး တိုးတက်ကောင်းမွန်မှုသည် အခြား external factor များနှင့်လည်း များစွာမူတည် နေသည်။ ယခုနှစ်တွင် သဘာဝဓာတ်ငွေ့ တိုးမြင့်တင်ပို့နိုင်သဖြင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မကျဆင်းခဲ့ပါက သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ဝင်ငွေများစွာ ရရှိနိုသော်လည်း ဈေးကျဆင်း နေသည့်အတွက် သိသာလှခြင်းမရှိပေ။၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်တွင် ရွေနှင့် ဇောတိက သဘာဝဓာတ်ငွေ့ သိုက်များမှ သဘာဝဓာတ်ငွေ့များ ထိုးပြီးထုတ်လုပ် ရောင်းချခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်းများ တိုးမြှင့်ရန် ရှိနေသောကြောင့် ဒေါ်လာဈေး ယခုထက် မာလာနိုင်သည် ဆိုသည့် သုံးသပ်ချက်များလည်း ရှိသည်။
“ရင်းနှီးမြှုပ်နှံသူတွေကို အခက်အခဲ ဖြစ်စေတာကတော့ အမေရိကန် ဒေါ်လာဈေး သိသိသာသာ မာနေတာပါ။ အထူးသဖြင့် ကျပ်နဲ့ နိုင်းယှဉ်လိုက်ရင် မာလွန်းနေပါတယ်။ အခြားငွေကြေးတွေလည်း အမေရိကန် ဒေါ်လာဈေးနဲ့ နှိုင်းယှဉ်ရင် ကျဆင်းတယ်။ ဒါကြောင့် ဒီလိုငွေကြေးတန်ဖိုး ကျဆင်းနေတာ ကလည်း ရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ရပ် ဖြစ်တယ်လို့  Bangkok ရဲ့ Executive Vice President ဖြစ်တဲ့ Kobsak Pootrako သူက မကြာသေးခင်က ပြောကြားခဲ့သည်။
“ကျွန်တော်ထင်တာတော့ ဒီကာလက စောင့်ကြသည့်တဲ့ ကာလဖြစ်လိမ့်။ ရှိပြီးရင်းနှီးမြှုပ်နှံ မှုတွေလည်း တကယ်လုပ်ငန်း လည်ပတ်တာမျိုးထက် စရန်စထားတာမျိုးလောက် ဖြစ်ဖို့များတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း အလုံးလိုက် အခဲလိုက် တစ်ခါဝင်လာတာ မျိုးလည်းမဟုတ်ဘူး။ ငွေသားတွေ လိမ့်ဝင်လာတာ မျိုးလည်း မဟုတ်ဘူး။ ပြီးတော့ Exiting နဲ့ Permitted နဲ့ ပြန်ကွဲသွားတာလည်း ရှိသေးတာကိုး” ဟု Thura Swiss ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာအောင်သူရက ပြောပြခဲ့သည်။ 
“မြန်မာ့စီးပွားရေးက အခုအချိန်မှာ ကျဆင်းနေတယ်။ ထုတ်လုပ်မှုကလည်း သိပ်မရှိဘူး။ နောက်ရင်းနှီး မြှုပ်နှံမှုတွေကလည်း ဒီကာလ အပိုင်းအခြားမှာ စောင့်ကြည့်နေကြမှာပဲ။ ဒါကြောင့် ဈေးကွက်ထဲမှာ ငွေလည်နေတဲ့ အိမ်ခြံမြေ ဈေးကွက်လည်း သေနေတယ်။ ဒီကြားထဲ ရာသီဥတု ဖောက်ပြန်မှု ရှိတယ်ဆိုတော့ စီးပွားရေးကျမှာ အမှန်ပဲလေ။ ရွေးကောက်ပွဲပြီးရင် ပြန်တက်မလား မတက်ဘူးလား ဆိုတာလည်း အခုအချိန်မှာ ဘယ်သူမှ မပြောနိုင်သေးပါဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
အလားတူ အမေရိကန်၏ အတိုးနှုန်း တိုးမြင့်မှုသည် အခြားဈေးကွက်များအပေါ် အန္တရာယ် ရှိလာနိုင်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှုသည် မြန်မာပို့ကုန် တင်ပို့မှုကို ထိခိုက်နိုင်ကြောင်း အာရှအရှေ့နှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အတိုးနှုန်း တက်ရင်တော့ အမေရိကန်ဒေါ်လာတန်ဖိုး ပိုတက်မှာပေါ့။ အမေရိကန် အတိုးနှုန်းက အခုက သုညနီးပါးလောက် ဖြစ်နေတယ်လေ။ သူက အတိုးနှုန်း တိုးမယ် တိုးမယ်ဆိုတာ ကြာပြီလေ။ နောက်ဆုံးတစ်ခေါက် တိုးမယ်ဆိုတာ မဖြစ်လိုက်ဘူး။ အခုနှစ်ကုန်လောက်တိုးမယ့် အလားအလာတော့ တွေ့ရတယ်။ ဒါကတော့ အမေရိကန်ဘဏ်တွေ ငွေဝင်လာအောင် အတိုးနှုန်းနဲ့ ဆွဲဆောင်တာပေါ့။ ဒါဆိုရင်လည်း ဒေါ်လာပိုဈေး တက်လာနိုင်တဲ့ အခြေအနေတွေရှိတယ်” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးဖြစ်သူ ဦးသန်းလွင်က သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့ အမေရိကန် ဒေါ်လာဈေး ပိုပြီးမာလာခြင်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်သည့် အခါတွင် ပိုပြီးအထိနာစရာ ရှိသည်။ တရုတ်နိုင်ငံသည် သူ၏ ယွမ်ငွေတန်ဖိုးကို ချထားခြင်းကြောင့် တရုတ်ကုန်စည်များ ဈေးနှုန်း သက်သက်သာသာဖြင့် အမေရိကန် ဈေးကွက်သို့ ဝင်ရောက်နေသည့်အတွက် ကုန်သွယ်မှုတွင် တရုတ်နိုင်ငံက တစ်ဖက်သတ် အနိုင်ရနေမှုများလည်း ရှိသည်။
“လက်ရှိအချိန်မှာ အတိုးနှုန်း တက်မယ် ဆိုပေမယ့် ဘယ်လောက်တက်မယ် ဆိုတာတော့ ခန့်မှန်းလို့ မရပါဘူး။ အမေရိကန်ကတော့ အတိုးနှုန်း ကစားပေမယ့် သိပ်တော့များမယ် မထင်ပါဘူး” ဟု ဦးသန်းလွင်က ထပ်မံသုံးသပ်ခဲ့သည်။
World Bank ကမူ လာမည့်လများတွင် အတိုးနှုန်းများ ပိုမိုမြင့်တက် လာမည်ဖြစ်ပြီး ထိုအခြေအနေသည် ဈေးကွက်အပေါ် အန္တရာယ် ရှိလာနိုင်ကြောင်း၊ ယင်းတို့မှာ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ငွေတိုက်စာချုပ် တန်ဖိုးမြင့်တက်ခြင်း၊ ပြည်ပငွေကြေး ရပိုင်ခွင့်များ ကျဆင်းခြင်း၊ ငွေဖြစ်လွယ်မှု ခက်ခဲခြင်းများ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာ ဒေါ်လာဈေးကွက်တွင်မူ အမေရိကန်ဒေါ်လာဈေး ဆက်လက်မာလျက် ရှိနေသည်။ အောက်တိုဘာ ၈ ရက် နိုင်ငံတကာ ဈေးကွက်ကို လေ့လာကြည့်ရာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ယူရို ၀ ဒသမ ၈၈၈ ဖြင့် လည်းကောင်း၊ ပေါင်စတာလင်ဖြင့် ၀ ဒသမ ၆၅၃ ဖြင့် လည်းကောင်း၊ အိန္ဒိယရူပီး ၆၅ ဒသမ ၀၅၂ ဖြင့် လည်းကောင်း၊ သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၃၉၃ ဖြင့်လည်းကောင်း၊ ကနေဒီယန်ဒေါ်လာ ၁ ဒသမ ၃၀၆ ဖြင့်လည်းကောင်း၊ ဂျပန်ယန်း ၁၁၉ ဒသမ ၉၀ ဖြင့် လည်းကောင်း ညီမျှနေခဲ့ကြောင်း သိရသည်။ ဈေးကွက်ကို လေ့လာပါက အမေရိကန် ဒေါ်လာသည် ဆက်လက် အားကောင်းနေခဲ့သည်။
အလားတူ ယခုနှစ် အရှေ့အာရှ၏ စီးပွားရေး တိုးတက်မှု နှုန်းသည်လည်း အနည်းငယ် ကျဆင်းလာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက် ခဲ့တော့သည်။ ထို့အတူ ယခုနှစ် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကိုမူ ခုနစ်ရာခိုင်နှုန်း လောက်သာ ရှိမည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် စားသုံးမှုနှင့် ဝန်ဆောင်မှုအပေါ် အခြေပြုသည့်အတွက် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားနိုင်သည်ဟုလည်း သုံးသပ်ထားသည်။       
“ဟိုတစ်လောကလည်း အတိုးနှုန်း တိုးမယ်ဆိုတော့ ဒေါ်လာဈေး မာလာတာပဲ။ တကယ်တမ်း မတိုးဖြစ်ဘူး။ အခုလည်း တိုးမယ်လို့ ကြားတယ်။ အမေရိကန် အီကော်နော်မီကလည်း သိပ်တက်နေတာမျိုး မဟုတ်တော့ အများကြီးတော့ မတိုးလောက်ဘူး ထင်ပါတယ်” ဟု စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောပြခဲ့သည်။
အလားတူ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော Myanmar Economic Monitor တွင်မူ တရုတ်နိုင်ငံ၏ လာမည့် နှစ်အတွင်း စီးပွားရေး ကျဆင်းလာနိုင်မှုသည် မြန်မာနိုင်ငံ အပေါ်တွင်လည်း ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းနေသော ရင်းနှီးကုန်သည်များ၏ ပမာဏမှာ မြင့်မားနေဦးမည် ဖြစ်ကြောင်း၊ မြန်မာဘက်မှသာ တင်ပို့မှု ကျဆင်းနိုင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဘက်မှ သဘာ၀ ဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာများ တင်သွင်းမှု ကျဆင်းသွားနိုင်ကြောင်း၊ အလားတူ လူသုံးကုန်ပစ္စည်း တင်သွင်းမှု ကျဆင်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံတွင် မကြာခင်က ဖြစ်ပေါ်ခဲ့သော စီးပွားရေး မတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံတွင် ကျောက်မျက် ရောင်းချရသည့် ငွေပမာဏ ကျဆင်းသွား ခဲ့သည်မှာ အကောင်းဆုံး သာဓက တစ်ခုဖြစ်ကြောင်း သုံးသပ်ပြထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပြုနေကြောင်း၊ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်ပို့မှု နှစ်သန်းနီးပါး ရှိခဲ့ကြောင်း၊ ယင်းအနက်မှ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံသို့ တင်ပို့မှုဖြစ်ကြောင်း သိရသည်။
အလားတူ ရင်းနှီးမြှုပ်နှံမှုတွင်လည်း လက်ရှိအချိန်ထိ အများဆုံး ဖြစ်နေသော နိုင်ငံဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent