ကော်ဖီခွက်တွေ အလျှံအပယ်နဲ့ ဖော်ဖော်ရွေရွေ ဧည့်ခံခြင်း၊ စစ်သားတွေနဲ့အတူ ဘောလုံးကစားစေခြင်းကနေ မျက်နှာ အဝတ်စည်းခြင်းနဲ့ အကျဉ်းထောင်ရဲ့ မည်းမှောင်တဲ့ နေရာတွေမှာ ထားခြင်းအထိ ထိုင်းအစိုးရက အတိုင်းအတာ ကျယ်ပြောလှတဲ့ နည်းဗျူဟာ တစ်ရပ်ကို ကျင့်သုံးလာပါတယ်။ သူတို့ရဲ့ အခေါ်အရကတော့ ဒါဟာ ဝေဖန်သူတွေကို ဆန့်ကျင် လှုပ်ရှားတဲ့ “သဘောထား ညှိယူရေး” လှုပ်ရှားမှုပါတဲ့။လွန်ခဲ့တဲ့နှစ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းစစ်တပ်ဟာ ရာပေါင်းများစွာသော နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေနဲ့ သာမန် အရပ်သားတွေကို သူတို့ရဲ့ သဘောထား ညှိယူရေး သင်တန်းတက်ဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီ သဘောထား ညှိယူရေး သင်တန်းဟာ ခုနစ်ရက်အထိ ကြာနိုင်ပါတယ်။အဲဒီ သဘောထားညှိယူရေး သင်တန်း တက်ခဲ့ရသူတွေထဲက အများစုဟာ နောက်တစ်ခါ ပြစ်မှု ထပ်မကျူးလွန်တော့ပါဘူးလို့ ခံဝန်ထိုးပြီးတဲ့နောက် ပြန်လွတ်လာပါတယ်။ အဲဒီထဲက လူအများအပြားဟာ ထပ်မံ ဆင့်ခေါ်ခံရပေမယ့် သူတို့ကို စစ်ဆေးမေးမြန်း သူတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးမှုကိုပဲ လုပ်ရပါတယ်။ထိုင်းစစ်တပ် ကိုယ်တိုင်က သူတို့ရဲ့ ဆင့်ခေါ်မှုကို ဖိတ်ကြားချက် တစ်ရပ်ထက် မပိုဘူးလို့ပဲ သုံးနှုန်းပါတယ်။ ဒါပေမဲ့ ဒီဖိတ်ကြားချက်ကို ဘယ်သူမှ ငြင်းဆိုလို့ မရနိုင်ပါဘူး။ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာရဲ့ စစ်အစိုးရဟာ အတိုက်အခံတွေကို နှိမ်နင်းရာမှာ ပိုပိုပြီးပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်လာကြောင်း မကြာသေးမီက အဖြစ်အပျက်များက ညွှန်ပြနေပါတယ်။ပင်တိုင် ဆောင်းပါးရှင်တစ်ဦးနဲ့ ဒေသခံ မီဒီယာတွေကနေ ထိုင်းစစ်အစိုးရကို ဆက်ပြီး ဝေဖန်သူ အနည်းအကျဉ်းထဲက တစ်ဦးဖြစ်တဲ့ ပရာဗစ်ရိုဂျာနာဖရောက်က သူရဲ့ မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းခံရမှုကို ပြန်ပြောပြတဲ့အခါ ချစ်ကြည်ရင်းနှီးယောင်ဆောင်မှုဟာ နောက်ဆုံးမှာ ကွာကျသွားပြီး သူ့ကို မျက်နှာအဝတ်စည်းလို့ အကျဉ်းထောင်ရဲ့ မည်းမှောင်တဲ့ နေရာကို ခေါ်သွားတယ်၊ အဲဒီမှာ ရန်လိုတဲ့ မေးခွန်းတွေကို အကြာကြီး ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။“နှိပ်စက်ညှဉ်းပန်းတာ မခံရပေမယ့် ကျွန်တော့်ဘဝမှာတော့ အဆိုးရွားဆုံး နှစ်ညနဲ့ နှစ်နေ့ပါပဲ” လို့ သူက ဆိုပါတယ်။ပရာဗစ်ကို စစ်တပ်က သီးခြားနေရာမှာ တစ်ယောက်တည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ သူ့ကို တနင်္ဂနွေနေ့မှာ ဖမ်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူ လူမှုမီဒီယာတွေမှာ ရေးခဲ့တဲ့ ကွန်မန့်တွေနဲ့ ပတ်သတ်ပြီး သူ့ကို အကြီးအကျယ် စစ်မေးခဲ့ကြပါတယ်။ဒါဟာ ပရာဗစ်အတွက်တော့ သဘောထားညှိယူရေး သင်တန်းတက်ဖို့ ဒုတိယမြောက် ဖိတ်ကြားခံရခြင်း ဖြစ်ပါတယ်။ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ ပရာဗစ်ဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် များမကြာမီမှာပဲ တခြားလူပေါင်း ၂၀၀ ကျော်နဲ့အတူ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရဖူးပါသေးတယ်။“ပထမဆုံး အကြိမ်တုန်းက ကျေနပ်ဖွယ် မဟုတ်တာတောင် ထူးထူးခြားခြား နှစ်လိုဖွယ် ဖြစ်ခဲ့ပါသေးတယ်” လို့ ပရာဗစ်က ပြန်ပြောပြပါတယ်။ အဲဒီတုန်းက လောလောလတ်လတ် ထုတ်ပယ်ခံထားရတဲ့ အရပ်ဘက် နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ လက်ထောက်တွေဆီကနေ ဝိုင်နဲ့ အစားအစာတွေ ရယူနိုင်ပြီး တခြား အဖမ်းခံထားရသူတွေနဲ့ မျှဝေသုံးဆောင်နိုင်တဲ့ အကြောင်း ပရာဗစ်က မှတ်မှတ်ရရ ပြန်ပြောပြပါတယ်။စက်တင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံရှေ့၌ ပြုလုပ်သော ဒီမိုကရေစီရေး ဆန္ဒပြမှုအတွင်း ကျောင်းသူတစ်ဦးကို ရဲများက ဝန်းရံထားစဉ် (Photo:AFP)
ပရာဗစ်က သူဟာ သူ့ကိုဖမ်းထားတဲ့ အရာရှိတွေနဲ့အတူ ဘောလုံးတောင် ကန်ခဲ့ရသေးတဲ့ အကြောင်းလည်း ပြောပြပါတယ်။“ပထမ အကြိမ်တုန်းကတော့ အတင်းအကျပ်လုပ်တဲ့ ပါတီပွဲလေး တစ်မျိုးပေါ့။ အခုတော့ ဒီပါတီပွဲက ပြီးဆုံးသွားပါပြီ” လို့ သူက ဆိုပါတယ်။၂၀၁၄ ခုနှစ် မေလ အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ ပါလီမန် အမတ်နှစ်ဦးဟာလည်း ပရာဗစ်နဲ့ တစ်ချိန်တည်း ဆင့်ခေါ်ခံခဲ့ရပါတယ်။ အဲဒီ အမတ်နှစ်ဦးထဲက တစ်ဦးကတော့ စွမ်းအင်ဝန်ကြီးဟောင်း ပီချိုင်းနာရစ်သာဖန်ဖြစ်ပြီး သူဟာ သတ္တမမြောက် ဆင့်ခေါ်ခံရတာပါ။အဲဒီ ဝန်ကြီးဟောင်းကို ဆင့်ခေါ်ခဲ့တာ ဒီတစ်ခါတော့ အလုပ်ဖြစ်သွားပါတယ်။ ဝန်ကြီးဟောင်းဟာ ဒီတစ်ခါ ပြန်လွတ်လာပြီးတဲ့နောက် စက်တင်ဘာ ၁၅ ရက်မှာ သူရဲ့ ကြေညာချက်ကို Facebook မှာ တင်ပါတယ်။ သူ့ ကြေညာချက်ကတော့ သူ့အနေနဲ့ ဘယ်အင်တာဗျူးကိုမှ လက်ခံဖြေဆိုခြင်း ပြုတော့မှာ မဟုတ်တဲ့ အကြောင်းပါပဲ။စစ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဗာရီးက သူတို့သုံးယောက်ကို ဖမ်းတာဟာ ငြိမ်းချမ်းရေးနဲ့ အမိန့်အာဏာ ထိန်းသိမ်းရေးအတွက် စစ်အစိုးရက ချထားတဲ့ လမ်းညွှန်ချက်နဲ့ မညီတဲ့ အချက်အလက်တွေ တင်ပြခဲ့လို့ပါတဲ့။မကြာသေးခင်က ဖိတ်ကြားခံရမှုမှာ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေ စွပ်ထားတဲ့ အရာရှိတွေက သူ့မျက်နှာကို အဝတ်စည်းလိုက်ပြီး ဘန်ကောက်မြို့ကနေ ကားနဲ့ ဘယ်မှန်းမသိတဲ့ နေရာကို မိနစ် ၉၀ ကြာ မောင်းပြီး ခေါ်သွားတယ်လို့ ဆိုပါတယ်။အဲဒီနေရာက အပူချိန်မြင့်ပြီး အသက်ရှုကျပ်တာမို့ စစ်ဆေးမေးမြန်းမှု ပြုလုပ်ချိန်မှာ သူ့ကို လေကောင်းလေသန့်ရတဲ့ နေရာမှာ ထားဖို့ တောင်းဆိုလိုက်တော့ သူ့မျက်နှာကို အဝတ်စည်းလိုက်ပြီး အကျဉ်းခန်းထဲကနေ ထုတ်လို့ စင်္ကြံလမ်းကို ရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ပရာဗစ်က ခံဝန်တစ်ခု လက်မှတ်ရေးထိုး ပေးလိုက်တော့မှ ပြန်လွတ်လာတာလို့ ဆိုပါတယ်။ အဲဒီ ခံဝန်မှာ စစ်အစိုးရ ဆန့်ကျင်မှုကို ဦးဆောင်ခြင်း ဒါမှမဟုတ် ပါဝင်ပတ်သက်ခြင်း မပြုတော့ပါဘူးလို့ ကတိပေးရပါတယ်။ အရာရှိတွေက နောက်တစ်ကြိမ် ချိုးဖောက်ရင် ပြစ်မှုကြောင်းအရ တရားစွဲဆို ခံရမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ဖမ်းဆီးထိန်းသိမ်းမှုတွေကို စောင့်ကြည့်တဲ့ ဒေသခံ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iLaw ရဲ့ အဆိုအရ စစ်အာဏာသိမ်းလိုက်တဲ့ အချိန်ကနေ သြဂုတ်လကုန်အထိ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ သဘောထားညှိယူရေး သင်တန်းတက်ဖို့ ဆင့်ခေါ်ခံရသူပေါင်း ၇၈၂ ဦးရှိကြောင်း သိရပါတယ်။ အဲဒီစာရင်းထဲမှာ အကြိမ်ကြိမ် ဆင့်ခေါ်ခံရသူတွေ ပါသလို စစ်သားတွေကိုယ်တိုင် အိမ်တိုင်ရာရောက် လာခေါ်ခံရတဲ့ သူတွေလည်း ပါပါတယ်။“သဘောထား ညှိယူရေးဆိုတဲ့ ခြိမ်းခြောက်မှုက ဒီမှာ အမြဲတမ်း ရှိနေပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ပိုပြီး ပြင်းထန်လာသလို ခံစားရပါတယ်” လို့ iLaw အဖွဲ့က အမည်မဖော်လိုတဲ့ သုတေသနပြုသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ချူလာလောင်ကွန်း တက္ကသိုလ်က ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူ ပူအန်သွန်ပါဝါကာပန်က “ပိုပြီးပြင်းထန်တဲ့ နည်းနာတွေကတော့ လူထုကို မက်ဆေ့ချ်တစ်ရပ် ပေးလိုက်တာပါပဲ။ အဲဒီမှာ စစ်အစိုးရက သူ့ကို ဝေဖန်နေသူတွေကို နောက်ဆုံးအကြိမ်တုန်းကလို ဆက်ပြီး သက်ညှာနေမှာ မဟုတ်တော့ဘူးလို့ ဆိုထားပါတယ်” လို့ ဆိုပါတယ်။ သူဟာလည်း သဘောထားညှိယူရေးသင်တန်း တက်ခဲ့ရသူ တစ်ဦးပါ။“သူတို့က ကျွန်မကို လေးလေးစားစား ဆက်ဆံပါတယ်။ ဒါပေမဲ့ စစ်ကြောရေးခန်းထဲက ခြိမ်းခြောက်မှုတွေကတော့ သိသာထင်ရှား အားကောင်းနေဆဲပါပဲ” လို့ သူက ဆိုပါတယ်။အရှေ့တောင်အာရှ ရေးရာဌာန ညွှန်ကြားရေးမှူးနဲ့ ထိုင်းဗိုလ်ချုပ်ကြီးများအကြောင်း ကျွမ်းကျင်သူ ပေါချမ်ဘာကပရာဗစ်ကို ဆက်ဆံခဲ့ပုံဟာ ထိုင်းစစ်တပ် အနေနဲ့ ပျော့ပျောင်းတဲ့ နည်းဗျူဟာကနေ ကြောက်လန့်အောင် ခြိမ်းခြောက်ခြင်းဆိုတဲ့ ဆီကို ရွှေ့လိုက်တဲ့ အရွေ့သစ် တစ်ရပ်ကို ထောက်ပြနေတယ်လို့ ဆိုပါတယ်။










